ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန်ရှိ MCE Rainbow ဆပ်ပြာစက်ရုံရှိ အလုပ်သမားများ သပိတ်စခန်း ဖွင့် ထားသည်မှာ ၁ လကျော်လာသော်လည်း ယနေ့အထိ ပြေလည်မှု မရှိသေးကြောင်း သပိတ်ခေါင်းဆောင် ဖြစ်သည့် အဆိုပါ စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မအိဇင်ဖြိုးက ပြောသည်။
အလုပ်သမားများဘက်မှ အချက် ၁၃ ချက်ကို တောင်းဆိုထားပြီး ယင်းအချက်များထဲမှ လက်ထောက်မန်နေဂျာ အမျိုးသမီး ကို အလုပ်မှ ထုတ်ပယ်ရန်နှင့် ကျွမ်းကျင်ကြေး တနှစ်လျှင် ၃ သောင်းကျပ် တိုးမြှင့်ပေးရန်မှ လွဲ၍ တခြား အချက် ၁၁ ချက် ကို ပေးမည်ဟု ပြောနေသော်လည်း လက်တွေ့တွင် အထောက်အထားများ မရရှိသေးကြောင်းလည်း ၎င်းက သပိတ်စခန်း ရှေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
လက်ထောက် မန်နေဂျာ အမျိုးသမီးကို ထုတ်ပယ်ပေးရန် တောင်းဆိုခြင်းသည် အလုပ်သမားများအပေါ် မောက်မာ ရိုင်း စိုင်း စွာ ဆက်ဆံပြောဆိုပြီး အလုပ်သမားများကို ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့် စသည့် ခွင့်ရက်များ ယူသည့် အခါ လူမှုရေးအရ နစ်နာမှုများ အထိပါ ပြောဆိုဆက်ဆံသည့်အတွက် လုပ်ငန်းခွင် အဆင်မပြေမှုများကြောင့် တောင်းဆို ရခြင်း ဖြစ်သည်ဟု လုပ်သက် ၁ဝ နှစ်ရှိသည့် စက်ရုံအလုပ်သမား သမဂ္ဂမှ အမှုဆောင် မအေးသန်းက ပြောသည်။
ယင်း စက်ရုံတွင် လုပ်သက် ၈ နှစ်ရှိပြီ ဖြစ်သည့် မအိဇင်ဖြိုးကလည်း“သူတို့ ပေးမယ်လို့ ပြောတဲ့အချက် ၁၁ ချက်ကလည်း အလုပ်သမား ဥပဒေပါ ပေးကို ပေးရမယ့် အခွင့်အရေးပါ။ နောက် ကျွမ်းကျင်ကြေး တနှစ် ၃ သောင်းကျပ် ဆိုတာကလည်း အလုပ်သမားတယောက် တနှစ်လုပ်ပြီးတာနဲ့ နောက်နှစ်ကစပြီး သူ့ရဲ့ လခမှာ ၃ သောင်းကျပ် တိုးပေးရမှာ။ ဒါတောင် ကျမ တို့က အချိန် ၅ နှစ်ဆိုတာ ကန့်သတ်ပေးထားသေးပါတယ်။ အလုပ်သမားတဦးက အလုပ်ပျော်လို့ သူ့ဘာသာ နှစ် ၂၀ ပဲ လုပ်လုပ်၊ သူ့ ကျွမ်းကျင်ကြေးကို ၅ နှစ် အထိပဲ တိုးပေးဖို့ တောင်းဆိုထားတာ။ အဲဒါတွေကို အလုပ်ရှင်ဘက်က ဘာမှ မလိုက်လျောဘူး”ဟု ပြောဆိုသည်။
