နေပြည်တော်ကောင်စီနယ်မြေတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုတွင် တရားခံအဖြစ် စွပ်စွဲ ခံထားရသည့် ကိုအောင်ကြီး အာမခံ ရရှိရန် လျှောက်လွှာတင်ပြမှုကို တရားရုံးတော်က လက်ခံခဲ့ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။
နေပြည်တော်ရှိ ဒက္ခိဏ ခရိုင်တရားရုံး၌ ယနေ့ ပြုလုပ်သည့် ၇ ကြိမ်မြောက် ရုံးချိန်းတွင် အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် မှ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ (၂) အရ ရုံးတော်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး အာမခံပေး၊ မပေးကို လာမည့် ရုံးချိန်းတွင် တရားရုံးမှ အဆုံးအဖြတ် ပေးသွားမည်ဟု တရားခွင် စစ်ဆေးမှုအရ သိရသည်။
ရှေ့နေ ဦးခင်မောင်ဇော်က “အာမခံ လျှောက်တာကတော့ ကျနော်တို့ တင်လိုက်ပါတယ်။ တဖက်ကိုလည်း မိတ္တူ ပေးရပါတယ်။ မိတ္တူပေးရတော့ ဥပဒေအရာရှိက ဒီကိစ္စကို ရှေ့ရုံးချိန်းကျမှ တင်ပြပါမယ်။ အဲဒီတော့ လျှောက်လဲချက်ပေါ့။ စာနဲ့လည်း ရေးပါမယ်။ နှုတ်နဲ့လည်း ပြောပါမယ်” ဟု ယနေ့ တရားခွင် စစ်ဆေးမှုအပြီး သတင်းထောက်များကို ပြောသည်။
လာမည့် ရုံးချိန်းတွင် အောင်ကြီးအာမခံ ရ၊ မရကို တရားသူကြီးမှ ဆုံးဖြတ်သွားမည် ဖြစ်ပြီး၊ အာမခံ ရရှိပါက ရုံးရှေ့တွင် လက်ထိပ် ဖြုတ်ပြီး ခံဝန် လက်မှတ်ထိုး၍ သော်လည်းကောင်း၊ အချုပ်ခန်းသို့ သွားရောက်၍ ထောင်ပိုင် လက်မှတ်ထိုးဖြင့်လည်း ထွက်၍ ရနိုင်ပြီး အမှုကို အာမခံဖြင့် ပြင်ပတွင်နေကာ ဆက်လက် ရင်ဆိုင်ခွင့် ရသွားမည် ဖြစ်သည်။
တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ခရိုင်ဥပဒေ အရာရှိ ဦးကျော်မင်းအောင် က “ဒီနေ့ အောင်ကြီးရဲ့ အကျိုးဆောင်ရှေ့နေ့က ရာဇဝတ်ကျင့်ထုံး ၄၉၇(၂) နဲ့ တင်တယ်။ အာမခံ ပေးသင့်၊ မပေးသင့်ကို နှစ်ဘက်ရှေ့နေတွေက လျှောက်လဲချက်ပေးမှာ ဖြစ်ပါတယ်” ဟု တရားခွင် စစ်ဆေးမှု အပြီး ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။
ယင်းအမှုနှင့် ပတ်သက်၍ တရားခွင်စစ်ဆေးမှုအရ အောင်ကြီးကို ထိခိုက်နစ်နာစေမည့် မေးခွန်းများ မေးမြန်းမှု မရှိဘဲ တရားစီရင် ရေးတွင် အမှန်တရား ဘက်သို့ မျှမျှတတ ရှိစေရန်အတွက် အားလုံး ပူးပေါင်းဆောင်ရွက် လာကြသည်ဟု သုံးသပ်မိကြောင်း တရားခွင် စစ်ဆေးမှုကို လေ့လာ စောင့်ကြည့်နေသည့် တရားလွှတ်တော် ရှေ့နေဦးအောင်စိုး က သုံးသပ်သည်။
အမှုအား စောင့်ကြည့်လေ့လာသူ ရှေ့နေ ဦးအောင်စိုး က “ဒီနေ့ ထွက်ဆိုချက်တွေ အရ ဆိုရင် အောင်ကြီးအပေါ်မှာ ထွက်ဆိုချက် တွေက အချိန်ကြာမှ အောင်ကြီး အဝတ်အစားတွေ စစ်ဆေးတာတွေ ပေါ်ပေါက်တဲ့ အတွက် အတွေ့အကြုံအရ ပြောမယ်ဆိုရင် အာမခံ ရသွားနိုင်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
ယနေ့ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက်ရုံးချိန်းတွင် ရှာဖွေသက်သေ ၃ ဦးကို ဆင့်ခေါ်ထားသော်လည်း ၁ ဦးမှာ ဆေးရုံတက်နေသဖြင့် မလာရောက်နိုင်ကြောင်း သိရသည်။ ရောက်ရှိလာသည့် သက်သေ ၂ ဦးမှာ နေပြည်တော်၊ သပြေကုန်းရပ်ကွက်မှ ရာအိမ်မှူး ဖြစ်ပြီး တဦးမှာ တရားခံဟု စွပ်စွဲခံထားရသူ ကိုအောင်ကြီး အမှုအတွက် သက်သေခံ ပစ္စည်းသိမ်းရာတွင် ပါဝင်သည့် ရှာဖွေသက်သေ ၁ ဦး တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဦးခင်မောင်ဇော် က “ရှာဖွေသက်သေ ဆင့်တာက သုံးယောက်မှာ ၂ ယောက်ကိုပဲ စစ်ဆေးနိုင်တယ်။ တယောက်က ဆေးရုံ တက်နေတာပေါ့။ အဲဒီ တ ယောက်ကလည်း ပယ်ကောင်း ပယ်နိုင်တယ်။ ဘာမှတော့ မပြေဘူး ပေါ့ဗျာ။ ဒါပေမယ့် ဒီ ၂ ယောက်နဲ့ကို လုံလောက်သွားတယ်ဗျ။ ရှာဖွေပုံစံတွေ အကုန်လုံး သက်သေခံတွေ သွင်းလိုက်ပြီးပြီ” ဟု ရှင်းပြသည်။
