ရခိုင်အရေးတွင် ခွဲခြားဆက်ဆံသည့် လေ့လားစောင့်ကြည့်မှုများနှင့် မလိုမုန်းထားသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးဖိအားပေးမှုများမှာ ပြဿနာဖြေရှင်းရေး ကြိုးပမ်းမှုများ အပေါ် အထောက်အကူမပြုကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက စက် တင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတွင် ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့(FFM) ၏ အစီရင်ခံစာများ (ဒါရူစမင်၏ အစီရင်ခံစာများ)၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) အား ဖွဲ့စည်းမှု၊ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် အပြည်ပြည် ဆိုင်ရာ ပြစ်မှု ဆိုင်ရာတရားရုံး (ICC) မှ တရားစီရင်ရေးနှင့် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက် မှုနှင့်စပ်လျဉ်းသည့် ရိုဆင်သယ်၏ အစီရင်ခံစာတို့အပေါ်တွင်လည်း ၎င်းက ကန့်ကွက် ပြောကြားခဲ့သည်။
ဦးကျော်တင့်ဆွေ က “အစီရင်ခံစာတွေဟာ အလုံးစုံ တဖက်စောင်းနင်းဖြစ်ပြီး၊ အချက်အလက်မှား များစွာပါ ဝင်ကာ ခိုင်လုံတဲ့ အချက်အလက်တွေကို အခြေမခံဘဲ နှုတ်ပြောဇာတ်ကြောင်းတွေကိုသာ အခြေခံထားပါ တယ်။ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေက ပိုလို့တောင် ဆိုးရွားပါသေးတယ်။ ရခိုင်ပြည်နယ်ရဲ့ စိန်ခေါ် မှုတွေကို ဖြေရှင်းဖို့ စစ်မှန်တဲ့ စိတ်ဆန္ဒထက် ဒီမိုကရေစီ နည်းလမ်းတကျ တင်မြှောက်ထားတဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ပြည်သူတွေကို ရန်လိုမုန်းထားမှုတွေနဲ့ လုပ်ဆောင်ခဲ့တယ်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “အစီရင်ခံစာမှာ မြန်မာအစိုးရနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ နှစ်နိုင်ငံနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေအရ အကူအညီပေးနေတဲ့ အစီအစဉ်တွေကို သိသိသာသာ ချန်လှပ်ထားပါတယ်” ဟု ပြောခဲ့သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေအပေါ် တာဝန်ယူ၊ တာဝန်ခံမှု နှင့် မျှတသည့် တရားစီရင်ရေးအမြန်ဆုံး ဖြစ်ပေါ်လာရေး တောင်းဆိုချက်များပါဝင်သည့် ဆုံးဖြတ်ချက်ကိုလည်း စက်တင်ဘာ ၂၆ ရက်နေ့ အစည်းအဝေး တွင် မဲဆွဲအတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်မူကြမ်းအား ဥရောပသမဂ္ဂ (EU) နှင့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (OIC) တို့က ပူးတွဲတင်သွင်းခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် ညီလာခံနောက်ကွယ်မှ လုပ်ဆောင်ချက်နှင့် ရည်ရွယ်ချက်များ သည် လူ့အခွင့်အရေးကာကွယ်ရန် စစ်မှန်သည့် ဆန္ဒ (သို့မဟုတ်) နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လူ့အခွင့် အရေးကို အပိုင်စီး အသုံးချနေလားဆိုတာ ခွဲခြားသိမြင်ကြစေလိုကြောင်းလည်း ၎င်းကပြောခဲ့သည်။
ဦးကျော်တင့်ဆွေ က “မြန်မာနိုင်ငံကို ခုံရုံးများတင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကိုလည်း ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ ပြစ် မှုဆိုင်ရာ တရားရုံး (ICC) လည်း အပါအဝင်ဖြစ်ပါတယ်။ ICC နဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ICC ဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး” ဟု ပြောသည်။
