ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အပြစ်မဲ့ ပြည်သူများအား မင်းမဲ့စရိုက်ဆန်စွာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ပြည်သူ ၂၆ ဦးသေ ဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးဌာန စာရင်းများအရ သိရသည်။
ထိုသို့ အကြမ်းဖက် သတ်ဖြတ်ခံရသည့် သူများမှာ ရဲအုပ်၊ ဒုရဲအုပ်၊ ရဲတပ်ကြပ် အဆင့်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး များနှင့်သာမန် အရပ်သား၁၆ ဦးရှိပြီး စုစုပေါင်း ၂၆ ဦးကို သတ်ဖြတ်ခံရကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တိုက်ခိုက်မှုတွေဟာ AA ဝင်ရောက်လာပြီးမှ ဒီလို တိုက်ခိုက်မှုမျိုးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ တွေကို ဂရုပြု စေချင်ပါတယ်” ဟု ပြောသည်။
စက်တင်ဘာ ၂၈ ရက်နေ့က တပ်မတော် စစ်သမိုင်းပြတိုက်တွင်ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက် သတ်ဖြတ်ခံရမှု အခြေအနေကို အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
AA သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ကျနော်တို့ဘက်ကလည်း စစ်တပ်ဘက်က ကျူးလွန်ထားတဲ့ စစ်ရာဇဝဋ်မှုတွေကို အချက် အလက် အခိုင်အမာနဲ့ မှတ် တမ်းတင် ထားတာ ရှိတယ်။ အဲဒါတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေပြီးတော့ ချပြပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ ရှိတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၇ သောင်းကျော်အထိ များလာပြီ ဖြစ်သည်။
တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်တွင် ၁၉၉၀ ပြည့်နှစ်မှစတင်၍ တပ်မ တည်ဆောက်ပြီး နေခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အချိန်ထိလည်း ဒေသခံ ပြည်သူလူထုနှင့် ပူးပေါင်း၍ နေထိုင်ခဲ့သဖြင့် မည်သည့် ပြဿနာမှ မရှိခဲ့ကြောင် AA ဝင်ရောက်လာပြီး နောက်ပိုင်းမှ အပြစ်မဲ့ ပြည်သူများပါ ရက်စက်စွာ သတ်ဖြတ်ခံရမှုများ ရှိလာကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် သတ်ဖြတ်မှု ခံရပါက တရားခံ အစစ်ကိုရှာနိုင်ပြီး တရားစွဲတင်မှု မပြုလုပ်နိုင်သဖြင့် တရားဥပဒေ စိုးမိုးမှု ပပျောက်နေပြီး အကြမ်းဖက် သတ်ဖြတ်မှုများလည်း တစထက် တစ ပိုမို များပြာလာရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ CEC အဖွဲ့ဝင် ဦးဖေသန်းက ဆိုသည်။
ထိုသို့သော အခြေအနေတွင် အပြစ်မဲ့ ပြည်သူများ အကြမ်းဖက် သတ်ဖြတ်ခံရမှု ဖြစ်လာပါက တပ်မတော်ဘက်မှ AA ဘက်က သတ်ဖြတ်ကြောင်း ပြောဆိုသကဲ့သို့ AA ဘက်ကလည်း တပ်မတော်ဘက် သတ်ဖြတ်ကြောင်း အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ရှိနေကြောင်း၊ ဘယ်အဖွဲ့ အစည်းကမှ မဟုတ်ဘဲ ကြားထဲက ပုဂ္ဂိုလ်ရေး အရ မကျေနပ်လို့ သတ်ဖြတ်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ဦးဖေသန်းက ဆက်ပြောသည်။
ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က “AA ပဲ ဖြစ်ဖြစ်၊ တပ်မတော်ပဲ ဖြစ်ဖြစ် တံဆိပ်ကပ်ပြီးတော့ ကြားက သတ်တယ်ဆိုရင်လည်း သတ်တဲ့ အဖွဲ့အစည်းက ကျေညာချက် ထုတ်ပြန်ရင်တော့ အကောင်းဆုံးပေါ့။ အခုဟာက သူမသတ်၊ ကိုယ်မသတ်နဲ့ ပြည်သူတွေက ခဏ ခဏ သေနေရတာတွေ ရှိနေတယ်” ဟုဆိုသည်။
တပ်မတော်ဘက်မှ ၉ လကြာ အပြစ်ရပ် ဆောင်ရွက်ခဲ့ပြီး ဖြစ်သော်လည်း ၉ လအတွင်း ငြိမ်းချမ်းရေး အတွက် ထိရောက်သည့် ဆွေး နွေးမှုများ မရရှိကြောင်း TNLA၊ AA နှင့် MNDAA အဖွဲ့များ၏ လုပ်ရပ်များသည် အပြုသဘောဆောင်သည့် လုပ်ရပ်များသာ ဖြစ်ကြောင်း နှင့် ထိရောက်သည့်တွေ့ဆုံဆွေးနွေးမှုများ မရရှိခဲ့ကြောင်းနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက် ချလာသည်ကို မတွေ့ရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
တပ်မတော်ဘက်မှ ကြေညာခဲ့သည့် အပြစ်ရပ် ၉ လအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ပိုင်းတို့ အပါအဝင် တိုင်းစစ်ဌာနချုပ် နယ် မြေ ၅ အခု အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားမှု ၂၂၂ ကြိမ်၊ တိုင်းရင်းသာ အချင်း ချင်းတိုက်ပွဲ ဖြစ်ပွားမှု ၄၅ ကြိမ်ထိ ရှိကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီကပြောသည်။
ယခုရက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ တပ်မတော်ဘက်မှ ထိုးစစ်တွေ ဆင်၍ တိုက်ခိုက်မှုများ ရှိနေသကဲ့သို့ ရခိုင်ပြည်နယ်ဘက်တွင်လည်း စစ်လက်နက်အင်အားအလုံး အရင်းနှင့် ပြည့်နေသဖြင့် လာမယ့် ရက်များတွင်လည်း တိုက်ပွဲများပြင်းထန် လာမည့် အနေအထားကိုတွေ့ရကြောင်း ခိုင်သုခက မြေပြင်ခြေနေကိုပြောပြသည်။
ခိုင်သုခက “အခုဖြစ်နေတဲ့ တိုက်ပွဲတွေဖြစ်နေတာက ကျနော်တို့ ညီနောင် မဟာမိတ်တွေက ထိုးစစ်ဆင်လို့ ဖြစ်နေတာ မဟုတ်ဘူး။ စစ်တပ်ဘက်က ထိုးစစ်ဆင်ပြီးတိုက်နေတာ ဖြစ်တဲ့ အတွက် တိုက်ပွဲတွေက နေ့စဉ် ရက်စက် မြေပြင်မှာ ဖြစ်နေတာပါ။ စစ်တပ်ဘက်က ထိုးစစ်တွေကို သာ ရပ်လိုက်မယ်ဆိုရင် မြေပြင်မှာ အခု ဖြစ်နေတဲ့တိုက်ပွဲတွေက ရပ်တန့် သွားနိုင်ပါတယ်” ဟု ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ၂ ဖက်စလုံးတွင်လည်း အကျအဆုံးများ ရှိသည်။
AA ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ကြား တွေ့ဆုံနိုင်ရေးမှာ တရုတ်နိုင်ငံ၏ ကြားဝင် ညှိနှိုင်းမှုဖြင့် ကျိုင်းတုံမြို့တွင်တွေ့ဆုံမှု ၂ ကြိမ် ပြုလုပ်ခဲ့သော်လည်း အဆင်မပြေကြောင်း သိရသည်။
တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေစိုက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။
AA ကမူ ၎င်းတို့ကို ရခိုင်ပြည်သူလူထုက ရာခိုင်နှုန်း အပြည့် ထောက်ခံထားပြီး ဖြစ်၍ ရခိုင်ပြည်နယ်တွင် အခြေစိုက်ခွင့် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ရခိုင်လူထု နာသည့် စစ်ပွဲများ ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ကြိုးစား မည်ဟု ထုတ်ဖော် ပြောဆိုထားသည်။