ရခိုင်ပြည်နယ် စစ်တွေမြို့လယ် ဝင်္ကဘာကွင်း၌ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး သတ်ဖြတ် ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးတရားစွဲခံနေရသည့် ရခိုင်လူငယ် ကိုရဲကျော်သူ(ခ) ရဲဇော်ကို ယနေ့ စစ်တွေခရိုင် တရားရုံးမှ သက်သေမခိုင်လုံသည့်အတွက် အပြီးသတ်လွတ်ပေးလိုက်သည်။
အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ဒီနေ့ ကိုရဲကျော်သူ လွတ် ပါတယ်။ တရားသူကြီး အမိန့်ချတာက တရားလိုပြသက်တွေရဲ့ ထွက်ချက်တွေဟာ ပြစ်မှုကျုးလွန် ကြောင်း ခိုင်ခိုင်လုံလုံ မတင်ပြနိုင်တဲ့အတွက် သူကို အပြစ်ပေးဖို့ မသင့်ဆိုပြီးတော့ အမှုက အပြီး အပြတ်လွတ်ဖို့ အမိန့်ချလိုက်တာပါ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ဝင်္ကဘာကွင်းတွင် စရဖ တပ်ဖွဲ့ဝင် ကိုဖိုးလုံး (ခ) ဝင်းထိုက်မှာ မိသားစုနှင့်အတူ ပွဲဈေးတန်းတွင် ဈေး ဝယ်နေစဉ် အမည်မသိ သေနတ်သမားတဦးက သေနတ်ဖြင့် လုံကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး၊ ထိုအမှုနှင့် ပတ်သက်၍ ရခိုင် လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံ ရခိုင်လူငယ် ၄ ဦးမှာ ရခိုင်အမျိုသားပါတီမှ ကိုမေယုထွန်း(ခ)ဇော်ဝင်း၊ ကိုအောင်ချေ(ခ) အောင်ဇော်လင်း၊ ကိုခိုင်ဘိုဘို(ခ) ခိုင်သော်တို့ ၃ ဦးကို ပထမ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကိုရဲကျော်သူ (ခ) ကိုရဲဇော်ကိုမူ ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့တိုင်းရင်းသားကျေးရွာ၌ ကျင်းပနေသည့် ရခိုင် ပြည်နယ်နေ့ အခမ်းအနားတွင် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရခိုင်လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က လူသတ်မှု ပုဒ်မ ၃၀၂၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် ကိုဖိုးလုံး၏ဇနီးဖြစ်သူ မမွှေးဇာနည်အောင်က တရားလို လုပ်ကာ စစ်တွေခရိုင်တရားရုံးတွင် ဇန်နဝါရီလ ၁၄ ရက်နေ့က တရားစွဲ ဆိုခဲ့သည်။
ကိုမေယုထွန်း (ခ) ဇော်ဝင်း၊ ကိုအောင်ချေ (ခ) အောင်ဇော်လင်း၊ ကိုခိုင်ဘိုဘို(ခ) ခိုင်သော်တို့ ၃ ဦးကို တရားလိုဘက် မှ စွပ်စွဲထားသည့် အချက်အလက်များ ခိုင်လုံမှု မရှိသဖြင့် စစ်တွေခရိုင်တရားရုံးမှ ဇူလိုင်လ အတွင်းက စွဲချက်မတင်ဘဲ ပြန်လွတ်ပေးခဲ့ကာ ကိုရဲကျော်သူ (ခ) ရဲဇော်ကိုမူ အမှုအပေါ် ထုချေရန် လိုအပ်သည့်အတွက် လူသတ်မှု ပုဒ်မ ၃၀၂ ( ၂ ) အရ စွဲချက်တင်ပြီး ဆက်လက် စစ်ဆေး ရာ ယနေ့ အပြစ် မရှိကြောင်း အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
စစ်တွေ၌ စရဖ တပ်ဖွဲ့ဝင် တဦး ပစ်သတ်ခံရ
စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု ANP လူငယ်တဦး ဖမ်းဆီးခံရ
စရဖတပ်ဖွဲ့ဝင် အသတ်ခံရမှုဖြင့် ဖမ်းဆီးခံ ရခိုင်လူငယ်များအား ချုပ်ရက် ရမန်ထပ်ယူ
စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု ရခိုင် လူငယ် ၄ ဦးကို လူသတ်မှုဖြင့် တရားစွဲ
စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု သေဆုံးသူ၏ဇနီးကို စတင် စစ်ဆေး