၇၄ကြိမ်မြောက် ကုလသမဂ္ဂအတွင်း တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အရာရှိများအကြား သီးသန့် သုံးပွင်ဆိုင် အလွတ်ဆွေးနွေးပွဲ တရပ် တနင်္လာနေ့က ကျင်းပရာ ရခိုင်ပြဿနာနှင့် ပတ်သက်သည့် သဘောတူညီ ချက် သုံးခု ရရှိခဲ့ကြောင်း တရုတ်ဆင်ဟွာ သတင်းကဆိုသည်။
ထိုအစည်းအဝေးကို တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမကထပြုပြီး မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အထူးသံတမန် ခရစ်စတင်း ရှရန်နာ ဘာဂျင်နာတို့ တက်ရောက်ကြကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် သဘောတူညီချက် သုံးချက်ရသည်။ ပထမအချက်မှာ ဒုက္ခသည်များ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် သုံးဦးသုံးဖလှယ်တို့၏ ခိုင်မာသော နိုင်ငံရေး ပိုင်းဖြတ်မှုနှင့် အရေးပါသော နိုင်ငံရေး သဘောတူညီချက် ဖြစ်သည်။ ထိုကိစ္စသည် ဆက်လက်ကြန့်ကြာခြင်း မရှိဘဲ စောလျင်စွာ ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများက သဘောတူကြသည်။
ဒုတိယအချက်မှာ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး သုံးဦး၏ နိုင်ငံရေး ဦးဆောင်မှု အောက်တွင် လုပ်ဆောင်မည့် သက်ဆိုင်ရာလုပ်ငန်းများ အခိုင်အမာ အကောင်အထည်ဖော် ရန် တာဝန်ခံမည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အဓိကပါဝင်ပြီး တရုတ်နိုင်ငံလည်း ပါဝင်မည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲ လုပ်ငန်းအဖွဲ့စနစ် ထူထောင်ရန် အားလုံးက သဘောတူကြခြင်း ဖြစ်သည်။
တတိယအချက်မှာ တိုးတက်မှုသည် ရခိုင်ပြဿနာ ဖြေရှင်းရေးအတွက် အခြေခံနည်းလမ်း ဖြစ်သည် ဟူသော အချက်ဖြစ်သည်။ လက်ရှိ မြန်မာနှင့်တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံး အသုံးချပြီး ရခိုင်ပြည်နယ် နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ များကို ကူညီရန်၊ ပြည်သူများ၏ အလုပ်အကိုင်နှင့် အသက် မွေးဝမ်းကြောင်း မြှင့်တင်ရန်၊ ဒေသ တည်ငြိမ်တိုးတက်မှု အကောင်အထည်ဖော်ရေးအတွက် အခြေအနေများကို အခြေခံအားဖြင့် ဖန်တီးရန်အတွက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လည်း အားလုံးက သဘောတူသည်။
တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသည် လွန်ခဲ့သောနှစ်မှစတင်ပြီး အလွတ်သဘော နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေး သုံးကြိမ်ကျင်းပခဲ့ကြောင်းနှင့် ထိုအစည်းအဝေးတိုင်းတွင် တိုးတက်မှုများ ရှိကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဖရိုဖရဲ ဖြစ်ရပ်များကြောင့် ထွက်ပြေးသူများကို ပြန်လည်ပို့ဆောင်ရန် အလုပ်များစွာ ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောသည်။
ထိုပြဿနာကို ဖြေရှင်းရန် အခြေအနေများသည် များပြားရှည်ကြာလာကြောင်း သူက ပြောပြီး ပါဝင် ပတ်သက်သူများ အားလုံးအနေဖြင့် ဆက်သွယ်ညှိနှိုင်းမှုများ ပိုမိုကြံ့ခိုင်အောင် လုပ်သင့်ကြောင်းနှင့် ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေးအတွက် ကြီးမားသော တိုးတက်မှုရအောင် တွန်းအားပေးသင့် ကြောင်းလည်း သူက ဆက်ပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှိနိုင်ငံတို့၏ မိတ်ဆွေနိုင်ငံတခု အဖြစ် တရုတ်နိုင်ငံသည် ၎င်းတတ်နိုင်သော အကူအညီများ ပေးရန် အသင့်ရှိကြောင်းလည်း သူက ဆိုသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အရာရှိနှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အထူးသံတမန် ခရစ်စတင်း ရှရန်နာ ဘာဂျင်နာတို့က ရခိုင်ပြည်နယ်မှ ဖရိုဖရဲ ဖြစ်ရပ်များကြောင့် ထွက်ပြေးသူများ ပြန်လည်ပို့ဆောင်ကာ စနစ်တကျ နေရာချထားရေး အားထုတ်မှု များ အတွက် တရုတ်နိုင်ငံကို လွန်စွာ ကျေးဇူးတင်ပြီး ပြဿနာကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမြန်ဆုံး ဖြေရှင်းရေး အတွက် ထိရောက်သော နည်းလမ်းများရှာရန် သဘောတူကြသည်။
You may also like these stories:
၂၀၁၉ အတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၃၉ ဦး သေဆုံးပြီး
တိုက်ပွဲအတွင်း ဘာသာရေး အဆောက်အအုံများနှင့် ပြည်သူကို အသုံးမချရန် အဆိုတင်
ရခိုင်တိုက်ပွဲများအတွင်း အရပ်သားသေဆုံးထိခိုက်မှု စုံစမ်းရေးအဖွဲ့ ဖွဲ့ရန် လွှတ်တော် အတည်ပြု
တရုတ်ဖိအားကြောင့် ပေါ်လာသည့် ကျိုင်းတုံ ဆွေးနွေးပွဲ “ဟန်ပြ”ဟု မြောက်ပိုင်း ၃ ဖွဲ့ ပြော