ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ဖမ်းဆီး တရားစွဲခံနေရသည့် လက္ကာကျေးရွာသား ၁၆ ဦးကို မြောက်ဦး ရဲတပ်ရင်း ဝင် တိုက်ရာတွင် ပါဝင်သည် ဟုဆိုကာ အကြမ်းဖက် ဥပဒေ ပုဒ်မဖြင့် ထပ်မံ၍ တရားစွဲဆိုလိုက်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် ဥပဒေ ပုဒ်မဖြင့် ထပ်မံ တရားစွဲဆိုခဲ့ရသည့် လက္ကာကျေးရွာသားများမှာ ဦးခင်မောင်စိုး၊ ဦးဖိုးသာလူ၊ ကိုကျော်သန်းနိုင်၊ ဦးထွန်းမောင်၊ ဦးထွန်းကြည်၊ ကိုပျက်ယေ အပါအဝင် စသည့် ဒေသခံ ရွာသား ၁၆ ဦး ဖြစ်ကြောင်း အမှု လိုက်ပါ ဆောင်ရွက်သည့် ရှေ့နေများက စက်တင်ဘာ ၂၆ ရက် စစ်တွေခရိုင် တရားရုံး ရုံးထုတ်တွင် ပြောသည်။
ယင်းအမှုအား လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်းက“လက္ကာရွာအမှုမှာ ရွာသား ၁၆ ယောက် ကို ထပ်ပြီးတော့ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲတာ ရှိတယ်။ ကျနော်ပြောချင်တာကတော့ ၁ နှစ်အတွင်းမှာ ဖြစ် တဲ့ အမှုတခုအတွက် ပထမလည်း အကြမ်းဖက်နဲ့ စွဲထားတယ်။ ဒုတိယ တကြိမ်လည်း အကြမ်းဖက်မှုနဲ့ တရားစွဲတယ်။ အဲဒီလို လူတယောက်ကို ထပ်ကာ ထပ်ကာ တရားစွဲတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံ တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီမှ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး မြင့်ဌေးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
မြောက်ဦးမြို့နယ် အတွင်း ရဲတပ်ရင်း တခုနှင့် လေးမြို့မြစ်ကမ်းရှိ တပ်မတော် ယာယီစခန်းတခုကို ရက္ခိုင်စစ်တပ် (AA) က ဧပြီလ ၉ ရက် ညဉ့်အချိန်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်တနေ့တွင် လက္ကာကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက် စစ်ဆေးခဲ့ရာ အရပ်အသား အယောင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင်၂၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ် မတော် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
ထိုသို့ ဖမ်းဆီးခဲ့ပြီးနောက် လက္ကာရွာသားများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၄၊ ၁၉၄၉ လက်နက် အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂၁ (က) တို့ဖြင့် ရဲတပ်ဖွဲ့က မေလ ၃၁ ရက်တွင် မြောက်ဦးခရိုင် တရားရုံး၌ တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။
လက္ကာရွာသားများ အမှုတွင် အသက်မပြည့်သေးသူ လူငယ်၂ ဦး ပါဝင်ပြီး ယင်းလူငယ်၂ ဦးကို အာမခံပေးကာ မြောက်ဦး မြို့နယ် ကလေးသူငယ် တရားရုံး၌ စစ်ဆေးနေကြောင်းလည်း သိရသည်။
ဖမ်းဆီးခံ ရွာသား ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ ရွာသား ၃ ဦး သေဆုံးခဲ့ပြီး ယင်းသို့ သေဆုံးသွားသည့် ကျေးရွာ သား ၃ ဦးနှင့် ပတ်သက်၍ တပ်မတော်ဘက်က ထုတ်ပြန်ရာတွင် ဆေးပြတ်၍ သေဆုံးသူ တဦး၊ ဆွဲကြိုးချ သေဆုံးသူ တဦးနှင့် နှလုံးဖောက်၍ သေဆုံးကြောင်း စသဖြင့် ထုတ်ပြန်ခဲ့သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရွာသား ၃ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး လုပ်ထုံး၊ လုပ်နည်းနှင့် အညီ စစ်တွေမြို့ ပြည်သူ့ ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးချက်များကို ရယူခဲ့ပြီး တဖက်တွင်လည်း သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်းနှင့် အမှုဖွင့်ခဲ့ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
