ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ အဝင်ဂိတ်တွင် ဘင်္ဂါလီ ၃၀ တင်ဆောင်လာသည့် ကားတစီး ကို နယ်မြေအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိ သည်။
စက်တင်ဘာ ၂၆ ရက် ညပိုင်းက ပူးပေါင်း အဖွဲ့သည် ငရုတ်ကောင်းမြို့ရေကျော်အုပ်စုရှိ ပုသိမ်-ငရုတ်ကောင်းမြို့ ကားလမ်း မိုင်တိုင် ၁၆ မိုင် ၁ ဖာလုံ၌ ပါဂျဲရိုးကား တစီးအား မသင်္ကာသဖြင့် စစ်ဆေးရာ ကားမောင်းသူမှာ ကားပေါ်မှ ဆင်း၍ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်တွင် တင်ဆောင်လာသည့် ဘင်္ဂါလီ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၀ နှင့် အသက် ၅ နှစ်အရွယ်ရှိ ကလေး ၁ ဦးတို့ကို ဖမ်းဆီးရမိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“ဖမ်းမိတာက ဘင်္ဂါလီအယောက် ၃၀ မိတာပါ။ ဂိတ်မှာ စစ်ဆေးရင်းနဲ့ ဖမ်းမိတာ။ သူတို့အားလုံးမှာ မြန်မာနိုင်ငံသား ဆိုင်ရာ အထောက်အထား တခုမှ မပါရှိတဲ့အတွက် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ အသေးစိတ်ကတော့ စစ်ဆေးနေတုန်းပါပဲ”ဟု ဧရာဝတီကို ပြောပြ သည်။
ယင်းသို့ ဖမ်းဆီးရမိသည့် မူဂျီကာ (အသက် ၂၇ နှစ်) ဆိုသူ အပါအဝင် အမျိုးသား ၉ ဦးနှင့် ဗီဗီတာဟာနာ (အသက် ၁၅) နှစ် အပါအဝင် အမျိုး သမီး၂၀ တို့အား ငရုတ်ကောင်းမြို့တွင် ဖမ်းဆီးထိန်းသိမ်းထားကာ တာဝန်ရှိသူများက စစ်ဆေး နေပြီး ပါဂျဲရိုးကားပေါ်မှ ဆင်း၍ ထွက်ပြေးသွားသည့် ကားမောင်းသမားကို ဖမ်းမိရေးအတွက် လိုက်လံ ရှာဖွေ နေကြောင်း သိရသည်။
ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့၏ အနောက်တောင်ဘက် ၆၂ မိုင် အကွာ တွင် တည်ရှိပြီး ဘင်္ဂလားပင်လယ်အော် နံဘေးတွင် တည်ရှိကာ ရခိုင် ကမ်းရိုးတန်းနှင့် ဆက်စပ်နေသည့် ဒေသ ဖြစ်သည်။
ပင်လယ် ရေကြောင်းမှ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၊ ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ ဝင်ရောက်လာလေ့ရှိပြီး လူပွဲစား များမှာ ငရုတ်ကောင်း-ပုသိမ်လမ်းမှ တဆင့် ရန်ကုန်မြို့သို့ ဘင်္ဂါလီများ သယ်ဆောင်လေ့ရှိကြောင်း သိရ သည်။
အမည်မဖော်လိုသည့် ငရုတ်ကောင်းမြို့ခံတဦးကလည်း“ဘင်္ဂါလီတွေက ရေလမ်းကြောင်းကနေ မော်တော်နဲ့ ဝင်လာ တာ ဖြစ်နိုင်တယ်။ မဟုတ်ရင် ငရုတ်ကောင်းမြို့ကို သူတို့ ဘယ်လမ်းကမှ ဝင်လို့ မရနိုင်ဘူး။ ဝင်လာဖို့ ရေလမ်းတခုပဲ ရှိတယ်။ ရေလမ်းကတဆင့် ကုန်းပေါ်တင်ပြီး ကားနဲ့ ရန်ကုန်ကို သယ်မယ်လို့ ယူဆရတယ်။ ငရုတ်ကောင်းမြို့သွားတဲ့ လမ်းမှာ မှန်လုံကား တစီးကလည်း ရောက်နေတယ်။ ပါဂျဲရိုးကားနဲ့ လူတွေသယ်လာပြီး မှန်လုံကားပေါ်ပို့ဖို့ လုပ်ချိန်မှာ လမ်းမှာ ဖမ်းမိတာ”ဟု ပြောပြသည်။
ဘင်္ဂါလီများကို လူပွဲစားများက ငပုတောမြို့နယ် ငရုတ်ကောင်း၊ မော်တင်စွန်းဒေသများမှ တဆင့် မော်တင်-ပုသိမ် လမ်း အတိုင်း ရန်ကုန်မြို့သို့ ပို့ဆောင်လေ့ရှိသလို သာပေါင်းမြို့နယ်ဘက်မှလည်း သာပေါင်း- ပုသိမ် -ရန်ကုန် လမ်းအတိုင်း ရန်ကုန်မြို့သို့ ခိုးသွင်းရန် ကြိုးစားလေ့ရှိကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ တောင်ကုတ်၊ အမ်းမြို့ဘက်မှ လည်းကောင်း၊ ဂွမြို့ဘက်မှ လည်းကောင်း ပုသိမ်-မုံရွာလမ်း အတိုင်း ကြံခင်း-ငါးသိုင်းချောင်း-ရေကြည်မြို့များကို ဖြတ်၍ ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ကြိုးစားလေ့ရှိသည်ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပြောသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ဘင်္ဂါလီ ၂၀ ကို ရန်ကုန်-ပုသိမ် ကားလမ်းပေါ်ရှိ ညောင်တုန်းမြို့နယ် ဆားမ လောက် ကျေးရွာတွင် ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဆက်သွယ်ထားသည့် ဂွ-ငါးသိုင်းချောင်း ကားလမ်းတွင် လူပွဲစားများက ဆိုင်ကယ်များဖြင့် တင်၍ ခေါ်ဆောင်လာသည့် ဘင်္ဂါလီ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။