သတင်း

ဗစ်တိုရီးယား၏ ဖခင်အပါအဝင် ၆ ဦး အမှုဖွင့်ခံရ

ဗစ်တိုရီးယား၏ ဖခင်အပါအဝင် ၆ ဦးကို Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ပတ္တာနယ်မြေရဲစခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့က မှုဖွင့်ထားကြောင်း ပတ္တာရဲစခန်းမှ စုံစမ်းသိရှိရသည်။

အမှုဖွင့်ခံထားရသူများမှာ ဗစ်တိုရိးယား၏ ဖခင် အပါအဝင် ဖခင်၏အကိုနှင့် အမ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ ယခုအမှုကို လိုက်ပါဆောင်ရွက်နေသူ သက္ကမိုးညို (ဒေါက်တာ ဝင်းကိုကိုသိန်း) တို့ဖြစ်သည်။

အမှုဖွင့်ခံထားရသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်း က “သူတို့ဘာစိတ်ကူးနဲ့ စွဲလဲတော့ ကျနော်မသိဘူး။ ကျနော်တို့ဘက်ကတော့ သူတို့စွဲစရာရှိလို့ စွဲတယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ ဘက်က သိပ်ပြောစရာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဗစ်တိုရီးယား အမှုအား ဒက္ခိဏခရိုင်တရာရုံးတွင် စစ်ဆေးစဉ် လူမှုကွန်ရက်၌ ပြန့်နှံ့နေသော “ကိုကို၊ ညီညီ” ဟူသည့် ဓာတ်ပုံနှင့် စွပ်စွဲပြောဆိုနေမှုအား အခြေခံ၍ ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦး ဓာတ်ပုံကို ဗစ်တိုရီးယား ဖခင်၏ အကိုနှင့် အမဖြစ်သူတို့မှ ဗစ်တိုရီးယားကို ပြသကာ ဖခင်က လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးခဲ့သည်ဟုဆိုသည်။

ထိုရိုက်ကူးထားချက်အား ၁၄.၈.၂၀၁၉ ရက်နေ့ ရုံးချိန်တွင် တရားဥပဒေနှင့်မညီ သည့် သက်သေခံချက်များကို တင်သွင်းပြုလုပ်ခဲ့သဖြင့် သတင်းမီဒီယာများအား တရားလိုရှေ့နေနှင့် တရားခံရှေ့နေတို့မှ ဖြေကြားမှုများကြောင့် ၎င်း၏ သား ၂ ဦးမှာ ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲပြောဆို ထင်မြင်ခံနေရကြောင်း ဒေါ်ဥမ္မာလှိုင်က တိုင်တန်းထားသည်။

ထို့အပြင် ၎င်း အမှုတွင် ပါဝင်ဆောင်ရွက်နေသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်း မှလည်း ၁၄.၉.၂၀၁၉ ရက်နေ့ စတုတ္ထရုံးချိန်းဆိုသော ခေါင်းစဉ်ဖြင့် အဆိုပါ ဗီဒီယိုဖိုင် အကြောင်းအား ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကြောင်းလည်း ဆိုထားသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေါ်ဥမ္မာလှိုင်က ၎င်း၏ သား ၂ ဦး မှာ အသက် ၁၈ နှစ်မပြည့်သေး
သည့် ကလေးသူငယ် များဖြစ်သဖြင့် သား ၂ ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်း၊ လူ့ပတ်ဝန်းကျင်၌ အရှက် ရစေခြင်းများ ဖြစ်ပေါ်စေသဖြင့် အဆိုပါ ၆ ဦးအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) ဖြင့် အမှုဖွင့် ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ကိုအောင်ကြီး၏ ရှေ့နေဒေါ်စုဒါလီအောင်ကို ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် ဥပဒေများဆိုင်ရာ ၁၀၁ (က) (၂) ပုဒ်မဖြင့် ပုဗ္ဗသီရိ မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့ပြီး လာမည့် အောက်တိုဘာ ၇ ရက်နေ့တွင် ချိန်းဆိုထားသည်။

နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ဗစ်တိုရီးယားမှာ ယခုနှစ် မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

Wisdom Hill အမှု ဖော်ထုတ်ရန် မလွယ်ဟု CID ပြော

အောင်ကြီး၏ ရှေ့နေ ဒေါ်စုဒါလီအောင် ခြိမ်းခြောက်ခံနေရဟု ဆို

Wisdom Hill ကျောင်းကို အရေးယူမည်ဟု သမ္မတရုံး ပြော

ကိုကို နဲ့ ညီညီလုပ်သည်ဟု ဗစ်တိုးရီးယားပြော

Loading