အများပြည်သူ ဆန္ဒသဘောထားအရ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည့် ပြင်ဦးလွင် မြို့မိမြို့ဖများသည် စက်တင်ဘာလ ၂၈ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျမ်းသစ္စာ ကျိန်ဆိုသည်။
ပြင်ဦးလွင်မြို့၏ မြို့မိမြို့ဖများကို မဲစနစ်ဖြင့်ရွေးချယ်ခဲ့ရာတွင် မြို့မိမြို့ဖရွေးချယ်ရေး ကော်မရှင်မှ ဦးဆောင် ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်က ပြင်ဦးလွင်မြို့ မြို့တော်ခန်းမတွင် ရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ လူဦးရေ ၈၀၀ ကျော် တက်ရောက်ကာ အိမ်ထောင်စုပေါင်း ၄၄၀ ကျော်၊ မဲပေးသူပေါင်း ၄၄၂ ဦးရှိပြီး မြို့မိမြို့ဖ ၇ ဦးကို ရွေးချယ်ခဲ့ကြသည်။
မြို့မိမြို့ဖရွေးချယ်ပွဲမှ မြို့မိမြို့ဖအဖြစ် ရွေးချယ်ခံရသူများမှာ ရပ်ကွက် ၁၇ မှ ရှေ့နေကြီး ဦးခင်မောင်လှ၊ ရပ်ကွက် ၆ မှ ဟိုတယ်လုပ်ငန်းရှင် ဦးဥက္ကာ၊ ရပ်ကွက် ၆ ရှိ ပြင်ဦးလွင် ကိုယ်ပိုင် အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝင်နီမြင့်၊ ရပ်ကွက် ၁၂ မှ ဟိုတယ်လုပ်ငန်းရှင် ဦးဟန်စိုး၊ ရပ်ကွက် ၅ မှ စိုက်ပျိုးရေးလုပ်ငန်းရှင် ဦးလှထွေး၊ ရပ်ကွက် ၁၇ မှ အထက်တန်း ကျောင်းအုပ်(ငြိမ်း) ဒေါ်ဆိုင်းနန်၊ ရပ်ကွက် ၅ မှ ယိုစုံလုပ်ငန်းရှင် ဦးမောင်မောင်တို့ ဖြစ်သည်။
မဲအများဆုံးနှင့် မြို့မိမြို့ဖ အဖြစ် ရွေးချယ်ခံရသူ ဦးခင်မောင်လှက“ကျနော်တို့ မြို့မိမြို့ဖဆိုတာက အာဏာပိုင် အဖွဲ့ အစည်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းမဟုတ်ပါဘူး၊ မြို့ကောင်းရာကောင်းကျိုးအတွက် အဲဒီအဖွဲ့အစည်းတွေကို အထောက် အကူပေးမယ့် အဖွဲ့အစည်းပါ၊ ကျမ်းသစ္စာဆိုခဲ့ရာမှာလည်း နိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အညီ အဂတိတရား ကင်းရှင်းစွာ မြို့လူထုကောင်းကျိုးနဲ့ မြို့ကောင်းကျိုးတွေကို လုပ်ဆောင်မယ်ဆိုတဲ့အတိုင်း အပြန် အလှန် လေးစားမှုနဲ့ လုပ်ဆောင်သွားပါမယ်”ဟု ပြောသည်။
မြို့မိမြို့ဖကို ဒီမိုကရေစီ နည်းလမ်းကျကျ မဲစနစ်ဖြင့်ရွေးချယ်ခြင်းသည် မြန်မာနိုင်ငံတွင် ပြင်ဦးလွင်မြို့သည် ပထမ ဦးဆုံး ဖြစ်ပြီး မြို့မိမြို့ဖ အရည်အချင်းများကို မြို့နေပြည်သူလူထု၏ သဘောထားဆန္ဒများကို ကွင်းဆင်းကောက်ခံ၍ သတ်မှတ်ပေးခဲ့ခြင်းဖြစ်သလို ဒီမိုကရေစီစံနှုန်းများအရ မှားယွင်းနေသောစနစ်တခုကို ပြောင်းလဲမှုစတင်ခဲ့ခြင်း ဖြစ်သည်ဟု မြို့မိမြို့ဖ ရွေးချယ်ရေး ကော်မရှင် ဒု ဥက္ကဋ္ဌ ဦးဝေဠုက ပြောပြသည်။
