၂၀၁၉ ခုနှစ်အတွင်း အမျိုးသမီးတဦး အပါအဝင် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ၃၉ ဦးတို့သည် တရားဥပဒေစိုးမိုးရေး အရာရှိများနှင့် ပစ်ခတ်မှုအတွင်း သေဆုံးကြောင်းနှင့် အခြားသူ ၄ ဦးတို့သည်လည်း ကော့ဗဇားတွင် သတ်ဖြတ်မှု၊ မူးယစ်ဆေး ရောင်းဝယ်မှု၊ ဓားပြမှု၊ ပြန်ပေးမှုနှင့် လူမှောင်ခိုမှုများတွင် ပါဝင် ပတ်သက်သောကြောင့် သေဆုံးသွားပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း သတ်ဖြတ်ခံရခြင်း စုစုပေါင်းသည် အလွန်များပြားလာနေပြီး ရဲ၊ အရေးပေါ်တုံ့ပြန်မှု တပ်နှင့် နယ်ခြားစောင့် တပ်များအပါအဝင် တရားဥပဒေ စိုးမိုးရေးဌာနများနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ တိုက်ခိုက်မှု နောက်ပိုင်း သတ်ဖြတ်ခံရသူ အရေအတွက်မှာ ၄၄ ဦးရှိသည်။
ကော့ဗဇား ခရိုင်ရဲဌာနချုပ်၏ တရားဝင် စာရင်းများကို နှစ်အလိုက် ပိုင်းခြားခြင်း မပြုသော်လည်း ၂၀၁၉ ခုနှစ် တနှစ်တည်းတွင် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ၃၉ ဦး သတ်ဖြတ်ခံရသည်။
ရာဇဝတ်မှု ကျူးလွန်သူများဟု သံသယရှိသူများက ရဲတပ်ဖွဲ့ကို ပစ်ခတ်ရာမှ တိုက်ခိုက်မှု ဖြစ်ပွားကြောင်း တရားဥပဒေ စိုးမိုးရေးဌာနများ၊ အထူးသဖြင့် ကော့ဗဇားရှိ တက်နက်ခ် ရဲတပ်ဖွဲ့က ပြောသည်။
သို့သော် ထိုသေဆုံးသူ အများအပြားသည် ဖမ်းဆီးထိန်းသိမ်း ခံထားရစဉ် သေဆုံးခြင်း ဖြစ်ကြောင်းနှင့် ပစ်ခတ်မှုသည် ၎င်းတို့ကို ထိန်းသိမ်းထားစဉ် ဖြစ်ပွားကြောင်း ရိုဟင်ဂျာ ခေါင်းဆောင်များက စွပ်စွဲထားသည်။
“တကယ်လို့ တယောက်ယောက်က ရာဇဝတ်မှု ကျူးလွန်ရင် သူ့ကို ဥပဒေအရ အရေးယူရမယ်။ သတ်ဖြတ် လိုက်တာကတော့ ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်” ဟု လွတ်လပ်သော ရိုဟင်ဂျာ တပ်ပေါင်းစုမှ လှုပ်ရှားမှု ညှိနှိုင်းရေးမှူး နေဆန်းလွင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ထိုသို့မဖြစ်ပေါ်စေရန် အားထုတ်မှု အများအပြား ရှိခဲ့သော်လည်း အချို့သောသူများသည် မြန်မာနိုင်ငံမှ ယာဘခေါ် မက်သာဖက်တမင်း ဆေးမှောင်ခိုမှုများတွင် ပါဝင်ပတ်သက်ပြီး အသက်အန္တရာယ် ကျရောက် ကြသည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး အာဆတ်ဒပ်ဇာမန်က ပြောသည်။
ခွင့်ပြုချက်မရဘဲ နိုင်ငံတွင်းသို့ ခိုးဝင်လာသူများကို တားဆီးရန်နှင့် နယ်ခြားကို စောင့်ကျပ်ရန် နယ်ခြားစောင့် တပ်ကို ညွှန်ကြားထားသောကြောင့် ပစ်ခတ်မှု ဖြစ်နိုင်ကြောင်းလည်း သူက ပြောသည်။
“တရားဥပဒေ စိုးမိုးရေးဌာနတွေကို စိန်ခေါ်တဲ့သူတွေ အားလုံး ထောင်ထဲမှာ ထားထားတယ်” ဟုလည်း သူက ပြောပြီး ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများကို နိုင်ငံတွင်းသို့ ဖိတ်ခေါ်ခြင်းမရှိဘဲ ၎င်းတို့ အသက်ကို ကယ်ရန် ခိုလှုံခွင့် ပေးထားခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်ဟု ဒါကာအခြေစိုက် နယူး အေ့ချ် သတင်းစာ၏ အဆိုအရသိရသည်။
