ကရင့်အာဇာနည်နေ့ ကျင်းပမှုကြောင့် ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲခံထားရသော ဒေါ်နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးတို့၏ အမှုကို လာမည့် အောက်တိုဘာ ၂ရက်နေ့တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် တရား သူကြီး ဒေါ်ပန်းစိန်က ယနေ့ ရုံးချိန်း တရားခွင်၌ ပြောသည်။
ယနေ့ရုံးချိန်းတွင် သူတို့အား စစ်ဆေးရန် စီစဉ်ထားသော်လည်း စွပ်စွဲခံရသူ ၃ ဦးလုံးမှ မိမိတို့သည် ဥပဒေနှင့်အညီ ပြုလုပ် ခြင်း ဖြစ်သည့်အတွက်ကြောင့် စစ်ဆေးခံခြင်း၊ ထွက်ဆိုချက်ပေးခြင်းများ မပြု လုပ်ခဲ့သလို ယခုကဲ့သို့ အမိန့်ချမည့် ကိစ္စ အပေါ်တွင်လည်း မည်သည့် မှတ်ချက် တစုံတရာမှ တရား ရုံးတော်သို့ ပြောဆိုတင်ပြခဲ့ခြင်း မရှိပေ။
ဒေါ်နော်အုန်းလှက “ကျမတို့က အစစ်မခံဘူးဆိုတာ ပြောပြီးသားလေ။ ကျမတို့က အပြစ်မရှိတဲ့ အတွက် လျှောက်လဲစရာ လည်း အကြောင်းမရှိဘူး။ စပြီးလုပ်ကတည်းက ဥပဒေနဲ့အညီ လုပ်ခဲ့တာ ဖြစ်တော့ ဘာမှပြောစရာမရှိဘူး။ ဒီနေ့ ကျမ တို့ကို ဝန်းရံအားပေးတဲ့ ကရင်အမျိုးသား အားလုံးရော၊ တခြားအဖွဲ့အစည်းတွေရော၊ မိတ်ဆွေတွေအားလုံးရော ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။
ယနေ့တိုင် မိမိတို့သည် အာမခံမယူဘဲ ထောင်ထဲတွင် နေခဲ့ကြသလို မိမိတို့အား အကယ်၍ ငွေဒဏ်နှင့် ထောင်ဒဏ် ရွေးခိုင်းမည်ဆိုပါက ငွေဒဏ်ကို ရွေးချယ်သွားမည် မဟုတ်ဟု ဒေါ်နော်အုန်းလှက ပြောသည်။
မိမိတို့ တိုင်းရင်းသားများတွင် တိုင်းရင်းသားအခွင့်အရေးနှင့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် များ ရှိနေပြီး သားဖြစ် ကြောင်း၊ နောင်နှစ်များတွင်လည်း ဤလို ဖြစ်စဉ်များ ထပ်မံ မကြုံတွေ့စေချင် သောကြောင့် ယခုအချိန်ကတည်းက မိမိတို့အပေါ် မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ရပ်ကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။
ထို့အပြင် မိမိတို့ကို ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ဆိုသည့် စကားလုံးကြောင့် တရားစွဲသည် ဆိုရာတွင် ထိုစကား လုံးသည် ဗမာလူမျိုးများနှင့် အခြား တိုင်းရင်းသား များကို စော်ကားထိခိုက်စေ သော စကားလုံးလော ဟု ဖမ်းဆီး ခံထားရ သည့် ကရင်လူငယ် စောအဲလ်ဘတ်ချိုက တရားခွင်အပြီး တွင် မေးခွန်းထုတ်ခဲ့သည်။
“အခုဖြစ်သွားတာက ရန်ကုန်တိုင်းမှာဖြစ်တယ်။ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။ တာဝန်ရှိတဲ့ သူကသာ ဒီကိစ္စကို သူ ကိုယ်တိုင် တရားစွဲတာကို ဖျက်သိမ်းသင့်တယ်။ သူကိုယ်တိုင် ကျနော်တို့ကို လာ တောင်းပန်သင့်တယ်။ သူအခု လုပ်လိုက် တဲ့အတွက် ကရင်အမျိုးသားတွေကို မေးကြည့်လိုက်။ NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ဘယ်လိုမြင်မလဲပေါ့။ ဒီလို လုပ်လိုက်လို့ NLD နဲ့ ကရင်တွေကြား အမြင်လွဲစေတယ်။ NLD ပုံရိပ် ကျဆင်းစေတယ်။ တိုင်းရင်းသား ဆူပူမှုကို ဖြစ်စေတယ်” ဟု ဆိုသည်။
ဒေါ်နော်အုန်းလှတို့၏ ရုံးချိန်းသို့ လာရောက်ဝန်းရံသူ KNU ဗဟိုအမြဲတမ်း ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)၌ တိုင်းရင်းသားများ၏ ရိုးရာ၊ ဓလေ့ထုံစံနှင့် ရိုးရာပွဲများကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိသည်ဟု ပါရှိခဲ့သလို တိုင်းရင်းသား အခွင့်အရေး ဥပဒေတွင်လည်း ထိုကဲ့သို့ လွတ်လပ်စွာ လုပ်ခွင့်ကို ပြဌာန်း ထားပြီး ဖြစ်ကြောင်း၊ ယခုပြောကြားမှုသည် ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ သဘောထားများ ပင်ဖြစ်ကြောင်း ဆိုသည်။
