ရက္ခိုင်စစ်တပ် (AA) ကို ငွေကြေး ထောက်ပံ့သည်ဟု ဆိုကာ စွပ်စွဲကာ ဖမ်းဆီးခံထားရပြီး တရား ရင်ဆိုင်နေရသည့် ရခိုင် အသင်း (စင်ကာပူ) ခေါင်းဆောင်များ၏ အမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ် စစ်ဆေးသွားမည်ဟု သတင်း ရရှိသည်။
မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် (CMP) အရ ယနေ့ နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် အစည်းအဝေး ပြုလုပ် ရာ ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များ၏ အမှုကို ရှုပ်ထွေးသည့် အမှုဟု သတ်မှတ်သဖြင့် ရက်ပေါင်း ၂၇၀ အတွင်း အပြီးသတ် စစ်ဆေးရန် ခရိုင်တရားသူကြီး ဒေါ်ချိုချိုမာက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
တရားလိုမှာ အထူးသတင်း တပ်ဖွဲ့မှ ရဲမှူးတင့်ရွှေ ဖြစ်ပြီး တရားစွဲဆို ခံထားရသူများမှာ ရခိုင်အသင်း (စင်ကာပူ)မှ ဦးအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီ)၊ ဦးဟိန်းဇော်၊ ဦးတင်လှိုင်ဦး၊ ဦးရွှေလှိုင်သန်း၊ ဦးထွန်းအေး၊ ဦးရဲကျော်ထက်၊ ဒေါ်အေးမြတ်မွန်နှင့် ကားဆရာ ဦးမြတ်လင်းဦးတို့ ဖြစ်သည်။
အနောက်ပိုင်းခရိုင် တရားရုံး၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဇော်ဇော်ထွန်းက“ရှုပ်ထွေးတဲ့ အမှုလို့ ဘာကြောင့် သတ်မှတ်လဲဆိုတော့ တရားခွင်မှာ တရားခံပြေး အမှုနဲ့ ပူးတွဲ စွဲဆိုလာတဲ့ အမှုက ရှုပ်ထွေးတဲ့အမှုလို့ သတ်မှတ်လို့ ရတယ်။ သက်သေခံချက်တွေ များပြားတဲ့ ကိစ္စ၊ မှုခင်းဆေးပညာ အထောက်အထားနဲ့ ကျွမ်းကျင်သူ ထင်မြင်ချက်တွေ စောင့်ဆိုင်းရမယ့် အမှု၊ နောက်ပြီး တရားခံ ၃ ဦးထက်ပိုများတဲ့ အမှုတွေကို ရှုပ်ထွေးတဲ့ အမှုလို့ သတ်မှတ်ပြီး ရက် ပေါင်း၂၇၀ သတ်မှတ်ပါတယ်”ဟု ရှင်းပြသည်။
CMP စနစ်ကို အနောက်ပိုင်းခရိုင် တရားရုံးက ဇူလိုင်မှ စ၍ ကျင့်သုံးနေခြင်း ဖြစ်ပြီး CMP စနစ်တွင် အမှုအမျိုးအစား များကို အလျင်အမြန် ဆောင်ရွက်ရမည့် အမှု၊ ရိုးရှင်းသည့် အမှုနှင့် ရှုပ်ထွေးသည့် အမှုဟူ၍ ၃မျိုး ခွဲခြား ထားသည်။
အလျင်အမြန် ဆောင်ရွက်ရမည့် အမှုကို ရက်ပေါင်း ၉၀ အတွင်း အပြီးသတ် စစ်ဆေးရမည်ဖြစ်ပြီး ရိုးရှင်းသည့် အမှုကို ရက်ပေါင်း ၁၈၀၊ ရှုပ်ထွေးသည့် အမှုကို ရက်ပေါင်း ၂၇၀ ယူပြီး အပြီးသတ် စစ်ဆေးမည် ဖြစ်သည်။
ခရိုင်တရားသူကြီး ဒေါ်ချိုချိုမာက ဆုံးဖြတ်ပြီး တရားလိုဘက်မှ သက်သေများကို ရက်ပေါင်း ၉၀ အတွင်း အပြီးသတ် တင်ရန် ပြောဆိုထားသည်။
ဦးဇော်ဇော်ထွန်းက“၃ ရက် ၁၀ လက စတွက်ပြီး နောက် ၃ လပေါ့။ ၂၀၂၀ ဇန်နဝါရီ ပထမပတ်မှာ တရားလို သက် သေတွေ အပြီးယူမယ်လို့ ပြောထားတယ်။ ရက်ပေါင်း ၉၀၊ ၃ လပေါ့။ နောက် စာရွက်စာတမ်းတွေကတော့ လာမယ့် ရုံးချိန်းမှာ ပြောမှာပါ”ဟု ပြောသည်။
CMP စနစ် အရ ကြိုတင် ညှိနှိုင်းပြီး သတ်မှတ်ထားသည့် အတွက် မည်သည့်သက်သေ မည်သည့်ရက်တွင် လာထွက် ဆို ရမည်ဆိုသည်က တရားရုံးတွင် မှတ်တမ်းရှိနေမည် ဖြစ်ပြီး သက်သေမလာနိုင်ခြင်း၊ အမှုကြန့်ကြာခြင်းများ မဖြစ်ဘဲ တိတိကျကျ ဆောင်ရွက်ကာ အမှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။
