ရနောင်းလူသတ်မှု ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား လူငယ် ၄ ဦး အနက် တဦး ဖြစ်သည့် မိုးဇင်အောင်၏ မိခင်က ၎င်း၏သားဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိအား အခွင့်အာဏာ အလွဲ သုံးစား လုပ်ပြီး ဖမ်းဆီးခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားသည်ဟု ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေကြီး Ratsada Manooratsadaက ပြောသည်။
စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ LOTTE Hotel တွင် ပြုလုပ်ခဲ့သည့် “လိပ်ကျွန်းလူသတ်မှု၊ ရနောင်း လူသတ်မှုနှင့် ပတ်သက်သည့် အမှုဖြစ်စဉ်အမှန် သိရှိစေရန်” ဆိုသည့် သတင်းစာရှင်းလင်းပွဲတွင် ရနောင်း လူသတ်မှု၌ လိုက်ပါ ကူညီခဲ့သည့် ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေကြီး Ratsada Manooratsadaက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
၂၀၁၅ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် ထိုင်းကျောင်း သူတဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာရေလုပ်သား မိုးဇင်အောင်၊ စိန်ကတုံး၊ ကျော်စိုးဝင်းနှင့် ဝေလင်း တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရှေ့နေကြီး Ratsada က “သူတို့ကို အမှုစွဲခဲ့တဲ့ တာဝန်ရှိတဲ့သူတွေကို ပြန်ပြီးတော့ လျော်ကြေး သော်လည်းကောင်း၊ အမှုပြန်စွဲဖို့သော် လည်းကောင်း ပြန်ပြီးတော့ လုပ်နိုင်ပါတယ်။ ဒီအထဲမှာမှ မိုးဇင်အောင်ရဲ့မိခင်က သူရဲ့သားကို ဖမ်းချုပ်တဲ့ အခါမှာ ဆိုရင် အာဏာအလွဲ သုံးစားမှုပုံစံမျိုး၊ အခွင့်အာဏာကို မတရားသုံးတဲ့ ပုံစံမျိုးနဲ့ ရဲအရာရှိကို ပြန်ပြီး တော့ အမှု ဖွင့်ထားတာမျိုး ရှိပါတယ်။ အဲဒါကလည်း စုံစမ်း စစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံခဲ့ရသူ မိုးဇင်အောင်၏ မိခင် က ထိုင်းရဲကို အမှုဖွင့်လှစ်ထားသည့် အချိန် အတိအကျကိုမူ မသိရှိရသေးပါ။
ထိုရနောင်းလူသတ်မှုသည် အချိန် ၃ နှစ်ကျော်ကြာခဲ့ပြီး ရုံးချိန်းပေါင်း ၇၇ ကြိမ် ရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် ထိုင်းရဲက တင်ပြသည့် သက်သေခံ ပစ္စည်းများနှင့် မြန်မာလူငယ် ၄ ဦး၏ မျိုးဗီဇတို့ ကိုက်ညီမှု မရှိခဲ့သဖြင့် ၎င်းတို့ကို အပြစ်မရှိကြောင်း ဇွန် ၂၆ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကာ ပြန်လွှတ်ပေးခဲ့သည်။ ထို ဆုံးဖြတ်ချက် အရ နစ်နာသူများအား ပြန်လည်ကုစားပေးရေး ဥပဒေ ရှိသည့်အတွက် လျော်ကြေး ရရှိနိုင်ကြောင်း ထိုင်းရှေနေ့များ ကောင်စီက ရှင်းပြသည်။
ရှေ့နေကြီး Ratsada က “တရားလွှတ်တော်ချုပ်ကနေပြီး ဒီအမှုကို စတင်တည်ဆောက်တဲ့ ဖမ်းဆီးတဲ့ ဝန်ထမ်း တွေရဲ့ လုပ်ဆောင်ချက်က တရားဥပဒေနဲ့ မညီညွတ်ဘူးဆိုလို့ ရှိရင်တော့ အဲဒါပြန်ပြီး အမှုစွဲလို့ရတယ်။ ဥပမာ ရဲတွေပေါ့။ စတင် ဖမ်းဆီးတဲ့အချိန်၊ စုံစမ်းစစ်ဆေးတဲ့အချိန်၊ ဒါမှမဟုတ်ရင် သက်သေ အထောက်အထား တွေ ကို အတုပုံစံမျိုး လုပ်တာ အဲဒါမျိုးတွေ ပေါ်ပေါက်ခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ကို လျော်ကြေး ပြန်တောင်း လို့ ရတယ်” ဟု ဆိုသည်။
