နေပြည်တော်က ဗစ်တိုးရီးယား အမှုတွင် တရားခံအဖြစ် စွပ်စွဲခံထားရသည့် အောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင် ခြိမ်းခြောက်ခံရမှုများ ရှိနေကြောင်း ၎င်းက ယနေ့ ပြောဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က“ဒီ ဗစ်တိုးရီးယားအမှု စစ်ပြီးတော့ နောက်တချိန်းမှာပဲ ကျမ ကားကို ဆိုင် ကယ် ၂ စီးလိုက်တာ တခါကြုံရတယ်။ တော်ရုံတန်ရုံဆို သတိမထားမိဘူး။ ဆိုင်ကယ်၂ စီး လိုက်ပြီးနောက် ၂ ရက်လောက် အကြာမှာ ကားတစီး ထပ်လိုက်တယ်။ ဒီ အမှုလိုက်ပြီးတော့ ထူးခြားတဲ့ ဖြစ်စဉ်ပေါ့”ဟု ပြောပြသည်။
ထိုသို့ နောက်ယောင်ခံ လိုက်နေသည့် သူများရှိနေသည့် အတွက် အန္တရာယ်ရှိနေပြီဟု ယူဆရသဖြင့် ၎င်းကားတွင် CCTV (လုံခြုံရေး ကင်မရာ) တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ ယင်းအမှုကို လိုက်ပါဆောင်ရွက်ခြင်း မပြုရန်လည်း ပြောဆိုမှုများ ရှိခဲ့ ဖူးကြောင်း၊ ယခုအချိန်တွင် ထိုသို့ ပြောဆိုမှုများကို ချပြ၍ မရသေးကြောင်းလည်း ဒေါ်စုဒါလီအောင်က ဆိုသည်။
ယင်းအမှုနှင့် ပတ်သက်၍ ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် ဥပဒေများ ဆိုင်ရာ ၁၀၁ (က) (၂) ပုဒ်မ၊ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာ အကွယ် ပေးရေး (နိုင်လွတ်လုံ) ပုဒ်မ ၁၀၃(က)(၅) ပုဒ်မ ၂ ခုဖြင့် ပုဗ္ဗသီရိ မြို့နယ် ပတ္တာ ရဲစခန်းတွင် သြဂုတ် ၃၁ ရက် က အမှုဖွင့်ထားသည်။
ထိုသို့ ဖွင့်ဆိုထားသည့် ပုဒ်မ (နိုင်လွတ်လုံ) သည် အမှုစွဲတင်ရန် မမြောက်သည့်အတွက် ပယ်ချလိုက်ကြောင်း ပတ္တာ နယ်မြေ ရဲစခန်းက သိရသည်။
ထိုအမှုကို စစ်ဆေးနေသည့် ပတ္တာ စခန်းမှူး ဒုရဲအုပ် ဇော်လင်းထက် က“ပုဒ်မ ၂ ခုနဲ့ ဖွင့်တာပါ။ တခုက နိုင်လွတ်လုံ၊ တခု က ကလေးသူငယ် ဥပဒေ။ တခုမှာ နိုင်လွတ်လုံမှာ အမှုမမြောက်ဘူး ဆိုတာက ဥပဒေ အကြံပြုချက်နဲ့ပဲ ဆိုင်မှာပါ။ စခန်းရဲ့ တာဝန်အရ ၂ မှုစလုံးဖွင့် ပေးလိုက်ပါတယ်။ ကျနာ်တို့က တိုင်တဲ့သူ ရှိရင် ဖွင့်ရမှာကို”ဟု ပြောသည်။
ထိုသို့ ဖွင့်ဆိုထားသည့်အမှုများကို တရားစွဲတင်ရန် အတွက် တရားလိုဖြစ်သူ ဒေါ်ဥမ္မာလှိုင်နှင့် တရားစွဲဆိုခံရသူ ဒေါ်စုဒါလီ အောင် တို့လည်း ယနေ့ ပတ္တာ ရဲစခန်းသို့ ရောက်ရှိလာကြသည်ကို တွေ့ရသည်။
တရားလိုပြုလုပ် တိုင်တန်းသည့် Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်ရခြင်းနှင့် ပတ်သက်၍“ကျနော်တို့ တကန့်ချင်းဆီ ချပြသွားပါမယ်။ နောက်မှ အေးအေးဆေးဆေး ပြောဆိုပါမယ်”ဟုသာ သတင်း ထောက်များကို ပြောဆိုသွားသည်။
ထိုသို့ အမှုဖွင့်ခံရသည့် အကြာင်းအရာမှာ ဗစ်တိုးရီးယားအမှု တရားခွင် စစ်ဆေးရာတွင် ဖခင်ဖြစ်သူ ထွက်ဆိုချက်များ အတိုင်း မီဒီယာကို ပြန်လည်ပြောဆိုသည့် အတွက် တရားစွဲဆိုခြင်း ဖြစ်သည်ဟုလည်း သိရသည်။
ဒေါ်စုဒါလီအောင်က“ကျမ မီဒီယာကို ပြောလိုက်တယ်ဆိုတဲ့ စကားက ဗစ်တိုးရီးယားလေးရဲ့ အဖေကနေပြီးတော့ တရား ခွင်မှာ ထွက်တယ်ရှင့်။ ဗစ်တိုးရီးယားရဲ့ အဖေထွက်ချက်အတိုင်းကို ကျမ တရားဝင် ပြောတာရှင့်။ ဗစ်တိုးရီးယား အဖေက ဒါတွေ ထွက်တယ်ဆိုတဲ့ အကြောင်းကို ကျမ တရားရုံးကနေ၊ တာဝန် မိတ္တူလည်း တရားဝင်ကူးပြီးတော့ ဒီအမှုမှာ တင်ပြ ထားတယ်”ဟု ပြောသည်။
ယနေ့တွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးက အမှုကို လက်ခံခဲ့ပြီး အမှုဖွင့်ခံရသည့် ရှေ့နေ ဒေါ်စုဒါလီအောင်ကို အခြားရှေ့နေ ၂ ဦးက ကျပ် သိန်း ၁၀၀ အာမခံကြေးဖြင့် တရားရုံးမှ အာမခံပေးလိုက်သည်။
