သတင်း

မူးယစ်ဆေးနှင့် လက်နက်မှု ဖြိုးကိုကိုတင့်ဆန်း ငြင်းဟု ဆို

Want create site? Find Free WordPress Themes and plugins.

ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် နေအိမ်နှင့် ဟိုတယ်များအတွင်း တွေ့ရှိရသည့် မူးယစ်ဆေးဝါးနှင့် လက်နက်များမှာ ၎င်း၏ ပစ္စည်းများ မဟုတ်ဟု ထွက်ဆိုထားကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းဘက်မှ လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးမြင့်အောင်က“ဒီအဆောက်အအုံမှာ လက်နက်တွေ တွေ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူမသိဘူး။ သူ့ရှေ့မှာ ရှာတာလည်း မဟုတ်ဘူး။ ဒီလက်နက်တွေက သူ့ ပစ္စည်းတွေ မဟုတ်ဘူး။ သူက ရုံးမှာ အဲဒီလို ထွက်ဆိုထားပါတယ်”ဟု နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး၌ ယမန်နေ့က ရုံးချိန်း ခေတ္တ ရပ်နားချိန်တွင် ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ဖြိုးကိုကိုတင့်ဆန်း၏ ထွက်ဆိုချက်မှာ စက်တင်ဘာလ ၂ ရက်တွင် ကျင်းပသည့် ရုံးချိန်း၌ ထွက်ဆိုထားခြင်း ဖြစ် ကြောင်း သိရသည်။

ယမန်နေ့က ရုံးချိန်းတွင် ဖြိုးကိုကိုတင့်ဆန်း အမှုတွဲ၏ ရန်ကုန်အမှု စစ်ဆေးခြင်း ဖြစ်ပြီး ချမ်းငြိမ်းအောင်နှင့် စိုးမြင့်ကျော် ဆိုသူ ၂ ဦးကို လက်နက်အမှု စစ်ဆေးခြင်း ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၈ ဦးကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင် စစ်ဆေး နေခြင်း ဖြစ်ပြီး အချိန် ၂ နှစ်ပါးကြာမြင့်နေသည့် အမှုတခုလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ ထံမှပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက်အဖြစ် ACE ရုံးနှင့် နေအိမ် ၌ လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ကွင်းဆက်အနေဖြင့် ၎င်းပိုင်ဆိုင်သည့်  နေပြည်တော်နှင့် ရန်ကုန်ရှိ ဟိုတယ်၊ နေအိမ်များ၌ စကားပြောစက်နှင့် လက်နက် များ ထပ်မံတွေ့ရှိ၍ ပုဒ်မပေါင်း ၁၄ ခုဖြင့် စွဲချက်တင် ခံထားရသည့် ဖြိုးကိုကိုတင့်ဆန်းကို စက်တင်ဘာ ၂ ရက်တွင် တရား ခွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် ၅ လွှာသို့ ရဲတပ်ဖွဲ့ ဝင်များ ဝင်ရောက် ရှာဖွေရာတွင် လက်နက်၊ ကျည်ဆန်များ၊ လက်ကိုင် စကားပြောစက်များ၊ အဝေးကြည့် မှန်ပြောင်း၊ Drone၊ သံဘောစေ့ထည့် ကျည်အိမ်နှင့် မူးယစ်ဆေးဝါး အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် WY စာတမ်းပါ စိတ်ကြွ ဆေးပြားများ တွေ့ရှိခဲ့သည်။

ထိုသို့ တရားစွဲတင်ခံထားရသည့် ဖြိုးကိုကိုတင့်ဆန်းသည် ပြီးခဲ့သည့်ရုံးချိန်း ထွက်ဆိုချက်များ၌ မူးယစ်ဆေးနှင့် လက်နက် များ တွေ့ရှိခြင်းသည် ၎င်း၏နေအိမ် အတွင်းမှ တွေ့ရှိသည် ဆိုသော်လည်း ယင်းပစ္စည်းများ ရှိနေခြင်းကို မသိရှိကြောင်းနှင့် ၎င်း ပိုင်ဆိုင်သည့် ပစ္စည်းများလည်း မဟုတ်သကဲ့သို့ လက်ဝယ်တွေ့ရှိသည့် ပစ္စည်းများလည်း မဟုတ်ဟု ထွက်ဆို ထားကြောင်း ဦးမြင့်အောင်က ပြောပြသည်။

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက “တရားခံကတော့ သူ အပြစ် မရှိကြောင်း ငြင်းမှာပဲ။ အကုန်လုံး သူ့ရဲ့သက်သေခံ အထောက်အထားများနဲ့ ပတ်ဝန်းကျင် အခြေအနေ အကုန်လုံး ဆက်စပ် ပြီးတော့ ဆုံးဖြတ်မှာက တရားရုံးက ဆုံးဖြတ်မှာပဲ။ သူပြောတာတော့ အံ့သြစရာမရှိပါဘူး”ဟု ပြောဆိုသည်။

