မန္တလေးမြို့ “ဆု” ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သချာၤဆရာ ဦးညီညီထွေး အား မတောင်းပန်ပါက တရားစွဲဆိုမည်ဟု ကျောင်းသူ၏ မိဘများက ပြောသည်။
စက်တင်ဘာ ၁၂ ရက်က ချမ်းအေးသာစံမြို့နယ် ၃၄ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်း ကြားရှိ ဆုကိုယ်ပိုင် အထက်တန်း ကျောင်း၌ ပညာသင်ကြားနေသည့် ဒသမတန်း ကျောင်းသူတဦးအား သင်္ချာဆရာ ဦးညီညီထွေးက စာမှားသည်ဟု အကြောင်းပြကာ လည်ဂုတ်ကို ကိုင်ခဲ့ပြီး နောက်မှ သိုင်းဖက်၍ ရင်သားအား ကိုင်ရန် ကြိုးစားခဲ့ကြောင်း၊ ထိုအဖြစ် အပျက်ကို ဘေးကပ်ရပ်မှ သူငယ်ချင်းက မြင်လိုက်သည် ဟုဆိုကာ ကျောင်းအုပ်ကြီးသို့ သွားတိုင်ရန် ပြောသော်လည်း အဆိုပါ ကျောင်းသူမှာ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေသဖြင့် မတိုင်ခဲ့ကြောင်း ကျောင်းသူ၏ မိဘများ၏ ပြောကြား ချက်အရ သိရသည်။
ကျောင်းသူ၏ ဖခင်ဖြစ်သူ ဦးဝဏ္ဏမျိုးကြည်က “သူ့အနေနဲ့ စိတ်ပါလက်ပါ လုပ်သည် ဖြစ်စေ၊ အမှတ်တမဲ့ ရောက်တာပဲ ဖြစ်စေ အကြောင်းတခုခုကြောင့် ဖြစ်သွားတဲ့အပေါ်မှာ စာနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လာတောင်းပန်ရင် ကျနော်တို့ က ပြီးနေပါပြီ။ တောင်းပန်စေချင်လို့ကို စောင့်နေကြတာပါ။ ဒါကို ကျနော်တို့ဘက်ကို လူမှုကွန်ရက်ကနေ ဝိုင်းပြီးတော့ တိုက်ခိုက်တာ ခံနေရပါတယ်။ အခု တရားစွဲဖို့ သူ့ကို နို့တစ်စာ ပို့ထားတယ်။ ဥပဒေကြောင်းအရ ဆက်ပြီးတော့ လုပ် သွားမှာပါ။ ကျနော့်သမီးရဲ့အရှက်နဲ့ သိက္ခာအတွက် အဆုံးထိအောင် လုပ်သွားမယ်။ သူ့ဘက်က လာတောင်းပန်မယ် ဆိုရင်တော့ ကျေအေးရင် ကျေအေးပေးမယ်ပေါ့” ဟု ပြောသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ဆရာဖြစ်သူက ကျောင်းသူကို ရိုက်နှက်ဆုံးမခဲ့ခြင်းကြောင့် မိဘများ မကျေနပ် သဖြင့် လာရောက်ဖြေရှင်းရာမှ ကျောင်းသူ၏ မိဘများမှ ကျောင်းဆရာအပေါ် ကိုယ်ထိလက်ရောက် ပြုမူခဲ့သည်ဟူ သော CCTV မှတ်တမ်းများ ပျံ့နှံ့ခဲ့ရာမှ အဆိုပါ ဖြစ်စဉ်အား ကျောင်းသူ၏ မိဘများက စက်တင်ဘာ ၂၃ ရက် နေ့လယ် ပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဦးဝဏ္ဏမျိုးကြည်က “ကျောင်းမှာရှိနေတဲ့ CCTV တွေက ကြည်လင်ပြတ်သားမှု မရှိတော့ဘူး။ ကျနော့်သမီးဖြစ်စဉ်က သမီးက ထောင့်နေရာမှာ ရောက်နေတယ်။ CCTV က သူ့ရဲ့ ပခုံးတဖက် အထိပဲ ရောက်တယ်။ မကွဲပြားဘူး ဖြစ်နေ တယ်။ ကျနော်တို့က အစကတည်းက အမှုလုပ်ဖို့ မရည်ရွယ်တဲ့အတွက် CCTV ကို စိတ်မဝင်စားခဲ့ဘူး။ ငါ့သမီးကို ကိုင်မိတာ တကယ်လားဆိုတာ သိချင်လို့ သွားကြည့်တာ။ ကျနော့်သမီးအပေါ်မှာ လက်ရောက်သွားတာ မြင်လိုက်မှ လက်ခံယုံကြည်ခဲ့တာပါ။ ဒီကိစ္စဟာ ကျောင်းဆရာတယောက် အနေနဲ့ မဖြစ်သင့်တာကြောင့် သွားပြီးတော့ ဖြေရှင်း တာပါ” ဟု ဆိုသည်။