ယင်းအမှုနှင့် ပတ်သက်၍ ထိုသို့ ခြိမ်းခြောက်မှုများ ရှိနေပြီး ယခုကဲ့သို့ အမှု ရင်ဆိုင်နေရသော်လည်း ဗစ်တိုးရီးယား အမှုကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အမှုအတွက် တစုံတရာ အနှောင့်အယှက် မဖြစ်စေရန် ရုံးချိန်းကိုပင် ဗစ်တိုးရီးယား အမှု ရုံးထုတ်ရက်နှင့် လွှဲ၍ ယူခဲ့ကြောင်း ဒေါ်စုဒါလီအောင်က ဆိုသည်။
ထိုသို့ စွဲဆိုထားသည့် ပုဒ်မမှာ ပြစ်မှု ပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် ၄ လမှ ထောင်ဒဏ် ၁ နှစ်အထိ ငွေဒဏ် ၄ သိန်း ကျပ်မှ ၈ သိန်းကျပ် အထိ သတ်မှတ်ထားကြောင်းနှင့် ဗစ်တိုးရီးယားအမှုနှင့် ပက်သက်ပြီး ရှေ့နေများစွာ အင်တာဗျူး လုပ်ကြသော်လည်း မိမိကိုမှ ရွေးချယ်တရားစွဲရခြင်း၏ အကြောင်းအရာကို တရားလိုကသာ သိမည် ဖြစ်ကြောင်းလည်း ဒေါ်စုဒါလီအောင်က ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း နေပြည်တော် ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးအေးမြင့်က“ကျနော်တို့ ရှေ့နေ တလျှောက်လုံးမှာ ဒီတရားခွင်မှာ ပြောတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုတာတော့ မကြုံဖူးသေးဘူး။ ဒီအမှုဟာ ရှားရှားပါးပါး အမှုဖြစ်ပါတယ်။ နှစ်ဖက် သက်သေတွေ စစ်ဆေးပြီးရင် ကလေးသူငယ် ဥပဒေ ပုဒ်မ ၁၀၁ (က)(၂) အရ ငြိစွန်း ပေါ်ပေါက် မှု ရှိမရှိ တရားရုံးက သုံးသပ်မှာပါ”ဟု သတင်းထောက်များကို ပြောသည်။
တရား စွဲတင်ခံလိုက်ရသည့် ရှေ့နေ ဒေါ်စုဒါလီအောင်ဘက်မှ ရှေ့နေများက ဝန်းရံသည့် အနေဖြင့်လည်း ပုဗ္ဗသီရိ မြို့နယ် တရားရုံး၏ တရားခွင်အတွင်း ရှေ့နေ ၃၀ ကျော် ဝန်းရံပေးသည်ကိုလည်း တွေ့ရသည်။
ကလေးသူငယ် ဆိုင်ရာ ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် ဒေါ်စုဒါလီအောင်ကို လာမည့် အောက်တိုဘာ ၇ ရက်တွင် ပုဗ္ဗသီရိ မြို့နယ် တရားရုံး၌ Case Management Program (CMP) စီမံ ခန့်ခွဲသည့် စီမံချက်များဖြင့် အမှုမြန်ဆန်ရန် အတွက် စစ်ဆေးသွားမည် ဖြစ်ကြောင်း တရားရုံးမှ သိရသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ် ဗစ်တိုးရီးယားသည် မေ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ သံသယတရားခံ အဖြစ် မူကြိုကျောင်း၊ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ ကိုအောင်ကျော်မျိုး (ခ) ကိုအောင်ကြီးကို ဇူလိုင် ၄ ရက်တွင် ဒက္ခိဏခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် တရား စွဲတင်ခဲ့သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည့်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေ တူး နှင့် အထက်တန်းရှေ့နေ ဦးသဲမောင်မောင်တို့က လိုက်ပါ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
နေပြည်တော် ဗစ်တိုးရီးယားအမှု အဂတိ ကော်မရှင်စောင့်ကြည့်နေ
လိင်အကြမ်းဖက်မှု ကိုကို ၂ ယောက်လုပ်ဟု ဗစ်တိုးရီးယား ထွက်ဆို
ဗစ်တိုးရီးယားကို စစ်ဆေးရန် တရားခွင် ပြင်ဆင်ထားမှု ကျေနပ်ကြောင်း ဖခင်ပြော
ဗစ်တိုးရီးယား ထွက်ဆိုသည့် ဗီဒီယိုဖိုင် ကန့်ကွက်ခံရသော်လည်း တရားရုံး လက်ခံ
ဗစ်တိုးရီးယားအမှုမှ ကိုအောင်ကြီးကို အာမခံ ပေးမပေး နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်