ဦးဝေဠုက“မြန်မာပြည်မှာ မြို့မိမြို့ဖ ဆိုတာကို ကျနော်တို့မြို့က ပထမဆုံး စတင်ရွေးချယ်တယ်လို့ ပြောရင်ရတယ်။ စနစ်တကျနဲ့ ဒီမိုကရေစီနည်း ကျကျနဲ့ပေါ့။ အဓိက ဘာလဲဆိုတော့ တောက်လျှောက် ကျင့်သုံးလာတဲ့ မှားယွင်းနေတဲ့ Process တခုကို ဒီမိုကရေစီနည်းကျကျ တည့်အောင်လုပ်တဲ့ သဘောပါပဲ”ဟုလည်း ပြောသည်။
မြို့မိမြို့ဖ ရွေးချယ်ရေး ကော်မရှင်က ကွင်းဆင်းကောက်ခံထားမှုအရ မြို့မိမြို့ဖ အရည်အချင်းများ ထုတ်ပြန်ရာတွင် ဝင်ရောက် အရွေးချယ်ခံရသူသည် ဒေသခံ နာမည်ပျက် မရှိသူ၊ မြို့နေ ပြည်သူများ၏ ကြည်ညိုလေးစားခြင်း ခံရသူများ ဖြစ်ရမည်ဆိုသည့် အချက်ကို အဓိက ဦးစားပေး သတ်မှတ်ခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံသူ ၉ ဦး အနက်မှ ၇ ဦးကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့မိမြို့ဖ အရည်အချင်းများအား ထုတ်ပြန်ပေးခဲ့ပြီးနောက် ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များမှ တအိမ်ထောင် ၁ မဲနှုန်း၊ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် မူရင်းဖြင့် ရွေးကောက်ပွဲ ပြုလုပ်ပေးကာ ယခု အရွေးချယ်ခံရသူများအား ရွေးချယ်ခဲ့ ခြင်း ဖြစ်သည်။
အရွေးချယ်ခံရသည့် မြို့မိမြို့ဖ အဖွဲ့အောက်တွင် အတွင်းရေးမှုးချုပ် ဦးဆောင်သည့် မြို့မိမြို့ဖ အထောက်အကူပြု ကော်မတီ များ ဖွဲ့စည်းပေးထားကာ ဘဏ္ဍာရေး၊ ငွေစာရင်း၊ မူဝါဒရေးရာ၊ သတင်းနှင့်ပြန်ကြားရေး၊ လူမှု/ဘာသာရေး၊ လူငယ်ရေးရာ၊ သဘာ၀ အရင်းအမြစ်၊ ရှေးဟောင်း အမွေအနှစ်အဖွဲ့၊ ကျန်းမာရေးနှင့် အားကစားအဖွဲ့၊ ဥပဒေရေးရာ အဖွဲ့၊ မြို့ပြ ဖွံ့ဖြိုးရေးအဖွဲ့၊ ရုံးအဖွဲ့များ ပါဝင်ပြီး မြို့မိမြို့ဖ သက်တမ်းကို ၅နှစ်သက်တမ်း သတ်မှတ်ထားသည်။
“ခေတ်အဆက်ဆက် မြို့မိမြို့ဖဆိုပြီး အုပ်ချုပ်သူနဲ့အဆင်ပြေသလိုရွေးပြီး ခန့်အပ်ခဲ့ကြတာ၊ အခုတော့ အဲဒီစနစ်ကို လှန်ပစ်လိုက်တာပါပဲ၊ ကျနော်တို့အနေနဲ့က စနစ်တခုကိုလှန်ပြီး စနစ်တခုကို ချပေးလိုက်တဲ့သဘောပါပဲ၊ ပြီးတော့ ကျနော်တို့မြို့မိမြို့ဖအဖွဲ့ဆိုတာက တထီးတနန်းနဲ့နေပြီးတော့မှ ဌာနဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်၊ အစိုးရ စတာတွေကို ဝင်ရောက်စွက်ဖက်ပြီးတော့ လုပ်မယ်ဆိုတာမျိုးမဟုတ်ပါဘူး၊ ဝင်ရောက်ပူးပေါင်းပြီးတော့မှ တိုင်ပြည်ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းတွေမှာ ပြင်ဦးလွင်ဒေသအတွက် တဖက်တလမ်းကနေ လုပ်ဆောင်မယ်ဆိုပြီး ဖွဲ့ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်”ဟု မြို့မိမြို့ဖ အထောက်အကူပြု ကော်မတီအဖွဲ့ အတွင်းရေးမှုးချုပ် ဦးကိုကြီးက ပြောသည်။