“နော်အုန်းလှတို့ လုပ်တာဟာ ကျနော်တို့ ကရင်လူမျိုးတွေ အထွဋ်အမြတ် ထားတဲ့နေ့၊ နေ့ထူးနေ့မြတ် တခုကို ကရင် အမျိုး သား အနေနဲ့ ဖော်ထုတ်တာဖြစ်တယ်။ ဒီနေ့ဖြစ်ရပ်မျိုးက မကောင်းတဲ့ အကျိုးဆက်ပဲလို့ ပြောချင်တယ်။ နော်အုန်းလှ တို့ လုပ်တာ တိုင်းပြည် ဆူပူဖို့မဟုတ်ဘူး။ ပုန်ကန်ဖို့ မဟုတ်ဘူး” ဟု သူကပြောသည်။
ဤသို့ တရားစွဲဆိုခြင်းသည် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အထွေထွေ သဟဇာတ ဖြစ်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုသည့် လုပ်ငန်းစဉ်များအပေါ် များစွာ ထိခိုက်ကြောင်း၊ ကရင်တိုင်းရင်းသားများ သည်မက ကျန်သည့် တိုင်းရင်းသားများတွင်ပါ သံသယ အများကြီး ဖြစ်စေခဲ့ကြောင်း သူက ဆက်ပြောသည်။
ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ၆ လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၁ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ယနေ့ရုံးချိန်းတွင် တရားလို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးမျိုးသက်၏ ဥပဒေအရာရှိမှ လည်း အဆိုပါ အမိန့် ချမည့်ကိစ္စ အတွက် မည်သည့်တင်ပြချက်မှ ရုံးတော်သို့ တင်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။
ဒေါ်နော်အုန်းလှအား ကရင့်အာဇာနည်နေ့ ကျင်းပသည့် ကိစ္စဖြင့် ယခုလို ဖမ်းဆီးလိုက်ခြင်းကို ရှုတ်ချကြောင်း၊ ကရင် တမျိုး သားလုံးအပေါ် ထိပါး စိန်ခေါ်ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စကို ဆန့်ကျင် ကန့်ကွက်ရန် တပ်လှန့် နှိုးဆော်ကြောင်း၊ ကရင် လူမျိုး များ၏ အမှန်တရား မြတ်နိုးမှု၊ တရားမျှတမှု၊ သတ္တိရှိမှု၊ စည်းလုံးညီညွတ်မှုကို ပြသရန် လိုအပ်ကြောင်း KNU Concerned Group အဖွဲ့မှ သဘောထား ထုတ်ပြန်ခဲ့သည်။
ဒေါ်နော်အုန်းလှသည် ၁၉၈၈ ခုနှစ် ကတည်းက နိုင်ငံရေး စတင် လှုပ်ရှားခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင် ဖွဲ့စည်းသည့်အခါ မှော်ဘီမြို့နယ်တွင် ရပ်ကျေး အဆင့် စည်းရုံးရေး မှူးဖြစ်ခဲ့သည်။
ထို့နောက် ၁၉၉ဝ ရွေးကောက်ပွဲတွင် မှော်ဘီမြို့နယ်ရှိ ကရင်ကျေးရွာများကို NLD ပါတီ အောင်နိုင်ရေး အတွက် စည်းရုံးရေး တွင် ထိရောက်အောင် စည်းရုံးနိုင်ခဲ့သည်။
ထို့ပြင် တနိုင်ငံလုံး အတိုင်းအတာဖြင့် NlD ပါတီက ဖွဲ့စည်းခဲ့သည့် ဗဟိုအမျိုးသမီးရေးရာအဖွဲ့တွင် ပါဝင်ခဲ့သည်။
၂ဝဝ၆ ခုနှစ်တွင် NLD ပါတီ တည်ထောင်ခြင်း ၁၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အပြီး ဒေါ်နော်အုန်းလှနှင့်အတူ ပါတီဝင်တချို့က ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးသို့ သွားရောက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် ဒေါ်နော်အုန်းလှကို ပါတီမှ ထုတ်ပယ်ခဲ့သလို ကျန်သည့် ပါတီဝင်၂၁ ဦးကိုလည်း ပါတီမှ ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်း၊ အလုပ်ရပ်စဲခြင်း ပြုလုပ် ခဲ့သည်။
သူသည် နိုင်ငံရေး လှုပ်ရှားမှု တလျှောက်လုံး အကြိမ်ကြိမ် ထောင်ကျခြင်း၊ အချုပ်ခံရခြင်းများ ခံခဲ့ရပြီး NLD ပါတီမှ ထုတ်ပယ်ခံလိုက်ရသော်လည်း တောင်သူလယ်သမားများ အရေး၊ မြေယာအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အစဉ်တစိုက် ဆောင်ရွက်နေခဲ့သူတဦးလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန်
နော်အုန်းလှအား အမြန်ဆုံးလွှတ်ပေးရေး UNA တောင်းဆို
ငြိမ်းစုစီ ပုဒ်မဖြင့် တရားစွဲခံရသူ ဒေါ်နော်အုန်းလှ အင်းစိန်ထောင်သို့ ပို့
ကရင့်အာဇာနည်နေ့ပွဲကြောင့် အမှုဖွင့်ခံရသူ ၂ ဦး တရားရုံးလာရောက် အဖမ်းခံ
ကရင့်အာဇာနည်နေ့ ပိတ်ပင်မှုသည် တိုင်းရင်းသားအခွင့်အရေး ဆုတ်ယုတ်နေကြောင်း ပြနေသည်