အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၅၆ ဖြင့် အမှုဖွင့် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ညနေတွင် သတင်းထုတ်ပြန်သည်။
သတင်းထုတ်ပြန်ချက်အရ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးရန်ဟူသည့် တိုင်ကြားစာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာမှ ထိုကဲ့သို့ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးတဲ့အချိန်မှာ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ နှစ်ယောက်က ဒီလို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပေါ်ပေါက်တဲ့ အတွက်ကြောင့် ပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခြင်း ဖြစ်ပါတယ်” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဧရာဝတီကို ပြောသည်။
လတ်တလောတွင် ၎င်းတို့ ၂ ယောက်အား သက်ဆိုင်ရာ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီဖြစ်ပြီး ကော်မရှင် အနေဖြင့်လည်း တရားစွဲဆိုနိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။
အထက်ရဲရွာ ရေအားလျှပ်စီမံကိန်း၏ The Design and Construction of the Underground Works လုပ်ငန်းများအတွက် တင်ဒါ အောင်မြင်ခဲ့သည့် လုပ်ငန်း ၅ ပိုင်းအနက် အပိုင်း(၃)၊ Power House, Open Cut Work, Upper Part (EL 485-385m) Excavation လုပ်ငန်းပြီးစီးမှု အပေါ် ကုမ္ပဏီမှ လုပ်ငန်းပြီး စီးကြောင်း လက်မှတ် (Taking Over Certificate) ထုတ်ပေးရန် တောင်းခံခဲ့သည်။
ထို့အတွက် ဌာနမှ TOC ထုတ်ပေးခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းချက်များအရ နောက်ကျ ဒဏ်ကြေး တန်ဖိုး Euro(225,930.69) ( မြန်မာငွေ သိန်း ၃၀၀၀ ကျော်) အား တောင်းခံရန် ပျက်ကွက်ခဲ့သောကြောင့် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးသည် နိုင်ငံတော်၏ ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းတွင် တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်း(၂)ခု ကို ဆောင်ရွက်ရာ၌ ကုမ္ပဏီမှ အလုပ်သမားများအား သုံးစွဲမှုမရှိဘဲ ဌာန၏ လုပ်ငန်းခွင်ရှိ ပုတ်ပြတ် နေ့စား အလုပ် သမား ဝန်ထမ်းများအား သုံးစွဲခွင့်ပြုခအဖြစ် သီးခြား ငွေတောင်းခံသဖြင့် ကုမ္ပဏီမှ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးပို့ သည်ကို လက်ခံရယူခဲ့ခြင်းဖြင့်လည်း အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ဟု ဆိုသည်။
ဆက်လက်၍ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင်သည် ၎င်းစီမံခန့်ခွဲပိုင်ခွင့် ရှိသော ရေအားလျှပ်စစ် ဒီဇိုင်းများနှင့် စပ်လျဉ်း၍ မူလက ကမ်းလှမ်းသော ဈေးနှုန်းထက်ပိုမိုသည့် တန်ဖိုးဖြင့် စာချုပ်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ခ အဖြစ်လည်းကောင်း၊ လျှပ်စစ်စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ်အတွက် ခရီးစရိတ်ငွေ အဖြစ်လည်းကောင်း ကုမ္ပဏီများထံမှ စုစုပေါင်း ငွေ ကျပ် သိန်း (၃၁၀)ကို တောင်းခံ ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။
အဆိုပါ ညွှန်ကြားရေးချုပ်နှင့် ညွှန်ကြားရေးမှူးတို့ အဂတိလိုက်စားမှုကျူးလွန်ခဲ့သည်ဟု ဆိုသည့်ကုမ္ပဏီ၏ နာမည်ကိုမူ မသိရှိရသေးပါ။
အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဒုဋ္ဌဝတီမြစ်ပေါ်၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။
မဂ္ဂါဝပ် ၂၈၀ ရှိသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် ဆောက်လုပ်ဆဲဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်းနှင့် တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၄၀၉ သန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနအဆိုအရ သိရသည်။
ကော်မရှင်၏ ထုတ်ပြန်ချက်တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်း၊ ဥတ္တရ သီရိမြို့နယ် ဘုရားကုန်း မြို့မရဲစခန်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း တို့တွင် ၂၀၁၉ စက်တင်ဘာ ၂၆ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြထားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
You May Also Like These Stories:
LNG လျှပ်စစ်မီး စီမံကိန်း တကယ် အလုပ်ဖြစ်မလား
ရဲရွာစီမံကိန်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စစ်ဆေးခံနေရ
လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းချီ လျော့သွားပြီး၊ မီတာခငွေကျပ် ၃၆ ဘီလီယံ ပိုမို ရရှိဟုဆို