စနေနေ့ည ကလည်း တက်နက်ဖ်၊ ဟနီလာ ဒေသမှ အသက် ၃၂ နှစ်အရွယ် ဒိုင်လ် မိုဟာမက်နှင့် အသက် ၂၇ နှစ်အရွယ် ဇာဟီဒါ ဘီဂျန်တို့ ဇနီးမောင်နှံသည် တက်နက်ဖ် ရဲတပ်ဖွဲ့နှင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သည်။ ထိုသို့ သတ်ဖြတ်ခံရချိန်တွင် ၎င်းတို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ပြန်လည်လွှတ်ပေးသည်မှာ နာရီပိုင်းသာ ရှိသေးသည့် အချိန်ဖြစ်သည်။
၎င်းတို့ကို ဖမ်းဆီးရခြင်းမှာ စခန်းအတွင်း လက်နက်များကို ဖော်ထုတ်ရန် ကြိုးစားချိန်တွင် ထိုဇနီးမောင်နှံထံမှ သေနတ် တလက် မိသောကြောင့်ဖြစ်သည်ဟု တက်နက်ဖ် ရဲစခန်း တာဝန်ခံ ပရာဒစ် ကူးမား ဒက်စ်က ပြောသည်။
ထိုသို့ ရှာဖွေချိန်တွင်း ဒိုင်လ်မိုဟာမက်၏ အပေါင်းအသင်းများ ပစ်ခတ်ခြင်းဖြစ်ကြောင်း ထိုဇနီးမောင်နှံ ဒဏ်ရာရပြီးနောက် ခရိုင်ဆေးရုံတွင် သေဆုံးသွားကြောင်း သူက ပြောသည်။
ထိုနေရာမှ ရိုင်ဖယ်သေနတ် ၃ လက်၊ ကျည်ကပ် ၈ ခုနှင့် ကျည်ကပ်အခွံ ၁၂ ခု သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ယခုနှစ်အတွင်း အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒေသလုပ်လက်နက် ၂၉ လက် သိမ်းဆည်းမိကြောင်း တက်နက် ရဲတပ်ဖွဲ့က ဆိုသည်။
ဇန်နဝါရီလ နောက်ပိုင်းတွင် တက်နက်ဖ်မှ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အနည်းဆုံး ၄ ဦးကို ပစ်သတ်ထားသည်ကို တွေ့ရသည်။ ထိုသေဆုံးမှု များသည် တရားဥပဒေ စိုးမိုးရေးဌာနများနှင့် အပြန်အလှန် ပစ်ခတ်မှုများနှင့် ပတ်သက်ခြင်း မရှိပေ။
မတ်လ ၂၆ ရက်နေ့ကလည်း ရဲတပ်ဖွဲ့သည် အသက် ၃၅ နှစ်အရွယ် မိုဟာမက် အဘူဆေယက် ပရိုကက်ရှ်၏ အလောင်းကို တွေ့ခဲ့သည်။ ထိုသူသည် တက်နက်ဖ်မှ နာရာပါရာ ဒုက္ခသည် စခန်းတွင် နေထိုင်သူဖြစ်ပြီး ဓားပြမှုအတွက် သံသယရှိသူ ဖြစ်သည်။ သေနတ်သံများ ကြားပြီးနောက် သူ၏အလောင်းကို တွေ့ရခြင်း ဖြစ်ကြောင်း ရဲက ပြောသည်။
သံသယရှိ ရာဇဝတ်သား အဗ္ဗဒူ ဟာခင်၏ ဇနီးနှင့် ညီအစ်ကို တော်စပ်သူတဦးတို့၏ အလောင်းများကို ရဲတပ်ဖွဲ့က သြဂုတ်လ ၈ ရက်နေ့တွင် တွေ့ရှိခဲ့သည်။ အသက် ၃၀ အရွယ် သူ၏ဇနီး ရူဘီ အက်ထာနှင့် အသက်၂၈ နှစ်အရွယ် ညီအစ်ကိုတော်စပ်သူ ကဘာ အာမက်တို့၏ အလောင်းများကို တက်နက်ဖ်ရှိ တောင်ထူသော ဒေသဖြစ်သည့် ဝိုင်ခေါင်တွင် တွေခဲ့ကြောင်း ရဲက ပြောသည်။
ထိုသတ်ဖြတ်မှုသည် အဖွဲ့အတွင်း ရန်ညှိုးများကြောင့် ဖြစ်ကြောင်း ရဲကပြောသည်။ ရဲက အဗ္ဗဒူ ဟာခင်ကို လိုက်လံ ရှာဖွေနေသည်။
