နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မည့် သတင်းများ ထွက်ပေါ်နေသဖြင့် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ သံရုံးတို့က သတိပေးချက်များ ထုတ်ပြန်ထားသည်။
အမေရိကန် သံရုံး၏ သတိပေးချက်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့၌ စက်တင်ဘာ ၂၆၊ အောက်တိုဘာ ၁၆ နှင့် ၂၆ ရက်တို့တွင် တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံ လုံခြုံရေး တပ်ဖွဲ့၏ စုံစမ်းထောက်လှမ်း ချက်အရ သိရှိထားသည့် အစီရင်ခံစာများတွင် ဖော်ပြထားသဖြင့် သတိပေးချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
တိုက်ခိုက်မှုခံရနိုင်သည့် မြို့ကြီးများတွင် သွားလာနေထိုင်နေသူများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို အထူး ဂရုစိုက်ကြရန်၊ သတင်းဌာနများမှသတင်းများကို စဉ်ဆက် မပြတ် စောင့်ကြည့်ဖတ်ရှုပြီး ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများကို ထပ်ဆင့် အသိပေးထားရန်လည်း အမေရိကန်သံရုံး၏ သတိပေးချက်တွင် ဖော်ပြထားသည်။
ဗြိတိန်သံရုံးနှင့် ကနေဒါ သံရုံးတို့ကလည်း နေပြည်တော်ကို စက်တင်ဘာ ၂၆၊ အောက်တိုဘာ ၁၆ နှင့် အောက်တိုဘာ ၂၆ တို့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်မည့် သတင်းများ ပျံ့နှံ့နေသဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဗြိတိန်နှင့် ကနေဒါ သံရုံးတို့၏ သတင်းထုတ်ပြန်ချက်များတွင် ဗုံးခွဲတိုက်ခိုက်ခံနိုင်ချေ ရှိကြောင်း သတင်း အချက်အလက်ကို မြန်မာအစိုးရဘက်မှ အတည်ပြုခြင်း မရှိကြောင်း ရေးသား ဖော်ပြထားသည်။
သို့သော် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ သတင်းထုတ်ပြန် ချက်များကို စောင့်ကြည့်ရန်နှင့် လူမှုကွန်ရက်အပါအဝင် သတင်းဌာနများမှ သတင်းများ ကို စောင့်ကြည့် ဖတ်ရှုကြရန်လည်း သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဗြိတိန်နှင့် ကနေဒါ သံရုံးတို့၏ လုံခြုံရေးသတိပေးချက် ထုတ်ပြန်ချက်တွင် သြဂုတ် ၁၅ ရက်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင်စစ်တပ် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တို့ကို ဝင်ရောက် တိုက်ခိုက် ခဲ့သည့် ဖြစ်ရပ်များကိုလည်း တဆက်တည်း ဖော်ပြထားသည်။
သံရုံးများ၏ သတိပေးချက်များ မထုတ်ပြန်ခင် စက်တင်ဘာ ၁၉ ရက်ကလည်း နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံရေးနှင့် လုံခြုံရေး ဌာနကြီးမှ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများကို ပေးပို့ထားသည့် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။
သမ္မတရုံး၏ စာရွက်တမ်းများတွင် AA၊ ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့မှ တပ်ဖွဲ့ဝင် ၂၀ ဦးက ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ထဆောင်ယန်းမြို့နယ်၊ မယ်လဒုက္ခသည်စခန်းအနီးတွင် အစည်းအဝေး တရပ် ပြုလုပ်ထားပြီး နေပြည်တော်နယ်မြေတွင်း ဖောက်ခွဲတိုက်ခိုက်ရန် သတင်း ရရှိထားကြောင်း ရေးသားဖော်ပြထားသည်။
ဖောက်ခွဲတိုက်ခိုက်မည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် တပ်မတော် နှင့် AA၊ MNDAA၊ TNLA တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို အာရုံလွှဲစေရန် ဖြစ်သည်ဟုလည်း ရေးသား ဖော်ပြထားသည်။
