၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် ဖော်ပြထားပြီးသား ဖြစ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး ကို လက်ရှိ အစိုးရအနေဖြင့် “စစ်ဖြစ်မှ လုပ်တော့မှာလား” ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူတဦး ဖြစ်သူ ဗိုလ်ချုပ် ထွန်းထွန်းညီ က မေးခွန်းထုတ်သည်။
လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသည် ၎င်းအာဏာရရှိလာသည့် ၂၀၁၆ ခုနှစ်မှ ယနေ့ အချိန်အထိ အမျိုး သား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး တကြိမ်မှ ခေါ်ယူကျင်းပမှု မရှိခြင်းကို နေပြည်တော်တွင် ပုံမှန်ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလာခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ထွန်းထွန်းညီ က “ဒီ ကာ/လုံခေါ်တဲ့ ဒီအဖွဲ့အစည်းက စစ်ဖြစ်တော့မှ လုပ်မှာလား၊ အကြောင်းအရာ တခုခုဖြစ်ပေါ်မှ လုပ်မှာလား။ မဟုတ်ဘူးဗျ။ အမြဲတန်း သုံးသပ်နေရမယ်။ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို အမြဲတန်း သုံးသပ်ပြီးတော့ အမြဲတန်း ဆွေးနွေးပြီး အမြဲတန်း တိုင်ပင်ပြီး အမြဲတန်း ဆုံးဖြတ်နေရမယ်” ဟု စက်တင်ဘာ ၂၈ ရက်နေ့က ပြောသည်။
တိုင်းပြည်တွင် လုံခြုံရေး ဆိုင်ရာ ပြဿနာများစွာ ရှိနေခြင်းကြောင့် ကာ/လုံ ဖွဲ့ စည်းထားခြင်းကို ခြေခြေမြစ်မြစ် နားလည် သဘော ပေါက်ရန် လိုကြောင်း၊ ကာ/လုံ အစည်းအဝေးတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်ရှိသူများကလည်း ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ ယင်း ဆုံးဖြတ်ချက် များ ချမှတ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို Top Down သွားရမည် ဖြစ်ကြောင်း၊ လုပ်ချင်သလို လုပ်၍ မရကြောင်း ဆိုသည်။
နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့ စည်းပုံ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် အခြေအ နေများကို အားလုံးဝိုင်းဝန်း၍ ညှိနှိုင်းတိုင်ပင် သွားရန် လိုကြောင်း တပ်မတော်တာဝန်ရှိသူများက ပြောသည်။
ဗိုလ်ချုပ် ထွန်းထွန်းညီက “အားလုံးက ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အကုန်သွားရမယ်။ ဒါကတယောက်ကောင်း တဖွဲ့ကောင်း တဖွဲ့ရဲ့ အကျိုးစီးပွား၊ တဦး တယောက်ရဲ့ အကျိုးစီးပွားကို ရှေ့ ရှုလို့ မရဘူး။ တနိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ရှေ့ ရှုရမယ်” ဟု ပြော သည်။
NLD အစိုးရသည် ကာ/လုံ အစည်းအဝေးကို တရားဝင် မခေါ်ဘဲ ၎င်း၏ အစိုးရလက်ထက်တွင် ရခိုင်ပြဿနာလိုမျိုး အရေးကြီး ကိစ္စ ကြုံပါက ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ အထူးအစည်းအဝေးဟု အမည်တပ်ပြီး တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်သီး ခေါင်းဆောင်များကို ၂၀၁၆ ခုနှစ်တွင် တကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တကြိမ် သမ္မတအိမ်တော်သို့ ဖိတ်ခေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ဖူးသည်။
