ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်ရှိဒီမိုကရေစီမှာ စစ်မှန်မှုမရှိသေးကြောင်း ယနေ့ကျင်းပသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပါတီ ၃၁ နှစ်ပြည့် အခမ်းအနားအပြီးတွင် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဧရာဝတီသို့ပြောသည်။
ဒေါက်တာ မျိုးညွန့်က “ကျနော်တို့ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ လည်း လက်ရှိ ဒီမိုကရေစီဟာ စစ်မှန်မှုမရှိပါဘူး။ ဒါကို ပြည်သူအများ လက်ခံတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်အောင် ပြန်လည် ပြုပြင်ဖို့လိုပါတယ်” ဟု ပြောသည်။
ပြည်သူ့မဲဖြင့် ရွေးချယ်ခံမဟုတ်သူများ လွှတ်တော်အတွင်းရှိနေခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင်း အားလုံးအား ပြည်သူများရွေးချယ်ခွင့်မရှိသေးသည့် အခြေအနေများမှာ ထင်ရှားသည့် သာဓကများဖြစ်ပြီး လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းအခြေခံမှသာ ဒီမိုကရေစီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပကာ မဲပေးတိုင်းလည်း ဒီမိုကရေစီမဟုတ်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။
ပြည်တွင်းစစ်နှင့် ဆက်စပ်နေသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတို့တွင် စိန်ခေါ်မှုများစွာရှိနေပြီး NLD ၏ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ပြည်သူလူထု၏ ထောက်ခံဝန်းရံမှု များအား အမြဲတမ်းယုံကြည်ကြောင်းလည်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ပြည်သူတရပ်လုံးအတွက် အရေးကြီးသည့် စိန်ခေါ်မှုဖြစ်ပြီး ပြည်သူလူထု လက်မခံသည့်၊ ဒီမိုကရေစီ စံချိန်စံညွန်းများနှင့် မညီသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအား အမျိုးသား ရေးတာဝန်တရပ်အဖြစ် ခံယူကြရန်လည်း NLD ကတိုက်တွန်းထားသည်။
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအနေဖြင့် လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော် တွင်း ရှိနေသည့် ပါတီများ၊ တသီးပုဂ္ဂလနှင့် တပ်မတော် အစုအဖွဲ့တို့ အချိုးကျပါဝင်သည့် ပူးပေါင်းကော်မတီ တ ရပ်ဖွဲ့စည်းကာ ဆောင်ရွက်လျှက်ရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ် ၃ ဦးမှာ ကော်မတီက နှုတ်ထွက်ခဲ့ပြီး ဖြစ်သည်။
ဒေါက်တာမျိုးညွန့်က “NLD ပါတီတခုတည်းရဲ့ ဆန္ဒအရလုပ်ချင်ရင် လက်ရှိ နိုင်ထားတဲ့အမတ်ဦးရေအရ ပါတီ တခုတည်းနဲ့ လုပ်နိုင်ပါတယ်။ ဒီလို ပူးပေါင်းကော်မတီ ဖွဲ့စည်းတယ်ဆိုတာကိုက အများပါဝင်တာကို ကျနော်တို့ လိုလားတယ်။ ကြိုဆိုတယ်ဆိုတာ ပြနေတာပါပဲ။ ဒီသုံးဦးနှုတ်ထွက်ယုံမျှနဲ့တော့ ပူးပေါင်းကော်မတီရဲ့ သဘာဝ က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး” ဟုပြောသည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် အမှန်၊ အမှားဆိုသည်ထက် စေတနာအပြည့်နှင့် သွားနေသည့် လမ်းကြောင်းဟုတ်မဟုတ် တစုံတယောက်၊ တစုတဖွဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်လုပ်နေသလားဆိုသည်ကိုပင် မကွဲပြားသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။
ဦးစိုင်းလိတ်က “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ စံချိန်စံညွန်းနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီနိုင်ငံတခု တည် ထောင်ဖို့ဆိုရင် အဓိကအားဖြင့် စိတ်စေတနာသန့်ဖို့ လိုအပ်ပါတယ်။ လမ်းခရီးတဝက်မှာမှ အကျိုးတစုံတရာ အတွက် လမ်းလွဲသွားတာမျိုး ရှိနေကြတယ်၊ အဲ့ဒီအတိုင်းလဲ ဆက်ပြီးသွားနေကြတယ်လို့ မြင်တယ်။ စေတနာ သန့်သန့်နဲ့ အလုပ်လုပ်နေကြတာ မဟုတ်သေးဘူးလို့ပဲ သုံးသပ်လို့ရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အပြောင်းအလဲအား အမှန်တကယ် စွမ်းဆောင်သည့်ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သာလျှင် မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို ပြောင်းလဲနိုင်မည့် ခေါင်းဆောင်ဖြစ်ကြောင်းလည်း NLD ကဆိုထားသည်။
ပါတီဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက “စိတ်ရောကိုယ်ပါ နည်းမျိုးစုံ နှိပ်စက်ခံခဲ့ရပေမယ့် အမြော် အမြင်တရား၊ မေတ္တာတရားနဲ့ စိတ်ရှည်၊ ဇွဲရှိ၊ သည်းခံမှုအပေါင်းကို စွဲမြဲခဲ့သူ လူထုခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တဦးသာလျှင် မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို မုချပြောင်းလဲနိုင်မယ့် ခေါင်းဆောင်ဖြစ်ပါတယ်”ဟု ယနေ့ကျင်းပသည့် အခမ်းအနား သဘာပတိမိန့်ခွန်းတွင် ပြောခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးမှာလည်း NLD ပါတီအတွက် အဓိကကျသည့် စိန်ခေါ်မှုတရပ် အဖြစ်ရှိနေပြီး အပြတ်အသတ် အနိုင်ရရှိရေးအတွက် မဟာဗျူဟာရေးဆွဲ ဆောင်ရွက်နေကြောင်း NLD ကဆို သည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရှုံးနိမ့်မှုများရှိခဲ့သည့် NLD အနေဖြင့် ၂၀ ၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာ ကော်မတီတရပ်အား ပြီးခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ဖွဲ့စည်းထားသည်။
၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရကာ အစိုးရဖွဲ့စည်းနိုင်ခဲ့သည့် NLD အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင်လည်း ညွန်ပေါင်းအစိုးရ ဖွဲ့စည်းမှုမျိုး မလိုချင်ကြောင်းနှင့် တိုင်းရင်းသားပြည်သူများနှင့် ပိုမိုထိတွေ့ ကာ နားလည်မှု တိုးတက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောထားသည်။
NLD ပါတီတည်ထောင်ခြင်း ၃၁ နှစ်မြောက် အခမ်းအနားအား ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နာယက သူရဦးတင်ဦး၊ ဗဟိုကော်မတီဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းတို့ တက်ရောက်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League For Democracy – NLD) ပါတီအား ၁၉၈၈ ခုနှစ်၊ စက်တင် ဘာလ ၂၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ဦးအောင်ကြီး၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦး၊ အထွေ ထွေ အတွင်းရေးမှူး အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့က တာဝန်ယူခဲ့ကြသည်။