လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သော မန္တလေးမြို့ ဆုကိုယ်ပိုင် အထက်တန်းကျောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်ဖက် ပြေလည်မှု ရရှိပြီဖြစ်ကြောင်း စွပ်စွဲခံရသည့် သင်္ချာဆရာ ဦးညီညီထွေးဘက်မှ လိုက်ပါ ဆောင်ရွက်နေသူ ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
ဦးသိန်းသန်းဦးက“ကျောင်းသူမိဘတွေနဲ့ဆရာ ဦးညီညီထွေးတို့ကြားမှာ မြို့က လေးစားရတဲ့ ကျူရှင်ဆရာကြီး ဆရာ မကြီးတွေက ညှိနှိုင်းဖြေရှင်းပေးလို့ သူတို့ချင်း ကျေအေးခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ကျတော့ ဆရာ့ ရဲ့ ဂုဏ်သိက္ခာအရ တရားဝင် ထွက်ပြောဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက်ကြောင့် သတင်းစာ ရှင်းလင်းရခြင်း ဖြစ်ပါ တယ်”ဟု ပြောသည်။
အဆိုပါ ရှင်းလင်းပွဲကို စက်တင်ဘာ၂၆ ရက်က မန္တလေးမြို့ရှိ မီဒီယာစင်တာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဦးညီညီထွေး နှင့် ၎င်း၏ ရှေ့နေတို့ တက်ရောက် ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ ညှိနှိုင်းမှုများကြောင့် ဆရာ ဦးညီညီထွေး အနေဖြင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စေခြင်း၊ သတင်းစာတွင် ကြေ ညာချက် ထည့်သွင်းခြင်း၊ ကျောင်းသားမိဘများ၏ နို့တစ်စာ ပြန်လည် ရုပ်သိမ်းခြင်း၊ ယခုကိစ္စနှင့် ပတ်သက်ပြီး ရောက် ရာ နေရာတွင် ရပ်စေခြင်း စသည့် အချက် ၇ ချက်ပါ စာချုပ်ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ရှေ့နေ ဦးသိန်းသန်းဦးက ပြော သည်။
ထို့ပြင် နှစ်ဖက် အပြန်အလှန် တရားစွဲဆိုမှု မပြုရန်နှင့် ဦးညီညီထွေး အနေဖြင့် ယခု စာသင်နှစ် ပြီးဆုံးသည်အထိ ဆု ကိုယ်ပိုင်ကျောင်းတွင် ဆက်လက် သင်ကြားပေးမည် ဖြစ်သလို ကျောင်းသူ၏ မိခင် ဒေါ်မင်းမင်းမြတ်၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားဖော်ပြချက်ကိုလည်း ပြန်လည် ဖြုတ်ချပေးရန်များ ပါဝင်ကြောင်း သိရသည်။
ဦးညီညီထွေးက“ကျနော့် တပည့် ကျောင်းသား ၃၀၀ ရဲ့ ပညာရေးကို ငဲ့ပြီးတော့ ကျနော် နစ်နာသော်လည်း သည်း ခံပြီး တော့ ခွင့်လွှတ် ကျေအေးပေးခဲ့တာပါ။ ပြီးတော့ ကျနော့်ရဲ့ဆရာကြီး ဆရာမကြီးတွေကလည်း ဝင်ပြီးတော့ ညှိနှိုင်း ပေးလို့ပါ”ဟု ပြောသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်က မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၃၄ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ဆု ကိုယ်ပိုင် အထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် ဒသမတန်းကျောင်းသူ တဦးအား သင်္ချာဆရာ ဦးညီညီ ထွေး က စာမေးမည် ပြောပြီး မတ်တတ် ရပ်ခိုင်းပြီးနောက် စာမှားသည်ဟု အကြောင်းပြ၍ လည်ဂုတ်ကို စကိုင်ခဲ့ပြီး နောက်မှ သိုင်းဖက်၍ ရင်သားအား ကိုင်ရန် ကြိုးစားခဲ့ကြောင်း၊ ထိုအဖြစ်အပျက်အား ဘေးကပ်ရပ်မှ သူငယ်ချင်းက “ငါ အကုန် မြင်တယ်၊ ကျောင်းအုပ်ဆရာကြီးဆီ သွားတိုင်ရအောင်”ဟု