မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် လှေတစီးပေါ်မှ ရူပီး ကုဋေ ၃၀၀ တန်ဖိုးရှိ(အမေရိကန် ဒေါ်လာ ၄၂ သန်းခန့်) ICE မူးယစ် ဆေးဝါးများနှင့် မြန်မာ ၆ ဦးအား ဖမ်းမိထားကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန် သည်။
မူးယစ်ဆေး တင်ဆောင်လာသည့် လှေအား အိန္ဒိယပိုင် နီကိုဘာကျွန်း အနီးတွင် ကင်းထောက် လေယာဉ်က စတင် တွေ့ရှိ ခဲ့ပြီးနောက် ကမ်းခြေစောင့်တပ်က လိုက်လံ တားဆီး၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး လှေပေါ်ပါ ဂုန်နီအိတ် ၅၇ လုံး အတွင်းမှ GUAN YIN WANG တံဆိပ်ပါ လက်ဖက်ခြောက် ထုပ်များဖြင့် ထုပ်ပိုးထားသည့် ICE ၁၁၆၀ ကီလိုဂရမ် အား ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးထားသူ ၆ ဦးမှာ အောင်နိုင်၊ သန်းဝင်း၊ ဝင်းကိုကို၊ မင်းအောင်၊ ကျော်စိုးဦးနှင့် လင်းလင်းထွန်း ဆိုသူတို့ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် မူးယစ်ဆေးများအား ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ ရေပိုင်နက် နယ်စပ်တွင် အခြား လှေ တစင်းသို့ လွှဲပြောင်းပေးရန် မြန်မာနိုင်ငံမှ စက်တင်ဘာ ၁၄ ရက်တွင် စတင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများအား ပို့ဘလဲယား ဆိပ်ကမ်းသို့ ခေါ်ဆောင်လာပြီး ဖမ်းဆီး ချုပ်နှောင်ထားကာ ဆက်လက် စစ်ဆေးလျက်ရှိသည်ဟု ဆိုသော်လည်း အသေးစိတ် အချက်အလက်များအား သတင်း ထုတ်ပြန်ခြင်း မရှိ သေးပေ။
ဖမ်းမိခဲ့သည့် စက်လှေမှာလည်း ပို့ဘလဲယား ဆိပ်ကမ်းသို့ ခေါ်ဆောင်လာစဉ် နစ်မြုပ်ခဲ့ကြောင်း အိန္ဒိယကမ်းခြေ စောင့် တပ်ဖွဲ့က ဆိုထားသည်။
မလေးရှားနိုင်ငံ စီမရစ်မြို့ ကုန်လှောင်ရုံအတွင်း မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် ကွန်တိန်နာအတွင်းမှလည်း တရုတ် လက်ဖက်ခြောက်ထုပ်ဖြင့် ထုပ်ပိုးထားသည့် ဒေါ်လာ ၁၈ သန်းခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးများအား ၂၀၁၈ ခုနှစ် မေလ ၂၂ ရက်က ဖမ်းမိခဲ့ပြီး ကွင်းဆက် အနေဖြင့် မောင်မောင်(ခ) Hj Yassin အပါအဝင် ၄ ဦး အား မြန်မာ ရဲတပ်ဖွဲ့ က ဖမ်းဆီး တရားစွဲဆိုထားသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်ကလည်း GUAN YIN WANG နှင့် Refined Chinese Tea တံဆိပ်ပါ တရုတ် လက်ဖက် ခြောက် အိတ်များဖြင့် ထုပ်ပိုးထားသည့် ICE မူးယစ်ဆေး ၁၇၃၇ ကီလိုဂရမ်(တန်ဖိုးကျပ် ၄၃ ဘီလီယံ ကျော်) တင်ဆောင် လာသည့် လှေတစင်းအား တနင်္သာရီ ကမ်းရိုးတန်း၊ မြောက်တော်ဝင်ကျွန်း အနောက်ဘက် မြန်မာ့ ပင်လယ် ပြင်တွင် တပ်မတော်ရေက ဖမ်းမိခဲ့သည်။
ယင်းအမှုတွင် မူးယစ်ဆေးများအား မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ရေပြင်ပိုင်နက် နယ်စပ်သို့ တဦးလျှင် ကျပ် ၁၀ သိန်းဖြင့် ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း လှေပေါ်ပါသူ ၇ ဦးက ထွက်ဆိုခဲ့ပြီး ရခိုင်ပြည်နယ် ဂွမြို့နယ် ဆတ်သွား ကျေးရွာ တွင် နေထိုင်သူ စက်လှေပိုင်ရှင် ဒေါ်မိုးမိုးအား ဖမ်းမိခဲ့သော်လည်း မူးယစ်ဆေး ပို့ဆောင်ခိုင်းသူ တင်ဆန်းဦး ဆိုသူအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၂၆ ရက်ကလည်း ကျပ် ၃၁ ဘီလီယံခန့် တန်ဖိုးရှိ ICE ၁၂၃၈ ကီလိုဂရမ် သယ်ဆောင်လာသည့် စက်လှေ တစင်းအား တနင်္သာရီကမ်းရိုးတန်း၊ သံကျွန်းအနောက်ဘက် မြန်မာ့ပင်လယ်ပြင်တွင် တပ်မတော်ရေက ထပ်မံဖမ်းမိ ခဲ့ပြီး မော်လမြိုင်မြို့နေ ဇော်ဦးဆိုသူမှ ထိုင်းနိုင်ငံပိုင်ရေပြင် အနီးရှိ တခြားလှေတစင်းထံသို့ ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း လှေပေါ်ပါသူများက ထွက်ဆိုခဲ့သည်။
တရုတ်လက်ဖက်ခြောက် တံဆိပ်ဖြင့် ထုပ်ပိုးထားသည့် မူးယစ်ဆေးများအား ရှမ်းပြည်နယ်အတွင်း မြန်မာ-ထိုင်း နယ်စပ် ဒေသများနှင့် မြန်မာ့ပင်လယ်ပြင်တို့တွင် မကြာခဏ ဖမ်းဆီးရမိလေ့ရှိပြီး အမှုများမှာ ယေဘုယျအားဖြင့် ဆက်စပ်မှုများ ရှိနေကြောင်း ရှမ်းပြည်နယ် မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးကြီးတဦးက ပြောထားသည်။
ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲကျေးရွာအနောက်ဘက် မီတာ ၁၀၀၀ ခန့် အကွာတွင် ICE မူးယစ်ဆေးချက်စခန်းတခုအား တပ်မတော်က ဖမ်းဆီးခဲ့ပြီး တရုတ်လက်ဖက်ခြောက် တံဆိပ်ပါ အိတ် ခွံများ၊ မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းခဲ့သည်။
တပ်မတော်၏ မူးယစ်ဆေး ဖမ်းဆီးမှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၅ ရက်အထိ ICE မူးယစ်ဆေး ၅၀၆၉.၉၁၂ ကီလို အပါအဝင် စုစုပေါင်း ကျပ် ၂၁၇.၈၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
ပုလောမြို့နယ် မလိကျွန်းအနီး မျောပါနေသည့် ICE မူးယစ်ဆေးများ ပိုင်ရှင်မဲ့တွေ့ရှိ
ကျောင်းသား လူငယ်များကြား မူးယစ်ဆေး ပျံ့နှံ့နေမှု ဖြေရှင်းရန် လွှတ်တော်တွင် အဆိုတင်
မူးယစ်ဆေးဂိုဏ်းမှ ထိုင်း ၁၃ဦးကို ဝတပ်ဖွဲ့မှ တပ်မတော်သို့ လွှဲပြောင်းပေး