တရားလို ဗစ်တိုးရီးယားဘက်မှ လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် က “နောက်ရုံးချိန်းမှာ နှစ်ဖက် ကျယ်ကျယ်ပြန့်ပြန့် လျှောက်လဲ တင်ပြမယ်။ တရားရုံးက ကိုအောင်ကြီးနဲ့ ပတ်သက်ပြီးတော့ အမိန့်ချမယ်။ ဘာတွေချမလဲ ဆိုတာတော့ မသိသေးဘူးပေါ့ စောင့်ကြည့်ရမှာပေါ့” ဟု မှတ်ချက်ပေးသည်။
အောင်ကြီး ဖခင်ဖြစ်သူက ဦးမြသိန်း က “အာမခံ နောက်အပတ် ရမယ်လို့ ထင်ပါတယ်။ ဒီအမှု အရလည်း ကျနော့်သား မဟုတ်တဲ့ အတွက် ကြောင့် ကျနော့်သား လွှတ်မယ်လို့ ထင်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
ယင်းအမှုမှာ အဓိကကျသူများ ဖြစ်သည့် ဗစ်တိုးရီးယား၏ မိခင်၊ ဖခင်၊ အဘွား နှင့် ဗစ်တိုးရီးယားတို့ကို ပြီးခဲ့သည့် ရုံးချိန်းများ တွင် စစ်ဆေးခဲ့ပြီး ဖြစ်သဖြင့် နောက်လာမည့် ရုံးချိန်းကို အောက်တိုဘာ ၉ ရက်နေ့တွင် Wisidom Hill ကျောင်းဘက်မှ ယာဉ်မောင်း ၂ ဦးကို စစ်ဆေးမည်ဟု ဒက္ခဏ ခရိုင်တရားရုံးမှ သိရသည်။
ရဲတပ်ဖွဲ့မှ သံသယ တရားခံ အဖြစ် မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကျော်မျိုး ( ခ) ကိုအောင်ကြီး ကို ဇူလိုင် ၄ ရက်တွင် ဒက္ခိဏ ခရိုင်တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲ တင်ခဲ့ခြင်းဖြစ်သည်။
သံသယတရားခံ အဖြစ် စွပ်စွဲခံထားရသည့် ကိုအောင်ကြီးကို ယခုအမှုမှ လွတ်မြောက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးနေရင်းဖြင့် တရားခံအစစ်မှာ ကိုအောင်ကြီး မဟုတ်ပါက တရားခံ အစစ်က မည်သူ ဆိုသည် ကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ကိုအောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ဆိုသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည့်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေတူးနှင့် အထက် တန်းရှေ့နေ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်မည် ဖြစ်ပြီး၊ တရားလိုဘက်မှ တရား လွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်အောင်နဲ့ ဒေါ်လှဝင်းသန်းတို့က လိုက်ပါ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးက သိရသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါကျောင်း သူမှာ မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကသည်။
ယင်းသို့ ကလေးငယ် မဖွယ်မရာ ပြုလုပ်ခံရသဖြင့် မိခင် အများစုသည် စိုးရိမ်မှုများနှင့် ထိုဖြစ်ရပ်ကို ကျေနပ်မှုမရှိကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြမှုများနှင့် နာမည်ကြီး အနုပညာရှင်များပါ ဝန်းရံပြီး တရားခံ အစစ် ပေါ်ပေါက် ရန် အလိုရှိကြောင်း ရေး သား ဖော်ပြမှုများ အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးအပါအဝင် နိုင်ငံ အနှံ့ အပြားတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့အထိ ယင်းအမှုပေါ် စောင့်ကြည့် လေ့လာနေကြသည်။
You may also like these stories:
နေပြည်တော် ဗစ်တိုးရီးယားအမှု အဂတိ ကော်မရှင်စောင့်ကြည့်နေ
လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို
ဗစ်တိုးရီးယားကို စစ်ဆေးရန် တရားခွင် ပြင်ဆင်ထားမှု ကျေနပ်ကြောင်း ဖခင်ပြော
ဗစ်တိုးရီးယား ထွက်ဆိုသည့် ဗီဒီယိုဖိုင် ကန့်ကွက်ခံရသော်လည်း တရားရုံး လက်ခံ