အများပြည်သူ၏ ရွေးချယ်မှုဖြင့် မြို့မိမြို့ဖ အဖွဲ့ ပေါ်ပေါက်လာခြင်းကို ကြိုဆိုပြီး အရွေးချယ်ခံရသူများသည် မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ဒေသအကျိုးများကို ယခင် မြို့မိမြို့ဖများထက် ပိုမို ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့် ကြောင်း ပြင်ဦးလွင် ဒေသခံများက ပြောသည်။
ဒေသခံ ဦးသန်းထွန်းအောင်က“မဲစနစ်နဲ့ ရွေးချယ်တဲ့မြို့မိမြို့ဖတွေ ပေါ်လာတော့ မြို့အတွက် အကောင်းဆုံးတွေချည်း ပဲ မဟုတ်တောင် သင့်တင့်မျှတတဲ့ ကောင်းမွန်ခြင်းတွေပဲရမယ် ဆိုရင်ကို ကျေနပ်ပါတယ်။ မြို့မိမြို့ဖဆိုပြီး ခေတ် အဆက် ဆက် ပေါ်လာခဲ့တယ်။ မြို့အတွက် ထင်သလောက် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ကြဘူး၊ အခု ပေါ်ထွက်လာတဲ့ မြို့မိ မြို့ဖတွေအနေနဲ့ မြို့မှာယိုယွင်းနေတဲ့ ကိစ္စလေးတွေကအစ ဦးဆောင်ပြီးတော့ ပြုပြင်ပေးစေချင်တယ်”ဟု ပြောဆိုသည်။
ပြင်ဦးလွင်မြို့ဒေသခံ ကဗျာဆရာ မင်းဝဒီကလည်း“မြို့အတွက် ပြီးပြည့်စုံတယ်လို့တော့ ပြောလို့မရနိုင်သေးပါဘူး၊ လိုအပ်မှု ကတော့ ရှိနေဦးမှာပါပဲ၊ လက်ရှိအစိုးရ လက်ထက်မှာ လုပ်ခွင့်ရလို့ လုပ်ခဲ့ကြတာလို့ပဲမြင်တယ်၊ နောက်ပြီး အခု အရွေးချယ် ခံရတဲ့ပုဂ္ဂိုလ်တွေကလည်း အများအကျိုးကို ဆောင်ရွက်နိုင်ကြမယ့် ပုဂ္ဂိုလ်တွေလို့ပဲ မြင်ပါတယ်။ အဓိက ကတော့ မြို့အတွက် လိုအပ်မယ့် အရာတွေကို ဦးစားပေးပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် လုပ်ပေးစေချင် တာပါပဲ”ဟု ပြောသည်။
အရွေးချယ်ခံရသည့် မြို့မိမြို့ဖအဖွဲ့ အနေဖြင့်လည်း ပြင်ဦးလွင်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု လျာထားချက်ရှိကာ လတ်တလော လုပ်ဆောင်မှုအနေဖြင့် ပြင်ဦးလွင်မြို့လယ်ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်း ပျက်စီးယိုယွင်းနေမှုများကို ပြုပြင်ကာ မြို့လူထု အပန်းဖြေနိုင်မည့် ပန်းဥယျာဉ်တခုဖြစ်စေရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပြင်ဦးလွင်မြို့သည် ခရိုင်ရုံးစိုက်ရာ မြို့တမြို့ဖြစ်ပြီး စတုရန်းမိုင် ၁၇ မိုင် ကျယ်ဝန်းကာ ပြင်ဦးလွင်မြို့နယ် အတွင်း၌ ရပ်ကွက် ၂၁ ရပ်ကွက်နှင့် ကျေးရွာ ၁၁၆ ရွာရှိကာ လူဦးရေ နှစ်သိန်းခွဲကျော် နေထိုင်ကြောင်း သိရသည်။
