ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူအပါအဝင် ၆ ဦးမှာ အမှုဖွင့်ခံလိုက်ရသော်လည်း သမီးငယ်အတွက် အမှန်တရား ရရှိရေး မည်သည့် အဟန့်အတားကိုမဆို ရင်ဆိုင်ပြီး အမှုမှန်ပေါ်ပေါက်ရန်အတွက် ရှေ့ဆက်သွားမည်ဟု ကလေးငယ်၏ ဖခင်ဖြစ်သူက ပြော သည်။
Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ပတ္တာနယ်မြေရဲစခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့က ဗစ်တိုးရီးယား၏ ဖခင်အပါအဝင် ၆ ဦးကို ပတ္တာရဲစခန်းတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁( က) (၂) အရ အမှုဖွင့်ခဲ့သည်။
ဗစ်တိုးရီးယား၏ ဖခင် က “သမီးလေးအတွက် အမှန်တရားရှာတာတော့ ဘာပဲ ဟန့်တား ဟန့်တား သွားရမှာပဲ။ သွားနေတာပဲလေ။ အဟန့်အတားဆိုရင်လည်း ဒီဟာကို အစ်ကိုတို့ ခေါင်းထဲ မထည့်ပါဘူး။ ကိုယ်တွေက အစောကြီးတည်းက အမှန်တရား အတွက်ပဲ ဦးတည်ပြီး သွားနေတဲ့ အတွက်ကို ခေါင်းထဲ ဘာမှမထည့်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဗစ်တိုးရီးယားအမှုကို ကိုင်တွယ်ဖြေရှင်းနေသည့် နှစ်ဖက်ရှေ့နေများအပါအဝင် အမှုကို လိုက်ပါဆောင်ရွက်နေသည့်သူများနှင့် တရားလို ကာယကံရှင် ကလေးဖခင်ပါ အမှုဖွင့်ခံရသော်လည်း ယခု ရင်ဆိုင်နေရသည့် အမှုကို တစုံတရာ ထိခိုက်မှု မရှိစေဘဲ ရှေ့ဆက် သွားမည် ဖြစ်ကြောင်း ဖခင် ဖြစ်သူက ဆက်ပြောသည်။
အမှုဖွင့်ခံထားရသူများမှာ ဗစ်တိုရိးယား၏ ဖခင် အပါအဝင် ဖခင်၏အကိုနှင့် အမ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ ယခုအမှုကို လိုက်ပါဆောင်ရွက်နေသူ သက္ကမိုးညို (ဒေါက်တာ ဝင်းကိုကိုသိန်း) တို့ဖြစ်သည်။
အမှုဖွင့်ခံထားရသူ သက္ကမိုးညို (ခ) ဒေါက်တာ ဝင်းကိုကိုသိန်း က “သူတို့ဘာစိတ်ကူးနဲ့ စွဲလဲတော့ ကျနော်မသိဘူး။ ကျနော်တို့ဘက် ကတော့ သူတို့စွဲစရာရှိလို့ စွဲတယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ ဘက်က သိပ်ပြောစရာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဗစ်တိုရီးယား အမှုအား ဒက္ခိဏခရိုင်တရာရုံးတွင် စစ်ဆေးစဉ် လူမှုကွန်ရက်၌ ပြန့်နှံ့နေသော “ကိုကို၊ ညီညီ” ဟူသည့် ဓာတ်ပုံနှင့် စွပ်စွဲပြောဆိုနေမှုအား အခြေခံ၍ ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦး ဓာတ်ပုံကို ဗစ်တိုရီးယား ဖခင်၏ အကိုနှင့် အမဖြစ်သူတို့မှ ဗစ်တိုရီးယားကို ပြသကာ ဖခင်က လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးခဲ့သည်ဟုဆိုသည်။
ထိုရိုက်ကူးထားချက်အား ၁၄.၈.၂၀၁၉ ရက်နေ့ ရုံးချိန်တွင် တရားဥပဒေနှင့်မညီ သည့် သက်သေခံချက်များကို တင်သွင်းပြုလုပ်ခဲ့သဖြင့် သတင်းမီဒီယာများအား တရားလိုရှေ့နေနှင့် တရားခံရှေ့နေတို့မှ ဖြေကြားမှုများကြောင့် ၎င်း၏ သား ၂ ဦးမှာ ပြစ်မှုကျူးလွန်သူအဖြစ် စွပ်စွဲပြောဆို ထင်မြင်ခံနေရကြောင်း ဒေါ်ဥမ္မာလှိုင်က တိုင်တန်းထားသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေါ်ဥမ္မာလှိုင်က သား ၂ ဦးမှာ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များ ဖြစ်သဖြင့် သား ၂ ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်း၊ လူ့ပတ်ဝန်းကျင်၌ အရှက်ရစေခြင်းများ ဖြစ်ပေါ်စေသဖြင့် အဆိုပါ ၆ ဦးအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁( က) (၂) အမှုဖွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စွဲဆိုထားသည့် ပုဒ်မမှာ ပြစ်မှု ပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် ၄ လမှ ထောင်ဒဏ် ၁ နှစ်အထိ ငွေဒဏ် ၄ သိန်း ကျပ်မှ ၈ သိန်းကျပ် အထိ ချမှတ်နိုင်ကြောင်း သိရသည်။ ထိုသို့ အမှုလာရောက်ဖွင့်ပြီဆိုပါက ရဲစခန်းအနေဖြင့် အမှုမှာ မှန်ကန်မှု ရှိ/ မရှိ စစ် ဆေးရကြောင်း၊ မှန်ကန်သည် ဆိုပါက အမှုဖွင့် ပေး ရပြီး ယင်းအမှုကို တရားစွဲတင်ရန် အတွက် သက်ဆိုင်ရာ မြို့နယ်မှ ဥပဒေ အကြံပေး အရာရှိမှ တရားစွဲတင်ရန် မြောက်၊ မမြောက်ကို အကြံပေးမှ သာ အမှုကို တရားစွဲတင်၍ ရကြောင်းကိုလည်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အမည်မဖော်လိုသူ ရဲအရှိတဦးကလည်း “ဒီအမှုမှာလည်း ချက်ချင်းတရားစွဲတင်လို့ မရဘူး။ ရဲလုပ်ငန်းစဉ်တွေ အများကြီးလုပ်ရအုန်းမှာ၊ ဥပဒေအရာရှိမှာ အကြံတောင်းရမှာ ဘာညာ လုပ်ရအုန်းမှာ၊ တခါတလေ ၁ လနီးပါးကြာတတ်တယ်” ဟု အမှု အသွား၊ အလာကို ရှင်းပြသည်။
စက်တင်ဘာ ၂၅ ရက်နေ့ကလည်း ကိုအောင်ကြီး၏ ရှေ့နေဒေါ်စုဒါလီအောင်ကို ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် ဥပဒေများဆိုင်ရာ ၁၀၁ (က) (၂) ပုဒ်မဖြင့် ပုဗ္ဗသီရိ မြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့ပြီး လာမည့် အောက်တိုဘာ ၇ ရက်နေ့တွင် ချိန်းဆိုထားသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည့်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်၊ ဒေါ်စုဒါလီအောင်၊ ဦးနေတူးနှင့် အထက် တန်းရှေ့နေ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်မည် ဖြစ်ပြီး၊ တရားလိုဘက်မှ တရား လွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်အောင်နဲ့ ဒေါ်လှဝင်းသန်းတို့က လိုက်ပါ ဆောင်ရွက်မည်ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးက သိရသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါကျောင်း သူမှာ မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ အဆိုပါကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူကို သံသယ တရားခံဖြစ်သူ ကိုအောင်ကြီးကို ဇူလိုင် ၄ ရက်က တရားစွဲတင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ဆောင်ရွက်လုပ်ကိုင်ပုံများ အပါ် လူထုကဝေဖန်ပြောဆိုမှုများ ပြု လုပ်ခဲ့ကြသလို စစ်မှန်သည် တရားခံ ဖမ်းဆီးနိုင်ဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုမှုများလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများ အပါအဝင် အခြားမြို့ကြီးမျာ အနှံ့ အ ပြားတွင်လည်း ပြုလုပ်ခဲ့ကြသည်။
သမ္မတ တိုက်ရိုက်အုပ်ချုပ်ရာ နေပြည်တော်ကဲ့သို့ နေရာမျိုးတွင် ကလေးငယ်တဦး မဖွယ်မရာ ပြုလုပ်ခံရပြီး အမှုမှန်လည်း မြန်မြန် ဆန်ဆန် ပေါ်ပေါက်ခြင်း မရှိခဲ့သဖြင့် မိခင် အများစုတွင် စိုးရိမ် မှုများဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်ရပ် အပေါ်တွင် ကျေနပ်မှု မရှိကြောင်းလည်း လူမှုကွန်ရက်တွင် ရေးသား ဖော်ပြခဲ့ကြသည်။
ဆက်စပ်ဖတ်ရှုရန်– ဗစ်တိုရီးယား၏ ဖခင်အပါအဝင် ၆ ဦး အမှုဖွင့်ခံရ