ရန်ကုန်မြို့၊ ဗိုလ်ချုပ်ဈေးအနောက်ဘက် ရထားလမ်းဂုံးကျော်လူကူးတံတားအောက်တွင် လုယက်ခဲ့သူများအား လိုက်လံဖမ်းဆီးစဉ် ဘူတာကြီးရဲစခန်းမှ ဒုတပ်ကြပ်မျိုးမြင့်လွင်မှာ ဓားဖြင့်အထိုးခံရပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင်သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘုရားလမ်းဘူတာမှရန်ကုန်ဘူတာကြီးသို့ ရထားသံလမ်း အ တိုင်း လမ်းလျှောက်လာသည့် မောင်ကောင်းထက်လင်းပါ ၂ဦးအား မဲလုံး (၁၉ နှစ်)၊ အောင်သူ(၂၀ နှစ်)နှင့် အောင်ကိုဦး (၁၉နှစ်)တို့ ၃ ဦးမှ ဓားဖြင့်ခြိမ်းခြောက်ကာVivo ဖုန်းတလုံးအား လုယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုယက်ခံရမှုအား ဘူတာကြီးရဲစခန်းသို့ တိုင်ကြားခဲ့ပြီးနောက်မဲလုံးအား ပန်းဆိုးတန်း ဂုံးတံတားအောက်တွင် ဖမ်းမိခဲ့ပြီး သိမ်ဖြူမီးရထားရပ်ကွက်ဘက်ထွက်ပြေးသူ ၂ ဦးနောက် လိုက်လံဖမ်းဆီးရာ အောင်သူမှ ဓားနှင့်ပြန် ထိုး ခဲ့ခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။
ဓားထိုးခံရမှုကြောင့် ရဲဒုတပ်ကြပ် မျိုးမြင့်လွင်၏ဝဲဘက်ရင်အုံနှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာ တချက်စီရရှိ ခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ဓားနှင့်ထိုးကာ ထွက်ပြေးခဲ့သည့် အောင်သူနှင့် အောင်ကိုဦးတို့အားစက်တင်ဘာလ ၂၄ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ မင်းရဲကောင်းပုံလမ်းနှင့်ဂရုဏာလမ်းထောင့်တွင် ဖမ်းမိခဲ့ကြောင်းသိရသည်။အမှုနှင့်ပတ်သက်ပြီး ဖမ်းမိထားသည့် မဲလုံး၊ အောင်သူနှင့်အောင်ကိုဦးတို့ ၃ ဦးအား ဒဂုံမြို့မရဲစခန်းတွင် (ပ) ၂၃၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂(လူသတ်မှု၊လုယက်မှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
You may also like these stories:
အရပ်သားနှင့် ရဲတဦး ရန်ဖြစ်၊ အရပ်သားတဦးသေဆုံး တဦးဒဏ်ရာရ
ကျောက်တော်၌ ရဲတပ်ကြပ်ကြီး ၁ ဦး ဓားထိုးခံရ၍ သေဆုံး
ယိုးတရုတ်စခန်းမှူး ဓားထိုးခံရ၍ သေဆုံး
ကျောက်တော် ရဲတပ်ဖွဲ့မှူး ဓားထိုးခံရ