ကျောင်းသူ၏မိခင် ဒေါ်မင်းမင်းမြတ် က “သမီးက တင်ပါးထိရှည်တဲ့ ဆံပင်ကို စည်းထားတယ်။ ဆံပင်ကိုဖယ်ပြီး ဂုတ်ကို ပွတ်သပ်နေတော့ သမီးက ဇက်ပိုးကို ရိုက်တော့မယ်အထင်နဲ့ ခေါင်းငုံ့ပေးထားတယ်လို့ ပြောတယ်။ အဲဒီကနေ ကော်လံအတွင်းထဲကို လက်ဝင်လာပြီး နောက်ကနေ အရှေ့ ရင်ဘက်ရှိရာကို အင်္ကျီအတွင်းကနေ ဆင်းလာပြီး ရင်ညွန့်ကို ရောက်ခါနီးမှာ သမီးက ထိုင်ချလိုက်ပြီး “ရတယ်ဆရာ သမီးအမှားပြင်လိုက်ပါ့မယ်” လို့ ပြောခဲ့တယ်လို့ သိရတယ်။ အဲဒီနေ့က ကျောင်းဆင်းပြီး ကားပေါ်ရောက်တော့ သူ့အဖေက ဘာဖြစ်တာလဲလို့ မေးတာကို သမီးက မဖြေခဲ့ဘူး၊ နောက်နှစ်ရက်လောက်နေမှ အိမ်မှာသင်ပေးနေတဲ့ ဂိုက်ဆရာမတွေက တဆင့် သိခဲ့ရတာပါ” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်အပေါ် ဖြေရှင်းရန် စက်တင်ဘာ ၁၅ ရက်က ကျောင်းဆရာ ဦးညီညီထွေးနှင့် ကျောင်းသူမိဘများကို ဆုကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ D BIO ဒေါက်တာ နေမျိုးမှ ကျောင်းရုံးခန်းအတွင်း တွေ့ဆုံပေးခဲ့ ရာ ဦးညီညီထွေးက ဝန်ခံခြင်း မရှိဘဲ မချေမငံ ဆက်ဆံကာ ကျောင်းသူ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆိုခဲ့မှု ကြောင့် အခြေအတင်ဖြစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ကျောင်းသူမိဘများက ပြောဆိုသည်။
“တကယ်တမ်း အပြင်မှာ ဖြစ်နေတာက ကျနော်တို့ရဲ့ကလေးကို ဆရာက ရိုက်လို့ မကျေနပ်တာကြောင့် ကျနော်တို့က သွားပြီး ပြဿနာ ရှာတယ်၊ လက်သီးနဲ့ ထိုးတယ် ဆိုပြီး ကျနော်တို့ကို မုန်းနေကြတာပါ။ အမှန်က ကျနော့်သမီးကို ကာယိန္ဒြေပျက်ပြားအောင် လုပ်ဆောင်ခဲ့တာကို မတောင်းပန်တဲ့အပြင် သူ့ကို အသရေဖျက်တယ်။ အမှတ် ၈ စခန်းကို တိုင်မယ်ဆိုပြီး ပြောလာတာကြောင့် ဖြစ်ခဲ့ရတာပါ။ ဖြေရှင်းတဲ့အခါမှာ ငွေကြေးကိစ္စတွေလည်း မပြောခဲ့သလို သူ့ကို မောက်မာပြီး မပြောခဲ့ပါဘူး” ဟု ဦးဝဏ္ဏမျိုးကြည်က ပြောသည်။
လူမူကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် CCTV မှတ်တမ်းဖိုင်တွင် ရုံးခန်း တခန်းအတွင်း ကျောင်းသားမိဘနှစ်ဦးနှင့် စွပ်စွဲခံရ သည့် ကျောင်းဆရာ ဦးညီညီထွေးနှင့် အခြားဆရာတဦးတို့သည် မျက်နှာချင်းထိုင်နေခဲ့ရာမှ ကျောင်းသူ၏ မိခင်မှ ကျောင်းဆရာ ဦးညီညီထွေးကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ကာ အော်ဟစ်ပြောဆိုနေမှုများ ပါရှိသည်။
ယခုအခါ ကျောင်းသူမှာ ကျောင်းဆက်မတက်နိုင်အောင် အရှက်ရနေမှုကြောင့်ဟု ဆိုကာ မိခင်ဖြစ်သူ ဒေါ်မင်းမင်းမြတ် က သူ၏ Facebook စာမျက်နှာတွင် မန္တလေး “ဆု” ကိုယ်ပိုင်ကျောင်းမှ မှားယွင်းစွာ ပျံ့နှံ့နေသော ဗွီဒီယိုဖိုင် အကြောင်းကို အမှန်ကန်ဆုံး ဖြေရှင်းခြင်း ဟူသော Post တင်၍ ဖြေရှင်းထားချက်နှင့် အတူ လူမှုကွန်ရက်ပေါ်တွင် ထိုးနှက်နေ သောသူများကိုလည်း တရားဥပဒေကြောင်း အရ ဆက်လက် လုပ်ဆောင်သွားပါမည်ဟုလည်း ရေးသားထားသည်။
မိခင်ဖြစ်သူ ဒေါ်မင်းမင်းမြတ် က “ကျမတို့ တောင်းပန်စေချင်တာကလည်း အထက်စီးကနေ တောင်းပန်စေချင်တာမျိုး မဟုတ်ပါဘူး။ သမီးလေး ရှက်နေတဲ့ဟာကို ဖြစ်သွားပါတယ် ဆိုတာမျိုး လိုချင်တာပါ။ ဒီလိုဆိုရင် ကျမသမီးအပြင် ထွက်နိုင်မယ်၊ စာဆက်သင်နိုင်မယ်။ အခု ကလေးက ဘာမှမလုပ်နိုင်ပါဘူး။ ကျမသမီးက အရမ်းအေးပါတယ်၊ သူ့ အကောင့်ဆိုပြီး သုံးနေတဲ့ဟာကလည်း သမီးသုံးနေတာ မဟုတ်ပါဘူး။ အိမ်မှာ ဖုန်းလည်း မကိုင်ရပါဘူး” ဟု ပြော ကြားသည်။
စွပ်စွဲခံရသည့် သင်္ချာဆရာ ဦးညီညီထွေး၏ မိသားစုဝင်များကလည်း အမှန်တကယ် တရားစွဲဆိုလာပါက ကာယကံရှင် ကျောင်းဆရာ၏ သဘာထားအတိုင်း ပြန်လည် တုန့်ပြန်မည်ဟု ပြောဆိုထားသည်။
ဦးညီညီထွေး၏ အစ်ကို ဦးမောင်မောင် က “ကျနော်တို့ သိထားတာက ဆရာက ရိုက်တာကို မိဘတွေက မကျေနပ်လို့ ရုံးခန်းထဲမှာ ပေါက်ကွဲကြတယ် လို့ပဲ သိထားတာ။ အခုတော့ အဲဒီအဆင့် မဟုတ်တော့ဘူး၊ ဆရာက ဒီကလေးမလေး ကို ရင်သားကိုင်တယ်လို့ ပြောရအောင် လူ ၄၀ လောက် သင်ရတဲ့ အခန်းထဲမှာ ဘယ်လိုလုပ် ဖြစ်မှာလဲ။ CCTV ကို ပြန်ကြည့်တော့ ထောင့်မှာရှိတဲ့ ကလေးမကို ဆရာကနေပြီးတော့ ပုခုံးကို ရိုက်တာပဲ တွေ့ရတယ်။ အဲဒီလိုဖြစ်တာက နေ ဘယ်လိုလုပ်ပြီး အခုလို ဖြစ်သွားတယ်ဆိုတာ စဉ်းစားလို့ မရဘူး” ဟု ပြောသည်။
ကျောင်းသူ မိဘများမှ ဦးညီညီထွေးကို ကိုယ်ထိလက်ရောက် ရိုက်နှက် ပစ်ပေါက်ခဲ့ကာ အပြင်ထွက်သည့် အချိန်တွင် ကျောင်းသူ၏ ဖခင်ဖြစ်သူက ဆရာ ဦးညီညီထွေးမျက်နှာကို လက်သီးဖြင့် ထပ်ထိုးခဲ့သဖြင့် မျက်နှာဖူးရောင် ဒဏ်ရာ များနှင့် ဦးခေါင်း အက်ကွဲဒဏ်ရာများ ရရှိခဲ့မှုကြောင့် ဆေးရုံတွင် စစ်ဆေး ကုသလျက်ရှိကြောင်း ဦးညီညီထွေး၏ မိသားစုဝင်များက ပြောဆိုသည်။
