ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ် တောင်ပိုင်းကို ဆက်သွယ် ပေးထားသော ဘုရားသုံးဆူ နယ်စပ်ဂိတ် အနီးတွင် စခန်းတခု တည်ထောင်ရန် ကြိုးစားခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခွဲထွက် အဖွဲ့တခုနှင့် ဒေသခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA) အဖွဲ့ဝင်များကြား စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များက တိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း နယ်စပ် သတင်းရင်းမြစ်များက ပြောသည်။
DKBA ခွဲထွက်အဖွဲ့၏ ခေါင်းဆောင်တဦး ဖြစ်သော ဗိုလ်မှူးကြီး စောဆန်းအောင်က မွန်ပြည်သစ်ပါတီ(NMSP) ၏ တိုက်ခိုက်ရေးအဖွဲ့ ဖြစ်သော MNLA က သူ၏ စခန်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် အချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု ဧရာဝတီသို့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ တပ်စခန်းကို ဖယ်ရှားပေးဖို့ သူတို့က ကျနော်တို့ကို အစောပိုင်းတုန်းက တောင်းဆိုခဲ့ပါတယ်။ ကျနော်တို့က အဲဒါကို ၂၄ နာရီအတွင်း လုပ်ပေးဖို့ သူတို့က ပြောတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မြေပြင်တပ်ဖွဲ့တွေက အဲဒါကို အချိန်မီ မလုပ်နိုင်ခဲ့ဘူး။ အဲဒီတော့ သူတို့က ကျနော်တို့ကို တိုက်ခိုက်ခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
တိုက်ခိုက်မှုများ မတိုင်မီတွင် MNLA ခေါင်းဆောင်များက သူ့အဖွဲ့နှင့် တွေ့ဆုံ၍ စခန်းဖယ်ရှားရန် နောက်ဆုံးအချိန်ကို သတ်မှတ်ပေးပးခဲ့သည်ဟု သူက ဆိုသည်။
“သူတို့က ကျနော်တို့ လက်နက်တချို့ကို သိမ်းသွားတယ်။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ အဖွဲ့ဝင် အချို့ အဖမ်းခံခဲ့ရပါတယ်” ဟု စောဆန်းအောင်က ပြောသည်။
DKBA ခွဲထွက် အဖွဲ့ကို ဗိုလ်မှူးကြီး စောဆန်းအောင်နှင့် ဗိုလ်မှူးကြီး စောကျော်သက်တို့က ဦးဆောင်သည်။ ၎င်းတို့သည် မူလက ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသတွင် အခြေစိုက်ခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ကရင် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထိုဧရိယာမှ ထွက်ခွာခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှု နောက်ပိုင်းတွင် အဖွဲ့ဝင် အချို့က ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရွှေ့ပြောင်းသွားခဲ့ပြီး အချို့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်သည့် ဧရိယာများတွင် ပုန်းအောင်းနေကြသည်။
ယခု DKBA ခွဲထွက်အဖွဲ့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင်လည်း ပါဝင်သော်လည်း ယခုအချိန်အထိ တင်းပြည့်အဖွဲ့ဝင် မဟုတ်သေးပါ။
MNLA မှ ဗိုလ်ကြီးတဦးဖြစ်သည့် နိုင်အာကာက သူ၏ လက်နက်ကိုင်အဖွဲ့ က DKBA ခွဲထွက် အဖွဲ့နှင့် ထိတွေ့မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း Karen News သို့ အတည်ပြု ပြောကြားခဲ့သည်။
DKBA အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးခဲ့၍ သေနတ် ၁၁ လက်ကို သိမ်းဆည်းခဲ့ကြောင်း အမည်မဖော်လိုသည့် MNLA သတင်းရင်းမြစ်တခုက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ပါတီက သူတို့ကို ပြန်လွှတ်ပေးပြီးပြီလို့ ကြားရပါတယ် ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ မွန်တိုင်းရင်းသား အသိုင်းအဝိုင်းက DKBA ၏ ရည်ရွယ်ချက်နှင့် တူညီသောကြောင့် ရန်မီးမပွားလိုဟု သူက ထပ်ပြောသည်။
MNLA ထိန်းချုပ်သည့် ဧရိယာတွင် လှုပ်ရှားခဲ့သည့် DKBA အဖွဲ့ဝင်များကို ဖမ်းဆီးရန် မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီကို ဖိအားပေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်အနီးတွင် လှုပ်ရှားသည့် DKBA အဖွဲ့ဝင်များကို ဖမ်းဆီးရာတွင် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင် ရွက်ရန် မွန်ပြည်နယ် အစိုးရက စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
အဖွဲ့ဝင် ၃၀ နီးပါးဖြင့် ဖွဲ့စည်းထားသည့် DKBA ခွဲထွက်အဖွဲ့က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လခ(Mae La Kha) ဧရိယာတွင် စခန်းတခု ထူထောင်ခဲ့ကြောင်း အစိုးရ၏ ကြေညာချက်အရ သိရသည်။ အဆိုပါ ကြေညာချက်တွင် DKBA အဖွဲ့ကို သောင်းကျန်းသူများ အဖြစ် ဖော်ပြထားသည်။
မယ်လခ (Mae La Kha) တွင် တပ်စခန်းတည်ထောင်ရန် KNLA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက DKBA ခွဲထွက် အဖွဲ့ကို ကူညီခဲ့ကြောင်း မွန်ပြည်နယ် အစိုးရက စွပ်စွဲခဲ့သည်။
အဖွဲ့ဝင်များက မွန်ပြည်သစ်ပါတီ(NMSP)၏ အကူအညီဖြင့် မွန်နှင့် ကရင်ပြည်နယ်များတွင် လူသစ် စုဆောင်းရန် ကြိုးစားခဲ့ကြသည်ဟု အဆိုပါ ကြေညာချက်က ဆိုသည်။
တိုက်ခိုက်ခံရသော အဖွဲ့သည် ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သော DKBA ခွဲထွက် အဖွဲ့၏ နိုင်ငံရေးအဖွဲ့ ဖြစ်သော ကလိုထူးဘော ကရင်အဖွဲ့(KKO) ဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရက ပြောသည်။
“အဖွဲ့ရဲ့ ရည်ရွယ်ချက်က မတည်ငြိမ်မှုတွေ ဖန်တီးခြင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောက်ယှက်ခြင်းကနေ နိုင်ငံရေး အကျိုးအမြတ် ရရှိဖို့ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး လက်မှတ်ရေးထိုးထားသည့် မွန်ပြည်နယ် အစိုးရ၏ ကြေညာချက်က ဆိုသည်။
( Lawi Weng ၏ MNLA Attacks DKBA Splinter Group in Myanmar’s Karen State ကို ဘာသာပြန်ဆိုသည်။)
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား
ရခိုင် စစ်ပွဲကာလ အရပ်သား သေဆုံးမှု စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းရန် လွှတ်တော်တွင် အဆိုတင်
မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ အချက် ၇ ချက် သဘောတူညီမှုရ