သပိတ်မှောက် အလုပ်သမားများ တောင်းဆိုသည့် ကျန်အချက်များသည် အလုပ်သမားများအား ခွဲခြားဆက်ဆံခြင်း မပြု ရန်၊ ပုံမှန် ဝန်ထမ်းအရေအတွက် လျော့နည်းနေသည်ကို ပြန်ဖြည့်တင်းပေးရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို လုပ်ငန်း ခွင်တွင် အလေးအပင်မ မခိုင်းရန်၊ လုပ်ခလစာမှ ဖြတ်တောက်သော ဒဏ်ကြေးကို သမဂ္ဂရန်ပုံငွေ အဖြစ် ထည့်ပေးရန်၊ ကုန်ထုတ်မှု စံချိန်လျှော့ချပေးရန်၊ စက်ရုံတွင် အပူချိန်လျှော့ချရန် ပန်ကာများ တပ်ဆင်ပေးရန် စသည့်အချက်များ ပါဝင် သည်။
နောက်ဆုံးအကြိမ် ညှိနှိုင်းခဲ့သည့် ယခုလ ၂၂ ရက်က အလုပ်ရှင်ဘက်မှ ကျွမ်းကျင်ကြေးကို ၂၅ဝဝ သာ ပေးမည်ဟု ပြော ဆိုချက်ကို လုံးဝလက်မခံကြောင်း၊ ထိုနှုန်းထားသည် ၁ ရက်လျှင် ကျပ် ၁ဝဝ ပင် မပြည့်သည့် နှုန်းထားဖြစ်ကြောင်း သပိတ် မှောက် အလုပ်သမားများက ပြောသည်။
အဆိုပါ စက်ရုံတွင် မူလက အလုပ်သမား ၃ဝဝ ကျော် လုပ်ကိုင်နေခဲ့ပြီး လက်ရှိအချိန်တွင် အလုပ်သမား ၈ဝ ကျော်က သပိတ် မှောက်နေသည့် အတွက် လုပ်ငန်းခွင်တွင် လိုအပ်သည့် ကုန်ထုတ်စွမ်းအားများ အတွက် ပြင်ပမှ အလုပ်သမား ၆ဝ ကျော်ကို ပုံမှန်နှုန်းထားထက် ပိုပေးကာ ခေါ်ယူ အသုံးပြုနေရသည်ဟု စက်ရုံ တာဝန်ရှိသူများ ဘက်က သိရသည်။
သို့ရာတွင် အလုပ်ရှင်အနေဖြင့် မိမိတို့၏ ကုန်အဝင်အထွက် ပြုလုပ်ရသည့် အဓိကဂိတ်ကြီး ၂ ခုလုံးကို ပိတ်ပြီး သပိတ် စခန်း ဖွင့်ထားမှုကြောင့် ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများတွင် များစွာ ထိခိုက်နစ်နာနေရပြီး ငွေကြေးလည်း ဆုံးရှုံးမှုများစွာ ဖြစ်နေရသည်ဟု ဆပ်ပြာစက်ရုံပိုင်ရှင်၏ တာဝန်ကို ယနေ့တွင် လွှဲပြောင်း ရယူလိုက်ပြီ ဖြစ်သည့် ဦးထွဋ်မြတ်ရှိန်က ပြော သည်။
သပိတ်မှောက် အလုပ်သမားများသည် ဥပဒေနည်းလမ်းတကျဖြင့် မိမိတို့ဘက်မှ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ကို ဖြေရှင်းပေးသည့် ခုံသမာဓိ၏ ဆုံးဖြတ်ချက်ကို ခံယူရန် စီစဉ်ခဲ့သော်လည်း ၎င်းတို့သည် ခုံသမာဓိအဖွဲ့၏ ဆင့်ခေါ်မှုများ ကို လာရောက် မဖြေရှင်းကြကြောင်း ၎င်းက ဆက်ပြောသည်။
