ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများအတွင်း ပါဝင်တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းများ အနေဖြင့် ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံးများ၊ ဘာသာရေး အဆောက်အအုံများ၊ လူနေ ကျေးရွာ၊ ရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ နေရာများကို အကာအကွယ်ယူ၍ ပစ်ခတ် တိုက်ခိုက်မှုများ မပြုရန် ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတရပ်တင်သွင်းခဲ့သည်။
အဆိုကို မင်းပြားမဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော် အစည်း အဝေးအဝေး၌ တင်သွင်း ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော နှစ်ဘက်တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းက ၃၁ ဘုံဘုရားကြီး၊ မြောက်ဦးမြို့ နယ်အတွင်းက ရှေးဟောင်းအဆောက်အဦးများအား လက်နက်ကြီးကျည် ထိမှန်ခံရမှု ဖြစ်စဉ်များ ရှိကြောင်း သိရသည်။
ထို့အတူ ကျောက်တော်မြို့နယ် မဟာမြတ်မုနိ ဘုရားကြီး၊ ကျောက်တော်တောင် ဘုရား၊ မင်းပြားမြို့ ကျိန်းတောင်ဘုရား၊ ပန်းမြောရွာ၌ အောင်မင်္ဂလာ ဘုရားတောင်ကုန်း၊ မြောက်ဦးမြိ့နယ် လင်းမြွေတောင် စေတီ နောက်ကျောတောင်ကုန်းပေါ်တွင်လည်းကောင်း နေရာ တိုက်ခိုက်နေမှုများ ဖယ်ရှားပေးရန် လိုအပ်ကြောင်း ဦးလှအောင်သိန်းက လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က “အခုဆိုလို့ ရှိရင် ပန်းမြောင်းရွာအလယ်မှာ ရှိတဲ့ အောင်မင်္ဂလာ ဘုရားကုန်းကနေ လက်နက်ကြီး တည်ပြီး ပစ်နေတဲ့ ကိစ္စတွေကို ကျနော်တို့က နုတ်နဲ့ ပြောရင်လည်း အဆင်မပြေတဲ့အတွက် ဒီမှာအစိုးရအနေနဲ့ လိုအပ်တာတွေကို ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ တင်ပြရတာဖြစ်ပါတယ်” ဟု လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာများသို့ ပြောသည်။
၎င်းကဆက်၍ “သာဓကအနေနဲ့ ပြောရမယ်ဆိုရင် ပန်းမြောက်ရွာ အောင်မင်္ဂလာတောင်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ရွာထဲကို ကျပြီးတော့ အဲဒီမှာပဲ ထမင်းစာဖို့ ပြင်နေတဲ့ ကျောင်းသူလေး အပါအဝင် ရွာသားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်။ အဲလို အခြေအနေမျိုးတွေ နောက်ထပ် မဖြစ်အောင် ဒီအဆိုကို တင်သွင်းရတာ ဖြစ်ပါတယ်” ဟုပြောသည်။
တပ်မတော်က သမိုင်းဝင် မင်းပြားကျိန်းတောင် ဘုရားပေါ်တွင် နေရာယူထားသည့်အတွက် ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံတော် သံဃာနာယအဖွဲ့ထံ ယင်းနေရာမှ ပယ်ရှားပေးရန် တင်ပြခဲ့ရကြောင်းလည်း ဦးလှသိန်းအောင်က လွှတ်တော်တွင် တင်ပြဆွေး နွေးခဲ့သည်။
လက်ရှိအခြေ အနေတွင်သမိုင်းဝင် မြောက်ဦးရှေးဟာင်းအမွေအနှစ်များမှာ ကမ္ဘာ့အမွေအနှစ်စာရင်း (UNECO) ဝင်ရန် ကြိုးပမ်းနေသော အချိန်လည်း တခုဖြစ်နေသော်လည်း လက်နက်ကိုင်အ ဖွဲ့အစည်းများ အနေဖြင့် နှစ်ဘက် တိုက်ပွဲများတွင် ရှေးဟောင်းအဆောက်အဦး များတွင်နေရာယူထားခြင်း၊ ပစ်ခတ်ခြင်းများကြောင့် ထိခိုက်မှုများ ရှိသကဲ့သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တုန်ခါမှုများဖြစ်ပေါ်ကာ အဆောက်အဦး၏ ခိုင်ခံ့မှုအပေါ် ထိခိုက်သည့် အကျိုးသက်ရောက်မှုများကိုလည်း ဖြစ်ပေါ်စေကြောင်း ဦးလှသိန်းအောင်က ဆွေးနွေးသွားသည်။
ယင်းအပြင် တပ်မတော်မှ အများပြည်သူများနှင့် သက်ဆိုင်သည့် ဘာသာရေး အဆောက်အဦးများ၊ ဘုန်းတော်ကြီး ကျောင်း၊ ဘုရားသိမ် စသည့်နေရာများတွင် နေရာယူသည့်အတွက် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးဆိုင်ရာ ဥပုဒ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ အားထုတ်ခြင်း၊ စသည့် ကိစ္စများတွင် အနှောက်အယှက်များ ဖြစ်ပေါ်စေသည်ဟုလည်းဆိုသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင် တင်သွင်းသည့် အဆို အပေါ် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့သည်။
ယင်း မင်းပြားမဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်၏ အဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးရန် သင့်၊ မသင့်ကို လွှတ်တော်တွင် သဘောထားရယူရာ ကန့်ကွက်သူမရှိသဖြင့် လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။
You may also like these stories:
ဘူးသီးတောင် တပ်မဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်
ကျောက်တော်တွင် တိုက်ပွဲဖြစ်၍ အရပ်သား ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် အခြေအနေ မင်းမဲ့စရိုက်ဆန်နေပြီဟု တပ်မတော် ပြော
နီပေါအစိုးရ ရဟတ်ယာဉ် ဘူးသီးတောင်မြို့နယ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရ