ဗစ်တိုရီးယားအမှုတွင် ဖမ်းဆီးခံထားသည့် ကိုအောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်မှ နေပြည်တော် ပုဗ္ဗသီရိ တရာရုံးတွင် တရားစွဲသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရှေ့နေဒေါ်စုဒါလီအောင်ကို ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် ဥပဒေများဆိုင်ရာ ၁၀၁ (က) (၂) ပုဒ်မဖြင့် အပါအဝင် ပုဒ်မ ၂ ခုဖြင့် ပုဗ္ဗသီရိ မြို့နယ် ပတ္တာ ရဲစခန်းတွင် သြဂုတ် ၃၁ ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရပြီး ယနေ့တွင် တရားစွဲရန် ပြင်ဆင်လာခြင်းဖြစ်သည်။
ထိုအမှုကို စစ်ဆေးနေသည့် ပတ္တာ စခန်းမှူး ဒုရဲအုပ် ဇော်လင်းထက် က “ပုဒ်မ ၂ ခုနဲ့ ဖွင့်တာပါ။ တခုက နိုင်လွှတ်လုံ၊ တခုက ကလေးသူငယ် ဥပဒေ။ တခုမှာ နိုင်လွတ်လုံမှာ အမှုမမြောက်ဘူး ဆိုတာက ဥပဒေ အကြံပြုချက်နဲ့ပဲ ဆိုင်မှာပါ။ စခန်းရဲ့ တာဝန်အရ ၂ မှုစလုံးဖွင့်ပေးလိုက်ပါတယ်။ ကျနာ်တို့က တိုင်တဲ့သူ ရှိရင် ဖွင့်ရမှာကို” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင် ကတော့ ယခုအမှုနှင့် ပတ်သက်ပြီး နောက်ဆုတ် သွားမည် မဟုတ်ဘဲ တရားဥပဒေနှင့် အညီ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ယနေ့ သတင်းထောက်များကို ပြောသည်။
ဒေါ်စုဒါလီအောင် က “၁၄ ရက်နေ့က ကျမတို့ ကလေးအဖေကို စစ်တဲ့ အခါ ကလေးအဖေက တရားရုံးမှာ ထွက်တဲ့ ထွက်ချက်နဲ့ ပတ်သက်ပြီးတော့ ကျမတို့ တရားခွင် ပြီးတဲ့ အခါ မီဒီယာတွေ အခုလိုပဲ ဗျူးတဲ့ အခါမှာ ကလေး အဖေရဲ့ ထွက်ချက်အတိုင်းပေါ့။ မီဒီယာ အင်တာဗျူးတဲ့ ကိစ္စနဲ့ အမှုဖွင့်ထားတာရှင့်” ဟု ပြောသည်။
၎င်းက ဆက်၍ “နိုင်လွတ်လုံနဲ့လည်း စွဲထားသေးတယ်။ အဲ့ဒီအမှုက ပယ်ချလိုက်တယ်။ မမြောက်ဖူးဆိုပြီးတော့” ဟု ပြောသည်။
ကိုအောင်ကြီး၏ ရှေ့နေကို တရားစွဲရန် ပြင်နေသည့် ဒေါ်ဥမ္မာလှိုင် ကတော့ “ကျမတို့သားတွေအတွက် အမှန်တရားကို တကန့်ချင်းစီ ချပြသွားမယ်” ဟု မီဒီယာများကို ပြောသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်း တွင် တက်နေသည့် ကလေးငယ်တဦးသည် မေ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ သံသယ တရားခံ အဖြစ် မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး ၏ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီး ကို ဇူလိုင် ၄ ရက်တွင် ဒက္ခိဏ ခရိုင်တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရားစွဲ တင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည့်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေတူးနှင့် အထက် တန်းရှေ့နေ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
You may also like these stories:
နေပြည်တော် ဗစ်တိုးရီးယားအမှု အဂတိ ကော်မရှင်စောင့်ကြည့်နေ
လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို
ဗစ်တိုးရီးယားကို စစ်ဆေးရန် တရားခွင် ပြင်ဆင်ထားမှု ကျေနပ်ကြောင်း ဖခင်ပြော
ဗစ်တိုးရီးယား ထွက်ဆိုသည့် ဗီဒီယိုဖိုင် ကန့်ကွက်ခံရသော်လည်း တရားရုံး လက်ခံ
ဗစ်တိုးရီးယားအမှုမှ ကိုအောင်ကြီးကို အာမခံ ပေးမပေး နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်