ဦးထွဋ်မြတ်ရှိန်က“သူတို့ကို ၆ ကြိမ်လောက်အထိ ကျနော်တို့ ခုံသမာဓိအဖွဲ့မှာ ကြားနားဖို့ စောင့်ခဲ့တယ်။ သူတို့မလာတော့ ခုံသမာဓိအဖွဲ့က ကျနော်တို့ကိုပဲ တဖက်သတ် ကြားနာမှု လုပ်ခဲ့ရတယ်။ အဖြေလည်း မကြာခင် ထွက်လာတော့မယ်။ ကျနော် တို့ဘက်က ဥပဒေအတိုင်း ရှင်းလင်းပြီးပြီ။ အဖြေထွက်လာရင် ဒီသပိတ်စခန်းကို ဘယ်သူက ရှင်းလင်းပေးမှာလဲလို့ မေးချင်တယ်။ ကျနော်တို့နည်းနဲ့ ကျနော်တို့ ရှင်းရမှာလား”ဟုလည်း ပြောဆိုသည်။
ယခင်က ကုန်ကြမ်း သယ်ယူပို့ဆောင်မှု၊ ကုန်ချော သယ်ယူပို့ဆောင်မှုကို ယာဉ်များဖြင့် ပြုလုပ်ခဲ့သော်လည်း အဓိက တံခါး ပေါက်များကို ပိတ်ဆို့ကာ သပိတ်စခန်း ဖွင့်ထားသည့်အတွက် စက်ရုံဘေးဘက်က အရေးပေါ် ထွက်ပေါက် အကျဉ်းများမှ သာ လူစွမ်းအားဖြင့် အသုံးပြုနေရကြောင်း၊ ထို့အတွက် ထုတ်လုပ်လိုက်သည့် ပစ္စည်းများကို ဈေးကွက်သို့ အချိန်မီ ရောက် ရှိရေး အပိုင်းတွင်လည်း အခက်အခဲ ရှိနေကြောင်း စက်ရုံ အုပ်ချုပ်ရေး ကော်မတီမှ မန်နေဂျာ ဦးသော်တာထူးက ပြော သည်။
ဦးသော်တာထူးက“စက်ရုံအတွင်းထဲမှာပဲ သပိတ်စခန်း ဖွင့်ထားတယ်။ တံခါးကလည်း နေ့ရောညပါ ပိတ်လို့မရတော့ဘူး။ အဲ့ဒီတော့ သူတို့မဟုတ်တဲ့ ပြင်ပကလူတွေ စက်ရုံထဲကို ဝင်လာနိုင်မလား ဆိုတဲ့ လုံခြုံရေးအပိုင်းကလည်း ကျနော်တို့ စဉ်းစား လာရတယ်။ နောက်ပြီး ဟိုတနေ့က ကျနော်တို့ စက်မှုဇုန်က ဖယောင်းဂိုထောင် မီးလောင်တယ်။ အဲ့ဒီလိုသာ ဖြစ် လာမယ်ဆို ဘယ်လိုလုပ်မလဲ။ ဒီအပေါက်ကျဉ်းလေး ၂ ပေါက်တည်းနဲ့ ကျနော်တို့မှာ အဝင်အထွက် လုပ်နေရတာ။ ဘယ်သူ့ မှာ တာဝန်ရှိလာမလဲ”ဟု ပြာဆိုသည်။
၎င်းက ဆက်လက်၍“တံခါး ပိတ်ဆို့ထားတာတွေနဲ့ အခြေအနေအရပ်ရပ်ကို ကျနော်တို့ သက်ဆိုင်ရာ မြို့နယ် ရဲစခန်းမှာ တိုင်ချက်တော့ ဖွင့်ထားတယ်။ အမှုဖွင့်တာ၊ မဖွင့်တာကတော့ ရဲတပ်ဖွဲ့အပိုင်းပဲ။ ကျနော်တို့ မသိဘူး”ဟုလည်း ပြောသည်။
ထို့ပြင် သပိတ်မှောက် အလုပ်သမားများ အနေဖြင့် ညှိနှိုင်းရေးကို ကြိုဆိုပြီး မိမိတို့ တောင်းဆိုချက်များကို အလုပ်ရှင်က လိုက်လျောသည်အထိ နည်းလမ်းမျိုးစုံ အသုံးပြုကာ တဆင့်ပြီးတဆင့် သပိတ်ကိုတိုးမြှင့် တိုက်ပွဲဝင်သွားမည်ဟု ကြေညာ ခဲ့သည်။