အဆိုပါ မြန်မာ ရေလုပ်သား ၄ ဦးကို ဖမ်းဆီးခဲ့စဉ်က ထိုင်းရဲတပ်ဖွဲ့သည် လက်ထိပ်ခတ်ကာ မျက်လုံးကို စည်း ထားခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ ခေါင်းကို ပလတ်စတစ်အိတ်ဖြင့် စွပ်ထားခြင်း နှင့် မိသားစုအား သတ်ပစ် မည်ဟု ခြိမ်းခြောက် ဝန်ခံခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဖမ်းခံခဲ့ရပြီးနောက် ယမန်နှစ်က ပြန်လည် လွတ်မြောက်လာသူ ကျော်စိုးဝင်းက “ရဲတွေက ကျနော်တို့ အဲဒီ မိန်းကလေးကို သတ်တယ်လို့ စွပ်စွဲတယ်။ ကျနော်တို့က ငြင်းတဲ့အခါမှာ ကျနော်တို့ ကို လည်ပင်းညှစ်တယ်။ လည်ပင်းကို ထိုးတယ်” ဟု ပြောသည်။
ထိုလူငယ် ၄ ဦး မတရားဖမ်းဆီးခံရမှု အတွက် မြန်မာအစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကို စာတင်ခဲ့သော်လည်း ယခုအချိန်ထိ အကြောင်း ပြန်ချက် တစုံတရာ မရှိသေးကြောင်း သိရသည်။
“ဒီကလေးတွေကတော့ လက်ရှိ အခြေအနေမှာ သူတု့ိအပြစ်မရှိဘူး။ ရှေ့ဆက်လုပ်ဖို့က အစိုးရနဲ့ လုပ်တာပို ကောင်းမယ်။ ကျနော်တို့ ထိုင်းမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ အစိုးရကနေ ကိုယ်နိုင်ငံသားတွေကို မတရားသဖြင့် ဖမ်းဆီးခံရတာ သေချာသွားရင်တော့ အစိုးရအနေနဲ့ ကူညီဆောင်ရွက် ပေးပါလု့ိ ကျနော်တို့ အနေနဲ့ မေတ္တာရပ်ခံထားတယ်” ဟု ရနောင်းအမှုအား ကူညီဆောင်ရွက် ပေးနေသော ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FEDမှ ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
၂၀၁၅ ခုနှစ်က အသက် ၁၇ အရွယ် ထိုင်းအမျိုးသမီး အိုရာဝီ ဆမ် ပါအိုတန် အသတ်ခံရပြီး တလအကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံသားများ ဖြစ်သည့် စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ကို ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမှုဖြစ်ပွားချိန်က မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့ နှစ်ဦးမှာ အသက် ၁၈ နှစ် မပြည့်သေးသည့်အတွက် ရနောင်း ကလေး သူငယ်တရားရုံးက ထောင်ဒဏ် ၄ နှစ် နှင့် ၂ နှစ် အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ထိုနှစ်ဦးမှာ ယမန်နှစ်က လွတ်ခဲ့ပြီး ဖြစ်သည်။
ထောင်ဒဏ် ၈ နှစ်နှင့် ၆ နှစ် စီ အသီးသီးချမှတ်ခံခဲ့ရသော စိန်ကတုံးနှင့် ဝေလင်းတို့သည် ထောင်တွင်းတွင် ၃ နှစ်နှင့် ၈ လ ကြာ နေထိုင်ခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ရနောင်း တရားရုံး၌ အယူခံနိုင်ကာ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်- ရနောင်း လူသတ်မှုမှ စွပ်စွဲခံရသူ မြန်မာများ အယူခံနိုင်၍ ပြန်လည်လွတ်မြောက်
ရနောင်း လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာလူငယ်တဦး ထပ်မံ လွတ်မြောက်