“သတ်ဖြတ်မှု အရေအတွက်က အရင်နှစ်တွေထက်ကို ပိုများလာပြီ။ တလအတွင်း ရိုဟင်ဂျာ ဆယ်ယောက် အသတ်ခံရတာမျိုး အရင်က မဖြစ်ဖူးဘူး။ ဒီလမှာတော့ ဆယ်ယောက် အသတ်ခံရတယ်” ဟု တက်နက်ဖ် အခြေစိုက် သတင်းထောက် ဂျာကာရီယာ အယ်လ်ဖေ့က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ထို သတ်ဖြတ်မှုများကြောင့် ဒုက္ခသည်စခန်း ပတ်ဝန်းကျင်တွင် ကြောက်ရွံ့ ထိတ်လန့်မှုများကို ဖြစ်စေကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ကြာသပတေးနေ့တွင် ထုတ်ပြန် ကြေညာသည်။
ကော့ဗဇားမှ အာဏာရပါတီ လူငယ်ခေါင်းဆောင် အိုမာဖာရပ်ကို သြဂုတ်လ ၂၂ ရက်နေ့က သတ်ဖြတ်မှုတွင် ပါဝင် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦးကိုလည်း ရဲတပ်ဖွဲ့က သတ်ဖြတ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ထိုအမှုကို ၎င်းတို့ စစ်ဆေးသောအခါ အိုမာဖာရပ်နှင့် ရာဇဝတ်သား နားမိုဟာမက်တို့အကြား မူးယစ်ဆေး ရောင်းရငွေ အငြင်းပွားမှုကြောင့် သတ်ဖြတ်သည်ဟု ကော့ဗဇားမှ အဆင့်မြင့်ရဲအရာရှိ တဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဖာရပ်ကို သတ်ဖြတ်ခြင်းကြောင့် အချို့နေရာများတွင် ဒုက္ခသည်များအား အကြမ်းဖက်မှုများ ဖြစ်စေခဲ့သည်။ ဒုက္ခသည်များကို “မင်းတို့ ဘာလို့ ငါတို့နိုင်ငံက မထွက်သွားတာလဲ” ဟု မေးပြီး သတ်ဖြတ်မည်ဟု ဒေသခံအချို့ ခြိမ်းခြောက်ကြောင်း ကော့ဗဇားရှိ စခန်း ၂၇ ခုမှ ဒုက္ခသည်တဦးက ပြောသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။
“ထိုသို့သော တင်းမာမှုများကို ဖြေရှင်းရမည့်အစား တရားဥပဒေ စိုးမိုးရေး အရာရှိများသည် ဒုက္ခသည်များကို ကာကွယ်ရန် ပျက်ကွက်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။ အာဏာပိုင်များသည် ဒုက္ခသည်များကို သ်ိမ်းကြုံး ဒဏ်ခတ်ခြင်းနှင့် အင်တာနက်သုံးခွင့် ပိတ်ပင်ခြင်းတို့ လုပ်ကြောင်း၊ ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ဒုက္ခသည်များကို ဆင်းကတ် မရောင်းရန်၊ သို့မဟုတ် ဖုန်းဝန်ဆောင်မှု မပေးရန် ပြောထားကြောင်းလည်း ထိုကြေညာချက်က ဆိုသည်။
ထိုသို့လုပ်ရခြင်းမှာ ရာဇဝတ်မှုများကို ကာကွယ်ရန် လိုအပ်သောကြောင့် ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေး ဌာနများက ပြောသည်။
(Muktadir Rashid ၏ 39 Rohingya Killed in ‘Gunfights’ With Bangladeshi Authorities in 2019 ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန် ရှိမရှိ အကဲဖြတ်ရန် ကုလသမဂ္ဂ တောင်းဆို
ရခိုင်မြောက်ပိုင်း ဂူတာပြင် အလောင်းများ တွေ့ရှိမှု စစ်တရားရုံးဖြင့် စစ်ဆေးမည်
စည်းလုံးညီညွှတ်မှုကို ပြသရန် ခရစ်ယာန်နှင့် အစ္စလာမ် အသိုင်းအဝိုင်းသို့ တပ်ချုပ် လှူဒါန်း