ထို့ကြောင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ရုံး၊ ဌာနအသီးသီးက လုံခြုံရေး အထူးဂရုပြုရန်ဟူ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးတို့က ပေးပို့ထားသည့် စာများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေခဲ့သည်။
ထိုလျှို့ဝှက်စာတွင် ဖော်ပြထားသော မယ်လ ဒုက္ခသည်စခန်း တည်ရှိနေရာကို မယ်ဟောင်ဆောင် ခရိုင်ဟု ဖော်ပြထားချက်မှာ လွဲမှားနေပြီး ထိုစခန်း တည်ရှိနေရာမှာ တာခ်ခရိုင်တွင် ဖြစ်သည်။
အဆိုပါ လျှို့ဝှက်စာနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ – ၁ ဗိုလ်ချုပ် ဂွန်မော် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ထိုစာကို တင်၍ “နောက်စရာမဟုတ်ဘူးနော်” ဟု မှတ်ချက်ပြု ရေးသား ထားသည်ကို တွေ့ရသည်။
သမ္မတရုံး၏ စာအတွင်း ပါဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအနက် KNU နှင့် CNF သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး အစိုးရ ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးများတွင်လည်း တတ်ရောက်ကာ နိုင်ငံရေးဆွေးနွေးနေသည့် အဖွဲ့များ ဖြစ်သည်။
KIA နှင့် AA တို့သည် အပစ်ရပ်စာချုပ်များ ချုပ်ဆိုထားခြင်း မရှိသော်လည်း အစိုးရနှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန နှင့် ဆွေးနွေးနေဆဲ အဖွဲ့များ ဖြစ်သည်။
KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က “သူတို့ပြောတဲ့ မယ်ဟောင်ဆောင် ထိုင်းက ကျနော်တို့ KNU လည်း မရှိဘူး။ CNF လည်း မရှိဘူး။ AA လည်း အဲ့မှာ မရှိဘူး။ မယ်ဟောင်ဆောင် နောက်ပိုင်းက KIO လည်း မရှိဘူး။ မယ်ဟောင်ဆောင် ခရိုင်ဆိုတာ ချင်းမိုင်ရဲ့ အနောက်ပိုင်း၊ ကျနော်တို့ အခြေစိုက်တာက မဲဆောက်ရဲ့ အနောက်ပိုင်း တာ့ခ်ခရိုင်။ နေရာကတော့ မဟုတ်ဘူး” ဟု ပြောသည်။
အောက်ခြေမှ သတင်းစုဆောင်းလာသည့် အချက်အလက် မှန်မမှန်ကို နိုင်ငံတော်အစိုးရ၏ အထက်မှ တာဝန်ရှိသူများက ပြန်လည် စီစစ်ရန် လိုအပ် ပြီး NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအနေဖြင့် လက်ရှိကာလတွင် အပစ်ရပ် ခိုင်မာအောင် ကြိုးစားနေပြီး ဖောက်ခွဲမှုများ လုပ်ဆောင်ရန် မူဝါဒ မရှိပါဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
နိုင်ငံတော်သမ္မတရုံး၏ လျှို့ဝှက် စာရွက်စာတမ်းများ အပြင်ကို ပေါက်ကြားသွားသည့် ကိစ္စက ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာအောင် တည်ဆောက်နေစဉ် ကာလတွင် ယုံကြည်မှုကို ထိပါးစေသည်ကို အစိုးရဘက်မှသတိထားရမည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ဆက်လက်၍ ပဒိုစောကွယ်ထူးဝင်း က “မူလကတည်းက ကျနော်တို့က ယုံကြည်မှုက အားနည်း နေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အစိုးရရဲ့ လျှို့ဝှက်ညွှန်ကြားမှုတခုက အပြင်ကို ထုတ်ခြင်း အားဖြင့် သံသယ ရှိလာမှာပေါ့။ ဒါက ပြည်သူလူထုက ကျနော်တို့ အဖွဲ့အစည်းအပေါ်မှာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ တကယ် ဆန္ဒမရှိပဲ လုပ်သလားဆိုတဲ့ သံသယဖြစ်အောင် တမင်လုပ်သလားဆိုတာကတော့ ကျနော်တို့ ပြောကြပါတယ်” ဟုလည်း ပြောသည်။
နိုင်ငံတော်သမ္မတရုံး၏ လျှို့ဝှက်စာရွက်စာတမ်းများတွင် ဖောက်ခွဲမှုပြုလုပ်မည့်အထဲ ၎င်းတို့၏ အဖွဲ့အစည်း အမည်များပါနေသဖြင့် အစိုးရဘက်သို့လည်း ဆက်သွယ်ပြီး သဘောထားများ ပြောဆို ထားပြီး ဖြစ်သည်ဟု သိရသည်။
ဧရာဝတီမှ မြောက်ပိုင်း မဟာမိတ်နှင့် CNF တို့၏ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