ဖြိုးကိုကိုတင့်ဆန်းက ၎င်း၏ ပစ္စည်းများ မဟုတ်ဟု ငြင်းဆိုထားသည့် လက်နက်၊ ကျည်ဆန်၊ မူးယစ်ဆေးဝါး၊ စကားပြော စက်များ အစရှိသည်တို့အား မည်သည့်နေရာက ရရှိသည်ကို အမှုကွင်းဆက် မပေါ်ပေါက်သေးကြောင်းလည်း ရှေ့နေများ ထံမှ သိရသည်။

ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေ ဖြစ်သူက“ပူးတွဲ တရားခံများကို ဆက်စစ်နေပြီး တရားလိုပြသက်သေတွေ စစ်လို့ပြီးပြီ။ အခု တရားခံတွေ စစ်နေတယ်။ တရားခံပြတဲ့ ဥပဒေပါ အခွင့်အရေးသူ့မှာ သက်သေပြခွင့်ရှိတယ်။ ဒီသက်သေတွေ ပြီးသွား ရင်တော့ ပြီးပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာတော့ အမှုက ပြီးလောက်မယ်လို့ မှန်းထားပါတယ်”ဟု ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် တရားစွဲတင်ခံထားရသူ ၄ ဦးသည် ဖြိုးကိုကိုတင့်ဆန်း၊ ဖြိုးဗိုလ်ဗိုလ်၊ ချမ်းငြိမ်း အောင်၊ စိုးမြင့်ကျော်တို့ဖြစ်ပြီး နေပြည်တော်မှ တရားစွဲတင်ခံထားရသည့် ၄ ဦးမှာ ဖြိုးကိုကိုတင့်ဆန်း၊ ဇော်မင်းထိုက်၊ အောင်နိုင်၊ ရန်အောင်စိုး စုစုပေါင်း ၈ ဦးကို အမှုဖွင့် ခံထားရခြင်း ဖြစ်သည်။

ထိုသို့ ရန်ကုန်နှင့်နေပြည်တော်ရှိ အမှုများကို တပေါင်တည်း ဖြစ်စေရန် နေပြည်တော်သို့ အမှုများကို ပေါင်းလိုက်ပြီး ဒက္ခိဏ ခရိုင် တရားရုံးတွင် အပတ်စဉ် တနင်္လာနေ့တွင် ရန်ကုန်၊ အင်္ဂါနေ့တွင် နေပြည်တော် အမှုများကို တပတ် ၂ ကြိမ် နှုန်းဖြင့် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီ ၃ ရက်က စတင်၍ ယင်းအမှုကို စစ်ဆေးနေပြီး တနှစ်ကျော်ကြာ၍ ဖေဖော်ဝါရီ ၄ ရက်က စစ်ဆေး သည့် ရုံးချိန်း၌ ဒက္ခိဏ ခရိုင်တရားသူကြီးက ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ရန်ကုန်နှင့် နေပြည်တော်တွင် ဖမ်းဆီးရမိသည့် စွပ်စွဲခံ ရသူ ၁၂ ဦးလုံးကို သက်ဆိုင်ရာ ပုဒ်မများနှင့် စွဲချက်တင်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ စွဲချက်တင်အမိန့်ကို ပြင်ဆင်နိုင်ရေး ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေက ကြိုးစားသော်လည်း အဆင့်ဆင့်သော တရားရုံး များအပြင် အမြင့်ဆုံးဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးကလည်း ပယ်ချထားသည်။

ဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးက ပုဒ်မ ၁၄ ခုနှင့် စွဲချက်တင်ထားကာ ယင်း ပုဒ်မများမှာ မူးယစ် ဥပဒေပုဒ်မ၊ လက်နက် ဥပဒေပုဒ်မ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် ဥပဒေ၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်၊ ဆက်သွယ်ရေး ပုဒ်မနှင့် တရားခံပြေး ပုဒ်မတို့ ပါဝင်ကြောင်း သိရသည်။

You may also like these stories:

ဖြိုးကိုကိုတင့်ဆန်း အား စတင်စစ်ဆေး

ဖြိုးကိုကိုတင့်ဆန်း အမှု တရားလိုပြ သက်သေ အမှုစစ် ရဲအရာရှိ ၁၀ ဦး စစ်ဆေးရန် ကျန်

ဖြိုးကိုကိုတင့်ဆန်း အမှု ယခုနှစ်အတွင်း အပြီးသတ်နိုင်ဟု ရှေ့နေပြော

ဖြိုးကိုကိုတင့်ဆန်း အမှု ပြန်ခေါ် သက်သေ အားလုံး စစ်ဆေးပြီး

Did you find apk for android? You can find new Free Android Games and apps.
Loading