လက္ကာကျေးရွာသားများအား တပ်မတော်က ဖမ်ဆီး စစ်ဆေးခဲ့စဉ်က ညှဉ်းပန်းနှိပ်စက်မှုများကို ဆိုးဝါးစွာခံခဲ့ရကြောင်း လည်း ဖမ်းဆီးခံ ရွာသားများက မေလ ၁၇ ရက်က ဒုတိယ အကြိမ် ရမန်ယူပြီး စစ်တွေမြိ့နယ် တရားရုံးမှ အပြန် သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
ကျန်ရှိသည့် လက္ကာကျေးရွာမှ ရွာသား ၂၄ ဦးကို ကျေးရွာအနီး ပထမ အကြိမ် တပ်မတော် စစ်ကြောင်း ခြုံခိုတိုက်ခိုက်မှု၊ လက်နက် ခဲယမ်းများနှင့် ရိက္ခာများ ကျေးရွာအတွင်း တွေ့ရှိသည် ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ၁၉၄၉ လက်နက် အရေးပေါ် ယာယီ ဥပဒေတို့ဖြင့် တရားစွဲဆိုထားရာမှ ထို ၂၄ ဦးထဲမှ ၁၆ ဦးကို မြောက်ဦး ရဲတပ်ရင်းကို ဝင်တိုက် ရာတွင် ပါဝင်သည်ဟုဆိုကာ ယခုကဲ့သို့ ဒုတိယ အကြိမ် ရဲတပ်ဖွဲ့က တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း အမှုအား လိုက်ပါ ဆောင် ရွက်သည့် ရှေ့နေများက ဆိုသည်။
ထိုလက္ကာရွာသားများအမှုကို စက်တင်ဘာလ ၂၆ ရက်တွင် စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီးနောက် နောက်ထပ် တကြိမ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံတရားစွဲဆိုခံရသည့် ရွာသား ၁၆ ဦးအမှုကိုမူ မြောက်ဦးခရိုင် တရား ရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သော်လည်း ရုံးပြောင်း လျှောက်ထားမှု အမိန့်မကျသေးသည့် အတွက် မြောက်ဦး ခရိုင် တရားသူကြီးက စစ်တွေခရိုင်တရားရုံးသို့ လာရောက်ရုံးထုတ်ခဲ့ကာ နောက်ထပ် ရုံးချိန်းပေးခဲ့ကြောင်းလည်း သိရသည်။
ယင်း လက္ကာရွာသားများ အမှုတွင် တရားခံပြေး ၁၁၂ ဦး ပါဝင်နေသည့် အတွက် အမှုအား စစ်ဆေးနိုင်ခြင်း မရှိသေးဘဲ လာ မည့် အောက်တိုဘာလ ၈ ရက်တွင် ထပ်မံ ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံံ ဦးခင်မောင်စိုး၏ ဇနီးဖြစ်သူ မသိန်းမရီက“ကျမတို့က အမှုကို မြန်မြန် စစ်ဆေးစေချင်တယ်။ ဒီနေ့လည်း ရုံးထုတ် တယ်။ ပြန်ခေါ်သွားတယ်၊ အမှုလည်း မစစ်ဘူး။ အဲဒီမှာ နောက်ထပ် အမှုတခု ထပ်တိုးတယ်လို့ ပြောတယ်။ ဘယ်အမှု လည်းတော့ ကျမတို့လည်း မပြောတတ်ဘူး။ ပြောချင်တာက ကျမတို့ အခု အရမ်းဒုက္ခရောက်နေရတယ်။ ကျမတို့မှာ စား သောက်စရာလည်း မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ရက္ခိုင်စစ်တပ် (AA) သတင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း က AA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု မရှိကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
ဆက်စပ် ဖတ်ရှုရန်
AA အဖွဲ့ဝင်ဟု သံသယ ရှိသဖြင့် အရပ်သား ၂၅ဦးကို ထိန်းသိမ်းထား
ဖမ်းဆီးခံ မြောက်ဦး ဒေသခံ ၂၀ ကျော်ကို အကြမ်းဖက် ဥပဒေ၊ လက်နက် ဥပဒေများဖြင့် တရားစွဲ
အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံရသည့် လက္ကာရွာသားများ ဒုတိယအကြိမ် ရမန်ယူ
အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသားများ အမှု ကြန့်ကြာနေဟုဆို