အစိုးရရုံးစိုက်ရာမြို့လည်းဖြစ် သတိပေးထားသည့် မြို့ကြီး ၃ မြို့ထဲတွင် ပါဝင်သည့် နေပြည်တော်တွင်တော့ ယနေ့ မနက်ပိုင်းက လူစည်ကားရာ နေရာ တချို့နှင့် လမ်းဆုံလမ်းခွနေရာ တချို့တွင် လုံခြုံရေးချထားသည်ကိုတွေ့ရှိရသလို ထိုသတင်းကြားသိရပြီး စိုးရိမ်မှုရှိနေသည့် ဈေးဆိုင် တချို့လည်း ယာယီပိတ်ထားသည်ကို တွေ့ရသည်။
နေပြည်တော်တွင် လုံခြုံရေးပေးနေသည့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက “ဟုတ်တယ်ဗျ ဖောက်ခွဲမယ် ဆိုတဲ့ သတင်းအသံ တွေကြောင့် လည်းပါတယ်။ အရင်နေ့တွေကတော့ လုံခြုံရေးမလာရဘူး။ ဒီနေ့မှ လာရတာ” ဟုဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက “အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ သတင်းတွေကြောင့်မို့လို့ ဘယ်နေရာမှာ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ပိုမိုပြီး လုံခြုံရေးတွေ ချထားပါတယ် ဆိုပြီးတော့ မဟုတ်ပါဘူး။ ကျနော်တို့ရှိတဲ့ အစီအမံအတိုင်းပဲ မူဝါဒနဲ့အညီ စနစ်တကျဆောင် ရွက်နေတဲ့ အနေ အထားဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဆက်ပြောသည်။
သပြေကုန်းဈေးတွင် ဖွင့်ထားသည့် ရွှေဆိုင်လုပ်ငန်းရှင်တဦးကလည်း “ဖောက်ခွဲမယ်ဆိုတဲ့ စာရွက်က Facebook မှာဖတ်ရတယ်လေ။ ဟိုဘက်က ဆိုင်တွေတော့ မခင်းဘူး။ ဦးလေးက ခင်းတော့ခင်းထားတယ်။ ဒီလိုတွေ သတင်းတွေ ထွက်ပေါ်နေတော့ စိုးရိမ်မှုတော့ ရှိတာပေါ့။ ပတ်ဝန်းကျင်ကို ကြည့်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်မြလှစံက လုံခြုံရေးသတိပေးချက်များမှာ အစိုးရထံမှ တရားဝင် အကြောင်းကြားချက်များ တစုံတရာ ရရှိထားခြင်းမရှိဘဲ လျှို့ဝှက်ဟူသည့် နိုင်ငံတော်သမ္မတရုံး၏ စာများသာ လူမှုကွန်ရက်ပေါ် တွင် ပျံ့နှံ့နေသည်ကို တွေ့ရှိခြင်း ဖြစ်သည်ဟု ပြောသည်။
ဒေါ်မြလှစံက “ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ အစီအစဉ်တွေက ကြားတော့ ကြားနေတယ်။ ကိုယ်တွေတောင် တနေ့ကမှ ကြားတာဆိုတော့ ပြည်သူကိုတော့ အသိပေးတာ မလုပ်ပေးနိုင်ဘူးရှင့်။ အွန်လိုင်းမှာပဲ သတင်းတွေက ပြန့်နေတာ။ ဘယ်လိုမှန်းကို မသိတော့ လုံခြုံရေးပိုင်းက ရဲတွေမှာ အဓိက တာဝန်ရှိပါတယ်။ ကျမတို့က သွားတာလာတာ ဂရုစိုက်ပါဆိုပြီး ကိုယ့်ပတ်ဝန်းကျင် ပဲပြောနိုင်တယ်” ဟု ပြောသည်။
အုပ်ချုပ်ရေးပိုင်း အကြီးအကဲများ၏ လုံခြုံရေး၊ ပြည်တွင်းမြို့ကြီးများ၏ လုံခြုံရေးနှင့် ပတ်သတ်ပြီး တပ်မတော်တွင် တာဝန်ရှိသဖြင့် တပ်မတော်က ကာကွယ်ရေး၊ လုံခြုံရေးကို အဓိက ကိုင်တွယ် ပေးရမည်ဟု ဒေါ်မြလှစံက ပြောသည်။
“သူတို့က ဒါတွေ လုပ်ဖို့ သင်တန်းတွေ အတွေ့အကြုံတွေ အများကြီး ရှိပြီးသားလေ။ ပြည်သူကတော့ ဘယ်လိုလုပ်သိမှာလဲ။ သူတို့ အနေနဲ့ကတော့ လုံခြုံရေးပိုင်းကို အဓိက တာဝန်ယူ ဆောင်ရွက်ပေးဖို့ကတော့ လိုအပ်နေပါတယ်” ဟုလည်း ဒေါ်မြလှစံက ဆိုသည်။
အများပြည်သူ လုံခြုံရေးနှင့် သက်ဆိုင်သည့် ထိုသတင်းအချက်အလက်များသည် လူမှုကွန်ရက်တွင် ပေါက်ကြားလာသည့် လျှို့ဝှက်စာနှင့် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ သံရုံးများမှ ထုတ်ပြန်ချက်ကြောင့်သာ ပြန့်နှံ့လာခြင်းဖြစ်သော်လည်း အစိုးရ သက်ဆိုင်ရာ ဌာနများကတော့ တရားဝင်ထုတ်ပြန် အသိပေးခြင်းများ မတွေ့ရသေးပါ။
ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကလည်း “ကျမတို့ ဘာသတင်း အချက်အလက်မှ မရထားပါဘူး” ဟု ပြောသည်။
သတင်းထောက် မိုးမိုး ပူးပေါင်းရေးသားသည်။