ယခင်က သမားရိုးကျအတိုင်း စစ်ဆေးသည့် အမှုများတွင် သက်သေများ မရောက်လာခြင်းတို့ကြောင့် အမှုကြန့်ကြာ ခြင်းများ ဖြစ်ပြီး ယခုအခါ CMP စနစ်ဖြင့် ဆောင်ရွက်ပါက အမှုကြန့်ကြာခြင်း များလည်း မဖြစ်တော့ဘဲ အမှုအပြီးသတ် စစ်ဆေးမည့်ရက်ကို ကြိုသိရပြီး ရုံးချိန်းမှတ်တမ်းများ အပတ်စဉ် လက်မှတ်ရေးထိုးကာ မှတ်တမ်း သိမ်းဆည်းမည်ဖြစ် သဖြင့် ရုံးချိန်းများ ရှည်ကြာပါက အမှုကို ကြန့်ကြာအောင် မည်သူ့ဘက်မှ ပျက်ကွက်သည် ဟူသည့် မှတ်တမ်းများ လည်း ပေါ်ပေါက်လာမည် ဖြစ်သည်ဟု ဦးဇော်ဇော်ထွန်းက ပြောဆိုသည်။
ဦးဇော်ဇော်ထွန်းက“အဓိက ကျနော်တို့ ဒီဟာကို လုပ်ရခြင်းက ရည်ရွယ်ချက်က မှုခင်းမှာ အငြင်းပွားမှုတွေကို မျှမျှတ တ ဖြေရှင်းပေးဖို့ ဆိုတဲ့ အချက်ရယ် မှုခင်းတွေကို အချိန်နဲ့ တပြေးညီ စစ်ဆေး စီရင်နိုင်ဖို့ အချက်ရယ် အမှု လက်ကျန် နဲ့ ကြန့်ကြာတဲ့ အမှုတွေကို လျှော့ချပြီး တရားရုံးပေါ် ပြည်သူများ ယုံကြည်ကိုးစားမှုကို မြှင့်တင်ရန်ဆိုတဲ့ ရည်ရွယ် ချက် တွေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင်း တရားစီရင်ရေး စနစ်ပြုပြင်ပြောင်းလဲရေး အတွက် ဆောင်ရွက်နေသည့် မဟာဗျူဟာထဲမှ အစီအမံ တခု ဖြစ်သည်ဟုလည်း သိရသည်။
ရခိုင်အသင်း(စင်ကာပူ)မှ ခေါင်းဆောင်များ အမှုတွင် ဦးတင်လှိုင်ဦးနှင့် မမေမြတ်မွန်တို့ကို ရန်ကုန်မှ မန္တလေးသို့ လိုက် ပို့ သည့် အငှားယာဉ်မောင်း ဦးမြတ်လင်းဦးလည်း အမှုတတွဲတည်း တရားစွဲဆိုခံထားရပြီး ၎င်း၏ရှေ့နေ ဦးကျော်မျိုး ထွန်း က“မြတ်လင်းဦး အပိုင်းကတော့ အမှုကို မြန်မြန်ဆန်ဆန် ပြီးစေချင်တယ်။ သူ့အနေနဲ့ တက္ကစီသမားတဦးသာ ဖြစ်တဲ့ အတွက် ငှားရင်း လိုက်ပါသွားရတဲ့ကိစ္စပဲ ပြောတယ်။ ဒါက အမှုတွဲမှာ ချေပရမယ့်ကိစ္စပါ”ဟု ပြောသည်။
ကားဆရာ ဦးမြတ်လင်းဦးမှာ မိသားစု၏ ဝင်ငွေကို အဓိက ရှာဖွေနေသူဖြစ်ပြီး အမှုရင်ဆိုင်နေရသဖြင့် စီးပွားရေးနှင့် လူမှုရေးပိုင်းတွင် နစ်နာမှုများ ရှိနေသည်ဟုလည်း ဦးကျော်မျိုးထွန်းက ပြောဆိုသည်။
ဦးကျော်မျိုးထွန်းက ခရိုင်တရားသူကြီးမှ သတ်မှတ်ပေးသည့် ရက်ပေါင်း ၂၇၀ မှာ ပထမဦးဆုံး ရုံးထုတ်သည့် သြဂုတ် ၉ ရက်မှစပြီး အကျူံးဝင် မဝင် မေးမြန်းရာ တရားသူကြီးက အကျုံးဝင်ကြောင်း ဖြေဆိုထားသော်လည်း တိတိကျကျ မသိရှိရသေးပါဟု ပြောသည်။
ရခိုင်အသင်း (စင်ကာပူ) မှ ခေါင်းဆောင်များနှင့် ကားဆရာအပါအဝင် စုစုပေါင်း ၈ ဦးကို AA အား ငွေကြေးထောက်ပံ့ ပေးသည်ဟူသည် စွပ်စွဲချက်ဖြင့် ရဲ့ အထူးသတင်း တပ်ဖွဲ့မှ ရဲမှူးတင့်ရွှေ က တရားလို ပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
