နိုင်ငံ၏ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲရေးအတွက် ကျောရိုးဖြစ်သော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (GAD) ကို ပြုပြင်ပြောင်းလဲရန်အတွက် တောင်ကိုရီးယားနိုင်ငံက မြန်မာအစိုးရကို ကူညီရန် စီစဉ်နေသည်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စစ်ဖက်မှ အရပ်ဖက် ဌာနဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် လွှဲပြောင်းပေးခဲ့သည်။
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် ကိုရီးယား သမ္မတနိုင်ငံ ပြည်ထဲရေးနှင့် လုံခြုံရေး ဝန်ကြီးဌာတို့သည် ကိုရီးယား-မြန်မာ အများပြည်သူ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး ညီလာခံကို တနင်္လာနေ့က ပူးတွဲကျင်းပပြီး မြန်မာအရာရှိ ၈၀ နှင့် ကိုရီးယားအရာရှိ ၁၃ ဦး တက်ရောက်သည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြုပြင်ပြောင်းလဲရန်အတွက် ကိုရီးယားအစိုးရနှင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောသည်။
“နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာ အတွေ့အကြုံနဲ့ အသိပညာဟာ အဓိကကျတယ်” ဟု သူက ပြောသည်။
စက်တင်ဘာလ အစောပိုင်းက တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ်အတွင်း ပေးခဲ့သော ကတိအရ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုသည်။ ထိုအစီအစဉ်အရ တောင်ကိုရီးယား နိုင်ငံသည် အများပြည်သူ စီမံခန့်ခွဲမှု စွမ်းရည် တည်ဆောက် ခြင်းနှင့် မြန်မာနိုင်ငံတွင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအား ပေးရေးကို ထောက်ကူသွားမည် ဖြစ်သည်။
အထက်ပါ ညီလာခံတွင် အရာရှိများသည် ဒေသစီမံခန့်ခွဲခြင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု၊ သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ အသိရှိသော သယ်ယူပို့ဆောင်ရေး စနစ်များနှင့် ပြည်သူ့ဝန်ထမ်းများ စွမ်းရည် တည်ဆောက်ရေး တို့ကို ဆွေးနွေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ဆိုသည်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အရပ်သား အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းခဲ့သည့် ပထမသုံးလအတွင်း ထိန်းချုပ်မှု ပြောင်းလဲခြင်း၏ ရုပ်ပိုင်းသွင်ပြင်များ ပြုပြင်ရန် လုပ်ခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ၏ အဆိုအရ သိရသည်။ ဒုတိယ သုံးလအတွင်းတွင်မူ ဌာန၏ အဓိကလုပ်ငန်းများကို ပြုပြင် ပြောင်းလဲခြင်း လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ဦးမင်းသူသည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြုပြင်ပြောင်းလဲရန် အစီအစဉ်များကို မေလက ကြေညာခဲ့ပြီး ထိုလုပ်ငန်းများတွင် ဌာနဝန်ထမ်းများ၏ ကျင့်ဝတ် စည်းမျဉ်းများနှင့် လက်စွဲ စာအုပ်များ ပြင်ဆင်ရေးနှင့် တိုးတက်မှု စီမံခန့်ခွဲရေး သိပ္ပံ (IDA) ၏ သင်ရိုးညွှန်းတမ်းများ ပြုပြင်ခြင်းတို့ ပါဝင်သည်။ IDA သည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအား ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု သင်တန်းများ ပို့ချပေးသည်။
ဝန်ထမ်းများလက်စွဲ စာအုပ်နှင့် ကျင့်ဝတ်စည်းမျဉ်းများကို ပြင်ဆင်ရန်နှင့် လက်ရှိ ညွှန်ကြားချက်များ၊ စည်းကမ်းများကို ပြင်ဆင်ရန် လိုမလို သုံးသပ်ရန် ဝန်ကြီးဌာနအဆင့် လုပ်ထုံးလုပ်နည်း ပြန်လည် သုံးသပ်ရေး အဖွဲ့ကို ဖွဲ့စည်းမည်ဟု ဦးမင်းသူက ပြောသည်။ ထိုသို့ ပြန်လည် သုံးသပ်သည့်အဖွဲ့တွင် ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင် နှစ်ဦးနှင့် ဝန်ကြီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အရာရှိများ ပါဝင်မည် ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် IDA ၏ သင်ရိုးကို နိုင်ငံတကာ အဆင့်မီရန် ပြင်ဆင်ရေး အားထုတ်မှုကို အရှိန်မြှင့်တင်နေသည်။
ယခင်က ပြည်ထဲရေး ဝန်ကြီးဌာနက ကြီးကြပ်သည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် မြန်မာနိုင်ငံ အများပြည်သူ ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ကျောရိုးအဖြစ် ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ရပ်တည်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ပြည်ထဲရေး ဝန်ကြီးဌာနသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည့် ဗိုလ်ချုပ်များ ဦးဆောင်သည့် ဝန်ကြီးဌာန သုံးခုတွင်ပါဝင်သည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အစိုးရ၏ လုံခြုံရေးဆိုင်ရာများ၊ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှုကို ကူညီခြင်းနှင့် အရပ်ဖက် ဥပဒေများ အချို့ကို အကောင်အထည် ဖော်ခြင်း စသည်တို့ကို လုပ်ဆောင်သည်။ ၎င်း၏ လုပ်ငန်းများတွင် လူဦးရေ ရွှေ့ပြောင်းမှု၊ လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များ၊ လူဦးရေဆိုင်ရာ အခြေခံ အချက်အလက်များကို အစီရင်ခံခြင်းနှင့် နေပြည်တော်သို့ သက်ဆိုင်ရာ သတင်း အချက်အလက်များ ပေးပို့ခြင်းတို့ ပါဝင်သည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အလွန်အကျွံ စစ်ဆေးစွက်ဖက်ခြင်းကို လူ့အခွင့်အရေး အုပ်စုများနှင့် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများက စိတ်ပျက်ခဲ့ကြသည်မှာ ကာလအတန် ကြာပြီဖြစ်သည်။ ထိုဌာနသည် မြေပြင်မှ အချက်အလက်များကို ပြည်ထဲရေးသို့ ပေးပို့ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို ဖိနှိပ်သော ကိရိယာ ဖြစ်ကြောင်း ၎င်းတို့ကမြင်သည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးချိန်မှ စတင်ပြီး ဦးမင်းသူသည် နိုင်ငံတဝှမ်းသို့ သွားရောက်ပြီး ဝန်ထမ်းများအနေဖြင့် စိတ်နေစိတ်ထား ပြောင်းလဲရန်နှင့် တာဝန် ထမ်းဆောင်စဉ် အကျင့်ဟောင်းများကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို လက်ရှိ အစိုးရခေတ်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးကြီးဟောင်းနှင့် လေတပ်လေယာဉ်မှူးဟောင်းဖြစ်သော ဦးမင်းသူကို ထိုဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုဝင်ဘာလက ခန့်အပ်ခဲ့သည်။
(Nan Lwin ၏ South Korea to Help Reform Myanmar’s Once Military-Controlled Administration ကို ဘာသာပြန်ဆိုသည်။)
ရန်ကုန်ကို တောင်ကိုရီးယား ခြေဦးလှည့်လာပြီ
တောင်ကိုရီးယား- မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် သဘောတူ
လက်ထောက်တဦး၏ အရှုပ်တော်ပုံကြောင့် တောင်ကိုရီးယားသမ္မတ သိက္ခာကျ