ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၂၆ ဦးထဲတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၁ ဦး ပါဝင်လာသည့်အတွက် ဖမ်းဆီး စစ်ဆေးလျှက် ရှိကြောင်း သတင်း ရရှိသည်။
အဆိုပါ ၂၆ ဦးမှာ စက်တင်ဘာလ ၂၅ ရက်နေ့က မောင်တောမြို့နယ် တောင်ပြိုလက်ဝဲဘက်မှ တဆင့် မိမိဆန္ဒ အလျောက်ပြန်ဝင်လာသူများဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က “အားလုံး ၂၆ ဦးပါတယ်။ မိသားစု ၃ စုပေါ့။ သူတို့က တောင်ပြိုဘက်ကနေ ဝင်လာကြတာ။ အဲဒီအထဲမှာ ကျနော်တို့ စိစစ်ကြည့် လိုက်တော့ အကြမ်းဖက်နဲ့ အမှုဖွင့်ထားတဲ့ လူတယောက် ပါလာတယ်။ သူတို့ကိုတော့ ကျနော်တို့ ဖမ်းပြီး စစ်ဆေးနေတယ်။ ကျန်တဲ့ လူတွေကိုတော့ လိုအပ်တဲ့ ကူညီမှုတွေပေးပြီ ဒီအတိုင်း ဝင်ခိုင်း လိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ်အတွင်း ARSA တိုက်ခိုက်မှုဖြစ်စဉ် နောက်ပိုင်းကတည်း တိုက်ခိုက်မှုတွင် ပါဝင်သူများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ နာမည် ဓာတ်ပုံ များနှင့်တကွ ကြေငြာထားကာ ပြန်လည်ဝင်ရောက်လာသူများကို ထိုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးရာမှ ထိုသို့ စိစစ်တွေ့ ရှိခြင်း ဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
လက်ရှိအချိန်အထိ တဘက်နိုင်ငံသို့ ရောက်ရှိနေသူ ဘင်္ဂါလီများအထဲတွင် နှစ်နိုင်ငံသဘော တူညီမှုဖြင့် မဟုတ်ဘဲ လှေစီပြေးသူ၊ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသူ စသည့်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပြန်လည် ဝင်ရောက်လာသူ ၂၇၀ ဦး ရှိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။
ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာသူများကို ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ၏ အစီအစဉ် အတိုင်း နီးစပ်ရာ ဆွေမျိုသားချင်းများရှိသော ကျေးရွာများတွင် ပြန်လည်နေရာချထားပြီး ထောက်ပံ့မှုများကိုလည်း ပေးအပ်ထားကြောင်း ဒေသအာဏာပိုင်းများက ဆိုကြသည်။
ယခုလ ၁၁ ရက်နေ့က စစ်တွေမြို့ အစိုးရ ဧည့်ဂေဟာတွင် ယင်းသို့ ပြန်လည်ဝင်ရောက်လာသူူ များထဲမှ ၁၀ ဦးနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးတို့တွေ့ဆုံခဲ့ပြီး ၎င်းတို့ ပြန်လည်ဝင်ရောက်လာသည့် အကြောင်းအရာများနှင့် လက်ရှိနေထိုင်ရသည့် အနေအထား များကို တွေ့ဆုံးမေးမြန်းခဲ့ကြောင်းလည်း ပြန်လည်ဝင်ရောက်လာသူ ကိုမာမွတ် ရှော်ရှီက တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
မြန်မာအစိုးရသည် အဆိုပါ နေရပ်စွန့်ခွာ ဘင်္ဂါလီများအရေးနှင့် ပတ်သက်ပြီး ကုန်းလမ်းက ပြန်ဝင်လာသူများကို မောင်တောမြို့နယ် တောင်ပြို လက်ဝဲ စခန်းတွင် လက်ခံရန် ပြင်ဆင်ထားပြီး ရေလမ်းက ပြန်ဝင်လာသူများအတွက် ငခူရစခန်းတွင် လက်ခံရန် စခန်း ၂ ခု အဆင်သင့် ဖွင့်လှစ်ထားရှိသည်။
တဘက်နိုင်ငံရောက် ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် နေရပ်စွန့်ခွာသူ ဘင်္ဂါလီ ၃၄၅၀ ကို သြဂုတ်လ ၂၂ ရက်နေ့မှ စတင်၍ ပြန်လည် ပေးပို့ရန် ဘင်္ဂဒေ့ရ်ှ အစိုးရမှ တရားဝင် အကြောင်းကြားစာ ပေးပို့ထားသော်လည်း လက်ရှိအချိန်ထိ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တဦးတယောက်မှ ပြန်လည် ဝင်ရောက်လာသူ မရှိသေးပေ။