ပြောဆိုခဲ့ကြောင်း၊ အဆိုပါ ကျောင်းသူမှာ ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်နေသဖြင့် မတိုင်နိုင်ခဲ့ကြောင်းဟု ကျောင်းသူ၏ မိဘများက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရှေ့နေ ဦးသိန်းသန်းဦးက“ဒီဖြစ်စဉ်မှာ ကျနော်တို့ CCTV မှတ်တမ်းတွေကို သေချာကြည့်ပါတယ်။ လည်ပင်းကို ကိုင် တယ်။ အင်္ကျီထဲကို လက်နှိုက်တယ်လို့ ဆိုထားတာမှာ အင်္ကျီကလည်း ရင်ဖုံးအင်္ကျီ ဝတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ အချက်တွေ တွေ့ရပါတယ်။ ကျနော် ဘယ်ဘက်မှမပါဘဲနဲ့ ဖြစ်နိုင်ခြေရှိတာကို ပြောရမယ်ဆိုရင် ကျောင်းသား ၄၀ လောက် ရှိတဲ့ အခန်းထဲမှာ ကိုယ့်အနားမှာလည်း ဆရာမ နှစ်ယောက်ရှိနေတဲ့အချိန်မှာ ရင်ဘတ်ထဲကို နှိုက်ဖို့ ဆိုတာ အတော့်ကို မဖြစ်နိုင်တဲ့အချက်လို့ ပြောချင်တယ်”ဟု ပြောဆိုသည်။
အဆိုပါ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အပါအဝင် Guide ဆရာမ နှစ်ဦး ရှိကြောင်း၊ ၎င်းအနေဖြင့် ကျောင်းသူအပေါ် ကိုယ်ထိလက်ရောက် ပြုမူလုပ်ဆောင်ခဲ့ခြင်း မရှိဟု ဦးညီညီထွေးက ပြန်လည် ဖြေရှင်းထားသည်။
၎င်းက“ဖြစ်ပွားတဲ့နေ့က ကျနော် ကျောင်းသား၊ ကျောင်းသူတွေကို တယောက်ချင်းစီ ပုံသေနည်းတွေ မေးပါတယ်။ အဲဒီမှာ အခုပြောတဲ့ ကျောင်းသူလေးကို မေးပါတယ်။ သူ မဖြေနိုင်တဲ့အတွက် သူ့ကို ရိုက်ဖို့ လက်ကို သူ့ရဲ့ဂုတ်ကို ကိုင်ဖို့ လှမ်းလိုက်တယ်။ ကျနော်က ရိုက်မယ် လုပ်တော့ ကျောင်းသူက ထိုင်လိုက်ပါတယ်။ ထိုင်လိုက်တော့ မရိုက်ဖြစ် ပါဘူး။ ပြီးတော့ CCTV ထဲမှာ အကုန်လုံး အစုံအလင် ရှိပါတယ်။ နောက်မှာလည်း ဆရာမ နှစ်ဦး ရှိပါတယ်။ ပြီးတော့ မျက်မြင်သက်သေ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိပါတယ်”ဟု ပြောသည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၅ ရက်က ကျောင်းဆရာ ဦးညီညီထွေးနှင့် ကျောင်းသားမိဘများကို ဆုကိုယ် ပိုင် အထက်တန်းကျောင်း တည်ထောင်သူ D BIO ဒေါက်တာ နေမျိုးက ကျောင်းရုံးခန်း အတွင်း တွေ့ဆုံပေးခဲ့သည်။
ဦးညီညီထွေးက“သူ့အဖေအမေ စွပ်စွဲသလို မဟုတ်ရကြောင်း၊ ဘုရားရှေ့မှာကို သစ္စာရေသောက်ပြီးတော့ တိုင်တည် ပြီး ပြောရဲကြောင်း ကျနော်ပြန်ပြောခဲ့ပါတယ်။ ကျနော့်ကို သူတို့က စားပွဲပေါ်မှာရှိတဲ့ အရာဝတ္ထုတွေနဲ့ တခုပြီး တခု ပေါက်ပါ တယ်။ လက်ဖက်ခြောက်ထည့်တဲ့ သံဗူးနဲ့ ပေါက်တဲ့အချိန်မှာတော့ ကျနော့်ခေါင်းပေါက်သွားပါတယ်။ ပြီးတော့ ပြန်ဖို့ အပြင် ထွက်တဲ့အချိန်မှာ အမျိုးသားဖြစ်တဲ့သူက ကျနော့်ကို ထိုးပါတယ်”ဟု ပြောသည်။
ထိုသို့ ကိုယ်ထိလက်ရောက် လုပ်ဆောင်မှုကြောင့် မျက်နှာဖူးရောင် ဒဏ်ရာနှင့် ဦးခေါင်းခွံကွဲအက် ဒဏ်ရာများ ရရှိခဲ့ သလို စွပ်စွဲပြောဆိုခံရခြင်းများကြောင့် ဂုဏ်သိက္ခာပိုင်းပါ ထိခိုက်နစ်နာခဲ့ရကြောင်းလည်း ၎င်းက ပြောဆိုသည်။