ဦးမောင်မောင် က “တရားစွဲဆိုမယ် ဆိုတဲ့အပေါ်မှာ မိသားစုဝင် သူ့ရဲ့အစ်ကို တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒါဟာ ပြောင်းပြန် ဖြစ်နေပြီ။ ရပ်တန်းက ရပ်ကြပါတော့။ တကယ်တမ်း တရားစွဲရမှာက ကျနော်တို့ပါ။ ဦးညီညီထွေး ဘက်က တရားပြန်စွဲမယ် မစွဲဘူး ဆိုတာကတော့ ကာယကံရှင် အပေါ်မှာ မူတည်ပါတယ်။ သူတို့ လုပ်ရပ်က မှားနေပြီ လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
ဦးညီညီထွေး၏ ယောက်ဖ ဦးဝမ်း က “ဒီလောက်များတဲ့ ကျောင်းသားတွေကြားထဲမှာ ဆရာတယောက်က ပုတ်တယ်၊ ပွတ်တယ်၊ နှိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ စဉ်းစားစရာပါ။ ညီညီထွေးက သူ့တပည့်တွေ စာတတ်ဖို့ အတွက်ဆို သူ့ အသက်ပင် သေရင်သေပါစေ ဆိုတဲ့ ဆန္ဒမျိုး သူ့ခေါင်းထဲမှာ ရှိတယ်။ အဲဒီလိုလည်း ကြွေးကြော်ထားတဲ့သူ၊ ဒီဖြစ်စဉ်ကို ကျောင်းသားတွေက အသိဆုံးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ကျန်းမာရေး အခြေအနေကြောင့် မီဒီယာတွေကို သူ မဖြေရှင်းနိုင် သေးတာပါ။ ကျောင်းမှာရှိကြတဲ့ ကျောင်းသားတွေကလည်း သူတို့ ဆရာဘက်ကနေ ရပ်တည်ပေးကြပါတယ်” ဟု ဆိုသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဆု ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ D BIO ဒေါက်တာနေမျိုးထံ ဆက်သွယ် မေးမြန်းခဲ့ရာ“နှစ်ဖက်တော့ ညှိပေးနေတာပဲ။ ညှိပေးလို့ မရတော့ မတတ်နိုင်ဘူး။ သူတို့ ဘာဆက်ဖြစ် ကြမယ် မသိဘူး” ဟု ပြန်လည် ဖြေကြားသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် မသိရသေးသည့်အတွက် မည်သို့မျှ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ကျောင်းအနေဖြင့်လည်း ပညာရေး ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ လုပ်ဆောင်မည်ဟု ဆုကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ D BIO ဒေါက်တာ နေမျိုးက ဆိုသည်။
ဆု ကိုယ်ပိုင် အထန်းကျောင်းမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် တည်ရှိပြီး အဆိုပါ ကျောင်းတွင် တက် ရောက် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ ထောင်နှင့်ချီ ရှိကြောင်း သိရသည်။
You may also like these stories:
မတရားမှုတွေ ကိုယ့်အိမ်တံခါးကို ဘယ်အချိန် လာခေါက်မလဲ
Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော
ဗစ်တိုးရီးယားများစွာတို့အတွက် တရားမျှတမှု တောင်းဆိုခြင်း