အာဏာရ NLD ပါတီ၏ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ကာ/လုံ ခေါ်ခြင်း၊ မခေါ်ခြင်းသည် တိုင်းပြည်တွင် ဦး ဆောင်နေသည့် ခေါင်းဆောင်များ၏ သဘောထားနှင့် ပိုပြီး သက်ဆိုင်ကြောင်း၊ ယခု အချိန်တွင် ကာ/လုံ မခေါ်ခြင်းမှာ မလိုအပ် သေး၍ မခေါ်ခြင်း ဖြစ်နိုင်ကြောင်း၊ ကာ/လုံ မခေါ်သည်ကို တကျီကျီ လုပ်နေ၍ မထူးနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
မုံရွာအောင်ရှင် က “ကာ/လုံ ခေါ်ဖို့ ကိစ္စကို သေသေချာချာ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဆွေးနွေးကြမှာပဲ ဖြစ်မှာပါ။ ဒီလို သတင်းစာ ရှင်းလင်းပွဲတွေ လုပ် လိုက်၊ ကြေညာချက်တွေ ထုတ်လိုက် လုပ်နေလို့ကတော့ ဖြစ်မှာ မဟုတ်ဘူး။ တကယ်လုပ်ချင်တယ်ဆိုရင် လူကြီးပိုင်းချင်း ညှိကြ၊ နှိုင်းကြပေါ့။ အခု သူတို့ ပြောနေသလို စစ်ဖြစ်မှ ခေါ်မှာလားဆိုတဲ့ အပြောအဆိုမျိုးကတော့ သိပ်မကောင်း ဘူးလို့ မြင်တယ်” ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ကာ/လုံ အစည်းအဝေးကို ၂ ပတ် တခါ ခေါ်ယူလေ့ ရှိပြီး သမ္မတခရီးသွားပါက တလ တ ခါ အနည်းဆုံး ခေါ်လေ့ ရှိကြောင်း သမ္မတဟောင်း ဦးသိန်းစိန်နှင့် နီးစပ်သူ တဦးက ပြောသည်။
၎င်းက “အစည်းအဝေးမှာတော့ သမ္မတက အဆုံးအဖြတ် ပေးတာ။ သူ ဖြူဆိုဖြူ၊ မည်းဆိုမည်း။ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို သမ္မတ တယောက်တည်းက စဉ်းစား ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ ဥပမာ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်ဆို ပြည်သူ့ ကိုယ်စားလှယ် တွေကို ကိုယ်စားပြုတယ်။ တပ်မတော်ဆိုရင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ အကုန်ပါတယ်။ ဒါတွေကို ကိုယ်စားပြု တယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “အမြင်အမျိုးမျိုးနဲ့ အကုန်လုံးက ဝိုင်းဆွေးနွေးပြီး သမ္မတကြီးက နောက်ဆုံးမှာ ဒီလို လုပ်လိုက်ကွာဆိုရင် ဘယ်သူမှ Complain မ တက်ရဲဘူး။ သဘာဝ ဘေးအန္တရာယ်လို ကိစ္စမျိုးတွေ၊ Boat People လို ကိစ္စမျိုးတွေ၊ နိုင်ငံတကာ ဖိအားနဲ့ ဆိုင်တဲ့ ကိစ္စမျိုးတွေ ဆိုရင် ကာ/လုံ ၁၁ ယောက်က ချက်ချင်းစုလို့ ရတယ်။ ကာ/လုံ ခေါ်ပြီး ဆောင်ရွက်ခြင်းသည် တဦးကောင်း၊ တယောက်ကောင်း ဆောင်ရွက်တာထက် စာလို့ ရှိရင် အားလုံးပါဝင်တဲ့အတွက် အမှားနည်းတာပေါ့” ဟု ရှင်းပြသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ၏ ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက “ကာ/လုံ မခေါ်ဖြစ်တာက နိုင်ငံရေး ပြ ဿနာဗျ။ နိုင်ငံရေး ပြဿနာလို့ ဆိုတာက အစိုးရနဲ့ တပ်မတော်နဲ့ကြားမှာက ကာ/လုံခေါ်တာရော နောက်တခုက လုံခြုံရေးနဲ့ ဖွဲ့ စည်းထားတဲ့ ကော်မတီတခုမှ မရှိဘူး။ ဥပမာ နိုင်ငံတော် သမ္မတကနေမှ သူ ကာ/လုံကို မကြိုက်ဘူး ဆိုရင် သူကြိုက်တဲ့ ကော်မတီ မျိုး ထပ်ဖွဲ့ လို့ရတယ်။ အဲလို Formal ကော်မတီမျိုးလည်း မရှိဘူး”ဟု ပြောသည်။