နေရပ်စွန့်ခွာသူများကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) က စက်တင် ဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂ အစည်းအဝေးတွင် အချက် ၄ ချက် တင်ပြခဲ့ပြီး ယင်းပြသနာသည် နိုင်ငံအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်မှု ရှိနေသည့်အတွက် နိုင်ငံတကာမှ ဝိုင်းဝန်းဖြေရှင်းပေးဖို့လည်း ပြောခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အတူယှဉ်တွဲနေထိုင်ရေးအတွက် နိုင်ငံရေးအရ ဆန္ဒရှိကြောင်း ပြသရန်၊ ယုံကြည်မှုတည် ဆောက်ရေးအတွက် ခွဲခြားသည့် ဥပဒေများ ဖျက်သိမ်းရန်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအား ကိုယ်စားလှယ် များသွားရောက် ကြည့်ရှုခွင့်ပြုရန်၊ လုံခြုံရေး အာမခံချက်နှင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာ အဖွဲ့များနှင့် အ ရပ်ဖက်စောင့်ကြည့်ရေးများ ချထားပေးရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အကြောင်းရင်းကို ထုတ်ဖော်ကာ ကျူးလွန်သူများ ပြစ်ဒဏ်ခံရရေး လုပ်ဆောင်ပေးရန်တို့ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တင်ပြခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘက်က နေရပ်စွန့်ခွာသူများ အရေးကိစ္စ ဖြေရှင်းရာတွင် ဘင်္ဂလားဒေ့ရှ်အနေဖြင့် နှစ်နိုင်ငံ သဘော တူညီချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်ရန်နှင့် ဟိန္ဒူဘာသာဝင် (၄၀၀) ကျော်အပါအဝင် ပြန်လို ကြောင်း ဆန္ဒပြုထားသူများကိုလည်း ဆောလျင်စွာလွှဲပြောင်းရန် တောင်းဆိုခဲ့ပြီး ဟိတ်ဟန်ကြီးကြီးနှင့် တောင်း ဆိုမှုအသစ်များ၊ ခြွင်းချက်အသစ်များ ပြုလုပ်နေမှုသည် အချည်းနှီးသာဖြစ်ကြောင်း ဦးကျော်တင့်ဆွေက ပြော သည်။
“ဘင်္ဂလားဒေ့ရှ်ဘက်က စခန်းတွေမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လာရောက်ရေးကို ဟန့်တားဖို့နဲ့ သူတို့ရဲ့ ဒုက္ခတွေကို အမြတ်ထုတ်ဖို့အတွက် ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေ အပါအဝင် အခက်အခဲပေါင်း များစွာကို ဖြေ ရှင်းဖို့ လိုအပ်နေတယ်ဆိုတာ မြန်မာနိုင်ငံအနေနဲ့ သိရှိထားပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ဝင်ရောက်လာသူများအား နိုင်ငံသားဥပဒေနှင့် ကိုက်ညီသူကို နိုင်ငံသားကဒ် ပေး မည်ဖြစ်ပြီး ကျန်သူများအား NVC ကဒ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းကဒ်များသည် အမေရိကန်နိုင်ငံတွင် အ ခြေချရန် ဝင်ရောက်သူများ လိုလိုလားလား လျှောက်ထားကြသည့် “green card” နှင့် ဆင်တူကြောင်းလည်း ၎င်းက ပြောခဲ့သည်။
နေရပ်စွန့်ခွာသူများအရေး ဖြေရှင်းရေးအတွက် တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံတာဝန်ရှိသူများ အလွတ် သဘော တွေ့ဆုံဆွေးနွေးမှုတရပ်ကို စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာလည်း တက်ရောက်ခဲ့ကြောင်း သိရ သည်။
ယင်းတွေ့ဆုံပွဲတွင် ဒုက္ဒသည်ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အမြန်ဖြစ်ပေါ်လာရေး၊ လုပ်ငန်းစဉ်များ ခိုင် မာရေးအတွက် သုံးနိုင်ငံ ပူးပေါင်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ပြည်သူများ ဘဝတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဒေသတွင်းတည်ငြိမ်ရေးတို့ကို ဆောင်ရွက် သွားရန် သဘောတူညီမှုများရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း “Safe Zone”တည်ထောင်ရေး တောင်းဆိုနေမှုမှာ မည်သည့် နည်းနှင့်မျှ ဖြစ်နိုင်မည် မဟုတ်ကြောင်းနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီး လွတ်လပ်သည့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့် အညီ မျှတမှုနှင့်စဉ်းစား ချင့်ချိန်မှုမရှိသည့် အကျပ်ကိုင်မှုများအား လက်ခံပြန်ကြား မည် မဟုတ်ကြောင်းလည်း ဦးကျော်တင့်ဆွေက ပြောခဲ့သည်။
You may also like these stories:
UN အချက်အလက် ရှာဖွေရေး မစ်ရှင် အစီအရင်ခံစာ နိုင်ငံ့အကျိုးစီးပွား ပျက်ပြားရန် ရည်ရွယ်ဟု ဆို
မြန်မာကို အရေးယူမည့် ICC ၏ ခြေလှမ်းအသစ် နေပြည်တော် လက်မခံ
ICC ဥပဒေအရာရှိကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်
မြန်မာကို ကုလသမဂ္ဂတွင် ခုံရုံးဖွဲ့ အရေးယူရန် OIC ထောက်ခံ
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအား ကြီးမားနေ