ပြင်ဦးလွင် မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အတွင်း ပါဝင်ကာ ပင်လယ်ရေ မျက်နှာပြင်မှ ၃၅၁၀ ပေ အမြင့်တွင် တည်ရှိသည်။
ပြင်ဦးလွင်ဆိုသည့် အမည်ကို ပုဂံမင်းလက်ထက်က မြန်မာအရာရှိတဦး ဖြစ်သည့် ဦးမောင်မောင်ဒွေးက မှည့်ခေါ်ခဲ့ခြင်း ဖြစ်ပြီး၊ ၁၈၉၆ ခုနှစ် အင်္ဂလိပ်တို့ အုပ်စိုးသည့်အခါ ဘင်္ဂလား ခြေလျင်တပ်မှ ဗိုလ်မှူးကြီး မေကို အစွဲပြု၍ မေမြို့ဟု ခေါ် တွင် ခဲ့သည်ဟု ဆိုသည်။
၁၉၀၂ ခုနှစ်တွင် မေမြို့ စည်ပင်သာယာရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ဥရောပတိုက်သား ကိုယ်စားလှယ်၊ မြန်မာ တိုင်းရင်းသား ကိုယ်စားလှယ်၊ ဟိန္ဒူ ကိုယ်စားလှယ်၊ မဟာမေဒင်ဘာသာ ကိုယ်စားလှယ်၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာ ချုပ်၊ စစ်ဘက်ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး၊ နယ်ပိုင်ဝန် ထောက်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကြောင်း သိရ သည်။
ဂျပန်ခေတ် ဒေါက်တာ ဘမော် အစိုးရလက်ထက်တွင် ပြင်ဦးလွင်ဟု ပြန်လည် ပြောင်းလဲခေါ်တွင်ခဲ့သော်လည်း စစ်အပြီး ဗြိတိသျှတို့ ပြန်လည် အုပ်ချုပ်ချိန်မှစ၍ မေမြို့ဟု ပြန်လည် ခေါ်တွင်ခဲ့ပြီး တပ်မတော် အစိုးရလက်ထက်တွင် ပြင်ဦးလွင် ဟု ပြန်ပြောင်းခေါ်စေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြင်ဦးလွင်မြို့သည် ရာသီဥတုလည်း အေးချမ်းသာယာသဖြင့် နွေရာသီတွင် လူအများ အပူရှောင်ရင်း အနားယူ အပန်း ဖြေရာမြို့အဖြစ် နာမည် ထင်ရှားပြီး အင်္ဂလိပ်အစိုးရ လက်ထက်က နွေရာသီတွင် ဘုရင်ခံနှင့် အစိုးရ အရာရှိကြီးများ ပြင်ဦးလွင်မြို့(မေမြို့) သို့ လာရောက် နေထိုင်လေ့ရှိရာ ဗြိတိသျှတို့၏ လက်ထက်က ပြုပြင်ထားသော တောင်စခန်းမြို့ တခုလည်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
အများဆန္ဒနှင့် ရွေးချယ်ခဲ့သည့် ပြင်ဦးလွင် မြို့မိမြို့ဖများ ကျမ်းကျိန်ပွဲ လုပ်မည်
ပြင်ဦးလွင် တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယဖြစ်ခံရသူ ၂ ဦး အဖမ်းခံရ
ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်ခံရမှု တပ်မတော် သတင်း ကြိုမရ