တိုင်းပြည်တွင် လုံခြုံရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်၍ ပုံမှန် အစည်းအဝေးများကို အစိုးရဘက်မှ လုပ်ချင်စိတ်ရှိပုံ မရကြောင်း၊ တပ်မတော်ဘက်မှ ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် လုံခြုံရေးနှင့် ပတ်သက်သည့် စုဖွဲ့ မှုမျိုး ယခု အစိုးရလက်ထက်တွင် မရှိ သည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ မင်းဇော်ဦး က “လုံခြုံရေး ကိစ္စကို ပြောတဲ့ ပလက်ဖောင်း မရှိဘူးဆိုတော့ ကျနော်တို့လို လုံခြုံရေး ခြိမ်းခြောက်မှု အရမ်းများတဲ့ တိုင်းပြည်မျိုးမှာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအတွက် အရပ်ဘက်-စစ်ဘက် ခေါင်းဆောင်တွေ စကားပြောလို့ရတဲ့ ပလက်ဖောင်း မရှိဘူး ဆိုရင်တော့ တော်တော်ဆိုးတာပေါ့”ဟု ဆက်ပြောသည်။
ကာ/လုံ အစည်းအဝေး ခေါ်ပါက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးမှ နိုင်ငံခြားရေး ဝန်ကြီး တ ဦး အနေဖြင့်သာ ပြောရေးဆိုခွင့် ရှိသူအဖြစ် ဝင်ထိုင်ရလိမ့်မည်ဆိုသည့် ယူဆချက်မျိုး ရှိကြောင်း၊ အရေးကြီးသည့် အချိန်တွင် ဒေါ် အောင်ဆန်းစုကြည်၏ နေရာသည် နိုင်ငံရေးအရ မည်သည့်နေရာတွင် ရှိနေသနည်းဆိုသည့် အနေအထားမျိုး ပြသလို ဖြစ်နေ ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက ပြောသည်။
ဦးသီဟသွေး က “အဲဒါမျိုး မဖြစ်ချင်တာလည်း ပါရင်ပါမှာပေါ့။ တခြားကိစ္စတော့ ကြီးကြီးမားမား မရှိဘူးလို့ ထင်တယ်။ တခြား လွှတ်တော် ဥက္ကဋ္ဌတွေ ရော၊ သမ္မတရော၊ ဒုသမ္မတရော သူ့လူတွေလေ။ သူ့ကို ဘယ်လိုမှ လွှမ်းမိုးမှု မရှိနိုင်ဘူးဆိုတာ သေချာတယ်။ သို့သော်လည်း နေရာ အရတော့ အဲလိုလေးတော့ ဖြစ်သွားတယ်”ဟု သုံးသပ်သည်။
လက်ရှိ အစိုးသည် ကာ/လုံ မခေါ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လုံခြုံရေးနှင့် တည်ငြိမ်ရေး ကော်မတီ (လုံ/ တည်) တခု ဖွဲ့ စည်းထားပြီး ယင်းကော်မတီတွင် တပ်မတော်ဘက်မှ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ ပါဝင် သည့် ဝန်ကြီး ၃ ဦး ပါဝင်ကြောင်း သိရသည်။
ယင်းလုံ/တည် ကော်မတီသည် တပတ်လျှင် တကြိမ်ခန့် နေပြည်တော် သမ္မတအိမ်တော်တွင် အစည်းအဝေး ပြုလုပ်သည်ဟု သိရှိ ရပြီး တိုင်းပြည်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အဓိက ဆုံးဖြတ်လေ့ ရှိသည်။
ထို့ပြင် တပ်မတော်က ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ဦးဆောင် တင်သွင်းလာသည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတင် ကာ/လုံ၏ လုပ်ပိုင်ခွင့်များကို ထပ်တိုးသည့် ပုဒ်မများ ထည့်သွင်းခဲ့ပြီး သမ္မတက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် လွှတ်တော်များအား ဖျက်သိမ်းနိုင်သည့် အခွင့်အရေးများပါ ပါဝင် လာသည်ကို တွေ့ ရသည်။
ကာ/လုံ အစည်းအဝေးအား သာမန်အားဖြင့် ၂ လ တကြိမ် ကျင်းပရန်၊ လိုအပ်ပါက အထူးအစည်း အဝေး ခေါ်ယူ ကျင်းပရန်၊ အ နည်းဆုံး ကောင်စီဝင် ၅ ဦးက တောင်းဆိုလျှင် အစည်းအဝေး ခေါ်ယူ ကျင်းပရရန်၊ ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များ ချ မှတ်ရာတွင် ကောင်စီဝင် အားလုံး၏ ဆန္ဒ သဘောထားကို အလေးထား၍ အဆုံးအဖြတ်ကို နိုင်ငံတော် သမ္မတက ပေးရမည် ဆို သည့် အချက်များလည်း ပါဝင်လာသည်ကို တွေ့ ရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ကာ/လုံကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။