ယင်းအပြင် ပြီးခဲ့သော ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၁၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရ်နိုင်ငံရောက် နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက် လာမည်ဆိုသည့်အတွက် မြန်မာဘက်မှ ကြိုဆို လက်ခံရေး စခန်းများ ဖွင့်လှစ်ထားသည်။
မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ နေရပ်စွန့်ခွာသူ ဘင်္ဂါလီများ ပြန်လည် ဝင်ရောက်လာမည့် ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ထမ်းများနှင့် အမြဲတန်း အဆင်သင့် ပြင်ဆင်ထား ရှိကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကတည်းက ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများ အတွက် လူနေဆောင်များ၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးမည့် အခြေအနေများ၊ အရေးပေါ် လူနာတင်ကားများ၊ လုံခြုံရေး အစီအမံများ ကို ကြိုဆို လက်ခံရေး စခန်းများတွင် စနစ်တကျ ဆောင်ရွက် ထားရှိကြောင်းလည်း သိရသည်။
ဘင်္ဂလားဒေ့ရ်ှရောက် နေရပ်စွန့်ခွာသူ ဘင်္ဂါလီများကတော့ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးနှင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုရေး ၊ မူလနေရာတွင် ပြန်လည် နေထိုင်ခွင့် ရရှိရေး အပါအဝင် လွတ်လပ်စွာ သွားလာခွင့် ရရှိရေး တို့ကို တောင်းဆိုထား ကြောင်းလည်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ အနီး နှစ်နိုင်ငံ နယ်စပ်မျဉ်း မြန်မာနိုင်ငံ ဘက်ခြမ်းတွင် ယာယီတဲများဖြင့် နေထိုင်ကြသည့် နေရပ်စွန့်ခွာ ဘင်္ဂါလီများမှာလည်း လက်ရှိအချိန်အထိ ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးဘဲ ယင်းနေရာတွင် ဆက်လက် ရှိနေသေးကြောင်း သိရသည်။
နေရပ်စွန့်ခွာသူများထဲမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်မှာလည်း တဘက် ဘင်္ဂလားဒေ့ရ် နိုင်ငံရှိ ဒုက္ခသည် စခန်းတွင် ရှိနေကြောင်း သိရသည်။
မောင်တောခရိုင် အတွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ARAS အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဒေသခံ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီတိုင်းရင်းသားနှင့် ဟိန္ဒူဘာသာဝင်များ အမြောက်အများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို သိန်းနှင့်ချီသော ဘင်္ဂါလီများမှာလည်း တဘက်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်သွားခဲ့သော ဘင်္ဂါလီများအား ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသ ဘောတူညီချက် စာချုပ်ပါ အတိုင်းလက်ခံရန် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ဆွေးနွေးသဘော တူခဲ့ကြသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက တဘက်နိုင်ငံသို့ ရောက်ရှိသွား သော ဘင်္ဂါလီများကို ပြန်လည် လက်ခံရန်အတွက် လက်ခံရေးစခန်းများ အဆင်သင့် ပြင်ဆင်ထားသည်။