ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်ဆာကျေးရွာအနီး ကုန်ဆာတောင်ကြောပေါ်တွင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် တပ်မတော်တို့ ယနေ့ နံနက် ၅ နာရီခွဲမှ နေ့လယ်ပိုင်း အထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာသည် TNLA ၏ တပ်မဟာ ၅ နှင့် တပ်ရင်း ၂၂၃ တို့ တပ်စွဲထားသည့် နေရာ ဖြစ်ပြီး တပ်မတော်ဘက်က ခြေမြန် တပ်ရင်း (ခလရ) ၄၅၊ ၂၄၂၊ ၆၉ စသည့် စစ်ကြောင်း ၃ ကြောင်းဖြင့် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
“ဒီနေ့ မနက် ၅ နာရီခွဲလောက်မှာ ကျနော်တို့ တပ်မဟာ ၅ နဲ့ တပ်ရင်း ၂၂၃ ရှိတဲ့ တပ်စွဲထားတဲ့ နေရာကို တပ်မတော် ဘက် က လာတိုက်တယ်။ တိုက်ပွဲကတော့ အခုချိန်ထိ (နံနက် ၁၁ နာရီကျော်) တောက်လျှောက် မနားသေးဘူး ဖြစ်နေ တုန်း ပဲ”ဟု ၎င်းက ပြောပြသည်။
အထက်ပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကို ဆက်သွယ်သော်လည်း ဖုန်း ကိုင် ဖြေဆိုမှု မရှိပေ။
ကွတ်ခိုင်မြို့မှ ဒေသခံ တချို့ကလည်း ယနေ့ နံနက်ပိုင်းတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ပြောပြ ကြသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က ကုန်ဆာတောင်ကြောပေါ်တွင် တပ်စွဲထားသော TNLA တပ်မဟာ ၅ နှင့် တပ်ရင်း ၂၂၃ စခန်း များကို တပ်မတော်သည် ကွတ်ခိုင်မြို မှနေ ၁၀၅ မမ လက်နက်ကြီး နှင့် ၅ ကြိမ်ထက် မနည်း ပစ်ကူပေးနေကြောင်း ပြောဆို သည်။
သို့သော် အဆိုပါ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများကိုတော့ ၎င်းက ပြောကြားခြင်း မရှိပေ။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်မှ ၁၆ ရက် အထိလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာထဲက တောင်ရိုးဘုရားပေါ်တွင် TNLA တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်အတွက် တပ် မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားသည်။
ထို့နောက် စက်တင်ဘာ ၁၆ ရက်၌ တောင်ရိုးဘုရားကုန်းတွင် တပ်စွဲထားသော TNLA စခန်းကို တပ်မတော် က ထိန်းချုပ် ခဲ့ သည်။
လက်ရှိ၌ ကုန်ဆာတောင်ကြောပေါ်တွင်သာ တိုက်ပွဲများ ဖြစ်ပွားနေပြီး တခြားသော ဒေသများ၌ တပ်မတော်နှင့် TNLA ကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း TNLA ဘက်က ပြောဆိုသည်။
TNLA ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင် စစ်တပ် (AA)တို့ ပူးတွဲ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်က တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အထိ တိုးမြှင့်ကြောင်း ကြေညာ ခဲ့သည်။
တပ်မတော်ဘက်ကမူ TNLA၊ MNDAA၊ AA တို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးရန် ရည်ရွယ်ချက် မရှိသည့်အတွက် ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်တိုင်း ၅ တိုင်းကို အပစ်ရပ်သက်တမ်း ထပ်တိုး ရန် မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စက်တင်ဘာလ ၂၃ ရက် တွင် ဧရာဝတီသို့ ပြောကြားထားသည်။
“သူတို့ရဲ့ (မြောက်ပိုင်းသုံးဖွဲ့) လုပ်ဆောင်ချက်တွေကို ကြည့်ခြင်းအားဖြင့် NCA လက်မှတ်ထိုးဖို့ အတွက် ရည်ရွယ်ချက် ရှိပုံ လည်း မရဘူး။ တပ်မတော်က နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေရတဲ့ တရားဝင် အဖွဲ့အစည်း ဖြစ်တယ်။ သူတို့ လုပ်သလို ကြေညာချက်ထုတ်တာက တခြား လက်တွေ့ဆောင်ရွက်မှုက တခြား လုပ်ဆောင်လို့ မရဘူး။ တပ်မ တော် အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ဖို့ အစီအစဉ်မျိုး မရှိတော့ဘူး”ဟု ၎င်းက ဧရာဝတီကို ပြောဆိုသည်။
အစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ TNLA၊ MNDAA၊ AA တို့ကြား ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးလျက် ရှိနေပြီး အောက်တိုဘာလထဲတွင် စက်တင်ဘာလ ၁၇ ရက် တွေ့ဆုံ ဆွေးနွေး ပွဲက အချက် ၇ ချက်ကို ဆွေးနွေးရန် သဘောတူညီထားကြသည်။
ဆက်စပ် ဖတ်ရှုရန် –
တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှု ကွတ်ခိုင် ဒေသခံ ၂၀၀ကျော် ထွက်ပြေးရ