ထိုသို့ ဖြစ်ပွားပြီးနောက် မန္တလေးမြို့ရှိ မီဒီယာစင်တာတွင် ကျောင်းသူ၏ မိဘများဘက်က ဦးညီညီထွေးသည် ဒသမတန်း ကျောင်းသူအား ကာယိန္ဒြေပျက်ပြားအောင် ကျူးလွန်ခဲ့ကြောင်း ကျောင်းသူ၏ မိဘများက စွပ်စွဲခဲ့ပြီး တောင်းပန်ခြင်း မပြုပါက တရားစွဲဆိုသွားမည်ဆိုကာ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက သတင်းစာ ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။
ထို့ပြင် ကျောင်းသူမှာ ကျောင်းဆက်မတက်နိုင်အောင် အရှက်ရနေမှုကြောင့် မိခင်ဖြစ်သူ ဒေါ်မင်းမင်းမြတ်က သူ၏ လူမှု ကွန်ရက် Facebook စာမျက်နှာထက်မှ နေ၍ မန္တလေး ဆု ကိုယ်ပိုင်ကျောင်းမှ မှားယွင်းစွာ ပျံ့နှံ့နေသော ဗီဒီယို ဖိုင် အကြောင်းကို အမှန်ကန်ဆုံးဖြေရှင်းခြင်းဟူသော Post တင်၍ ဖြေရှင်းထားခြင်းနှင့်အတူ လူမှုကွန်ရက်ပေါ်တွင် ထိုးနှက် နေ သောသူများကိုလည်း တရားဥပဒေကြောင်း အရ ဆက်လက် လုပ်ဆောင်သွားမည် ဟုလည်း ပြောကြားထားသည်။
ရှေ့နေ ဦးသိန်းသန်းဦးက“အခုလို ကျေအေးပြီးနောက်မှာ ဦးညီညီထွေးနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ဂုဏ်သိက္ခာ ထိ ခိုက် အောင်၊ နှောင့်ယှက်တာတွေ လုပ်ရင်တော့ ရာဇဝတ်ဥပဒေတွေ၊ တရားမ ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးဟာ အကျယ်အကျယ် မဖြစ်သင့်ပါဘူး။ တဖက်မှာလည်း ကျူရှင်ဆရာကြီး၊ ဆရာမ ကြီးတွေ က ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ဝင်ပြီးတော့ လုပ်ဆောင်ပေးနေကြပါတယ်။ ကျေကျေ လည် လည် ယဉ်ယဉ်ကျေးကျေးနဲ့ အေးအေးဆေးဆေး ထိန်းသိမ်း လုပ်ဆောင်သွားဖို့ လိုပါတယ်”ဟု ပြောသည်။
ထိုသို့ နှစ်ဖက် ပြေလည်မှု ရရှိခြင်းနှင့် ပတ်သက်၍ ကျောင်သူဘက်က မိဘများကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်း လက်ခံ ဖြေကြားပေးခြင်း မရှိပေ။
ဆု ကိုယ်ပိုင် အထက်တန်းကျောင်းသည် မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်တွင် တည်ရှိပြီး အဆိုပါ ကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ ထောင်ချီ ရှိကာ ဦးညီညီထွေး အနေဖြင့် လာမည့် ပညာသင် နှစ်တွင် ဆုကိုယ်ပိုင် အထက်တန်းကျောင်၌ ဆက်လက် သင်ကြားပေးမည် မဟုတ်ဟု သိရသည်။
ဦးညီညီထွေးက“ကျနော် အခုချိန်ကစပြီးတော့ ဘယ်ကျောင်းသားကိုမှ ရိုက်ဖို့ စိတ်ဆန္ဒ မရှိတော့ပါဘူး။ သူတို့ကို ကောင်းစေချင်လို့ စာလုပ်ဖြစ်အောင် အသိပေး ဆုံးမတာပါ။ နာကျင်လောက်အောင် မရိုက်ပါဘူး။ ကျနော် လာမယ့် ပညာသင်နှစ်က စပြီးတော့ ဆု ကိုယ်ပိုင် အထက်တန်းကျောင်းနဲ့ လက်မတွဲတော့ပါဘူး”ဟု ပြောဆိုသည်။
ဦးညီညီထွေးသည် ကျုရှင်ဆရာ လောကသို့ ၁၉၉၁ ခုနှစ်က စတင် ဝင်ရောက်ခဲ့ပြီး သင်္ချာဘာသာရပ်ကို ဦးစားပေး သင်ကြားခဲ့ကာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ နှစ်စဉ် သင်္ချာရာပြည့် ဂုဏ်ထူးရကျောင်းသားများ ပေါ်ထွက်လာအောင် သင်ကြားနိုင်မှုကြောင့် ရာပြည့် ဦးညီညီထွေး အမည်ဖြင့် ထင်ရှားသူတဦး ဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
“ဆု” ကိုယ်ပိုင်ကျောင်းဖြစ်စဉ် မတောင်းပန်လျှင် တရားစွဲမည်ဟု ကျောင်းသူဘက်မှဆို