ရခိုင်အသင်း (စင်ကာပူ) မှ ခေါင်းဆောင်များသည် စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ အလုပ်များဖြင့် အသက်မွေးဝမ်း ကျောင်းပြု နေထိုင်နေကြသူများ ဖြစ်ပြီး ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် စင်ကာပူ ပြည်ထဲရေးမှ နေအိမ်များသို့ ဝင် ရောက် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ဖမ်းဆီးရခြင်းမှာ ရခိုင်အသင်း(စင်ကာပူ) အဖွဲ့က စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ထံမှ ငွေကြေး ကောက်ခံ ပြီး AA ကို ထောက်ပံ့နေသည်ဟူသည့် စွပ်စွဲချက်လည်း ပါဝင်ပြီး ဧပြီ ၇ ရက်က စင်ကာပူနိုင်ငံတွင် AA တည်ထောင် ခြင်း ၁၀ နှစ်ပြည့်အခမ်းအနား ကျင်းပကာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့်လည်း ဗီဒီယိုကောခေါ်၍ မိန့်ခွန်း နားထောင်ခြင်းများ ပြုလုပ်သည်ကို လက်မခံနိုင်ကြောင်း စင်ကာပူပြည်ထဲရေးက သတင်းထုတ်ပြန်ထားသည်။
မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် AA ကို ငွေကြေး ထောက်ပံ့ခြင်းနှင့် AA ၏ လုပ်ငန်းများ စင်ကာပူနိုင်ငံတွင်း လုပ်ဆောင်နေသည်ကို လက်မခံနိုင်သဖြင့် ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များကို ပြည် နှင်ဒဏ် ပေးခဲ့သည်။
ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့ တွင် ပြည်နှင်ဒဏ် ပေးခံရသူများ ပြန်လာကြရာ မြန်မာနိုင်ငံ ရဲ အထူးသတင်း တပ်ဖွဲ့က လိုက်လံဖမ်းဆီးပြီး အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် ဦးအောင်မြတ်ကျော် အပါအဝင် ၈ ဦးကို တမှု၊ ဦးအောင်မျိုးဝင်းကို ၅၀ (ည) ဖြင့် တမှု တရားစွဲဆိုထားခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဦးအောင်မြတ်ကျော် အပါအဝင် ၈ ဦး၏ အမှုတွင် သန်းထွန်းနိုင် ပါဝင်သော ၁၆၄ ဦးကို ထပ်မံဖမ်းဆီးရန်လည်း ခွင့်ပြုမိန့် ထုတ်ထားသည်။
အစိုးရနှင့် တပ်မတော်သည် AA ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ကြောင်း ပြောဆိုထားသော်လည်း ပဏာမ အပစ် ရပ်စာချုပ် (Bilateral) ချုပ်ဆိုရန်လည်း တရားဝင် ဆွေးနွေးပွဲများ ကျင်းပကာ ဆွေးနွေးလျက် ရှိသည်။
ဦးအောင်မြတ်ကျော်ပါ ၈ ဦးအမှုတွင် သန်းထွန်းနိုင် (ခေါ်) ဘိုလီ၊ စိုးစိုး (ခေါ်) စိုးမြင့် တို့ကို တရားခံပြေးအဖြစ် ဝရမ်း ထုတ်ထားပြီး ဦးအောင်မျိုးဝင်း အမှုတွင် ဦးကျော်ဟန်၊ ဦးသာထွန်းအောင်နှင့် ဦးထွန်းမင်းနိုင် (ခေါ်) အေးထွန်းတို့ကို အနောက်ပိုင်းခရိုင် တရားရုံးက တရားခံပြေး အဖြစ် သတ်မှတ်ထားသည်။
ပုဒ်မ ၅၀ (ည) သည် နိုင်ငံတော် အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့ကို ငွေကြေး ထောက်ပံ့ ပေးပါ က တရားစွဲဆိုခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်ဒဏ် ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် တ သက်နှင့် ငွေဒဏ် ကျခံရမည် ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၅၂ (က) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့၏ တာဝန်များ ဆောင်ရွက် ပေးခြင်း၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခြင်း ပြုလုပ်လျှင် တရားစွဲဆို ခံရမည့် ပုဒ်မ ဖြစ်ပြီး ပြစ်ဒဏ် ထင်ရှား ကြောင်း တရားရုံးက ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၇ နှစ်ထိ ချမှတ်ခံရနိုင်သည်။