၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် ဒေါ်အောင်ဆန်းစုကြည် ပုံပါသည့် စတစ်ကာ ကမ်ပိန်း စာရွက်များ အင်တာနက် စာ မျက်နှာတွင် ပြန့်နှံ့နေမှုသည် ဥပဒေနှင့် ညီသလားဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မေးခွန်းထုတ်လိုက်သည်။
ဦးသိန်းထွန်းဦးက “ဒီလို စတစ်ကာ ကမ်ပိန်းတွေ လုပ်ဆောင်နေသဖြင့် အဓိက နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ် ပုံလည်း ပါနေတဲ့အတွက် ဒါသည် တဘက် အဖွဲ့အစည်းက ယှဉ်ပြိုင်မယ့် ပါတီအဖွဲ့အစည်းက စည်းခိုးပြီး ဆောင်ရွက်နေသလားလို့ မေးခွန်းထုတ်ချင်ပါတယ်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် အတွက် ယှဉ်ပြိုင်ဘက် ပါတီအနေဖြင့် တာ လွတ်မည်ဆိုပါကလည်း အတူတူလွတ်ရန် လိုအပ်ကြောင်း၊ ယခု အချိန်မှာ တာမလွတ်သေးဘဲ ကြိုပြီးတာထွက်နေခြင်းကို စည်းခိုးခြင်း ဟု သုံးနှုန်းခြင်းဖြစ်ကြောင်း ဦးသိန်းထွန်းက ဆိုသည်။
ထိုသို့ စတစ်ကာ ကမ်ပိန်းများ ပြန်နှံ့နေမှုမှာ ဥပဒေနှင့် ညီမညီ စစ်ဆေးဆောင်ရွက်ရမည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က ဆက်လုပ်ရမည့် ကိစ္စဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီအနေဖြင့်လည်း လိုအပ်ပါက ဥပဒေ နှင့်အညီဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဦးသိန်းထွန်းဦးက ဆက်ပြောသည်။
ထိုသို့ ကမ်ပိန်းစာရွက်များ ပြန်နှံ့ နေခြင်းမှာ NLD ပါတီအနေဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ ကမ်ပိန်းကာလ မရောက်သေးသည့် အတွက်လည်း ကမ်ပိန်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြင်ဆင်ညွှန်ကြားချက်များ တခုမှ မရှိသေးကြောင်း၊ ယခု စတစ်ကာများမှာ ပါတီကို ထောက်ခံသည့် သူများက လုပ်တာဖြစ်နိုင်သလို ပါတီကို တမင်သက်သက် ချောက်ကျရန် ရည်ရွယ်၍ အွန်လိုင်းပေါ်မှ အုပ်စုများက လုပ်တာလည်း ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း NLD ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦး က တုန့်ပြန်လိုက်သည်။
ဒေါက်တာစိုးဝင်းဦး က “ဒါတွေက ပါတီက တရားဝင် ထုတ်ပြန်ထားတာ မရှိပါဘူး။ ကျနော်တို့ပါတီက အဲဒီ လှုပ်ရှားမှုတွေ ဘာတခုမှ မလုပ်တဲ့ အတွက် ကျနော်တို့ အနေနဲ့က ရှင်းပါတယ်” ဟု ပြောသည်။
NLD ပါတီမှ ၂၀၂၀ အဆုံးသတ်တိုက်ပွဲဆိုသော စာသား အနီရောင်ဖြင့်လည်းကောင်း လူ ၂ ဦး အနီရောင်ဝတ်ဆင်ထားတဲ့ ပုံက အစိမ်းရောင် ဝတ်ဆင်ထားသည့် လူကို ကိုင်ပေါက်နေသည့် ရုပ်ပုံ အပေါ်တွင် ‘ပွဲသိမ်း’ ဟူသည့် အနီ ရောင် စာတမ်းနှင့် အောက်တွင် ၂၀၂၀ ဟူ၍ ရေးသားထားသည့် စတစ်ကာများ ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် ပြန့်နှံ့နေသည်ကို တွေ့ရသည်။
ဦးသိန်းထွန်း က “ဒီစတစ်ကာမှာရေးထားတဲ့ ပွဲသိမ်းတိုက်ပွဲဆိုတာက အင်မတန်မှ ခက်ထန်ပြီးတော့ တိုက်ရိုက် စိန်ခေါ်မှုမျိုး ဖြစ်မနေဘူး လား။ ဒီလို စကားလုံး အသုံးအနှုန်းတွေက နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှု၊ မထိခိုက်နိုင်ဘူးလားဆိုတဲ့ ရေးပြီးတော့ တင်ထားပါတယ်” ဟု ဆက်ပြောသည်။
ထိုသို့ စတစ်ကာ ကမ်ပိန်းစာရွက်များ လူမှုကွန်ရက်တွက် ပြန့်နှံ့နေမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် မတွေ့ရသေးသဖြင့် ဥပဒေ နှင့် ညီ၊ မညီကို ဆုံးဖြတ်ပေး၍ မရကြောင်း၊ မှတ်ချက်ပေး၍ မရသေးကြောင်း ကော်မရှင်၏ ပြောရေး ဆိုခွင့် ရှိသူ ဦးမြင့်နိုင်က ဧရာဝတီသို့ မှတ်ချက်ပြုသည်။
ဦးမြင့်နိုင်က “အဲ့ဒါကို ကျနော်မကြည့်ရဘူးပေါ့နော်။ ကျနော်တို့ မတွေ့ရသေးတော့။ FB မှာတင်တာဆိုတော့ ပြောရတာ ခက်ပါတယ်။ သူဖော်ပြချက် အပေါ်မှာ ဘာမှ မသိရသေးတဲ့ အတွက် ဘာမှ မပြောချင်ပါဘူး ခင်ဗျ” ဟု ပြောသည်။
UEC အနေဖြင့် နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရေး ကာလကို ရက်ပေါင်း ၆၀ ခွင့် ပြုထားခြင်း ဖြစ်သည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဟန်ပြမလုပ်ဘဲ၊ စံပြဖြစ်အောင်ဆောင်ရွက် သွား မည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက သြဂုတ်လအတွင်းက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရွေး ကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံ ရေး ပါတီ ၈၄ ပါတီတို့ တွေ့ဆုံပြီး၊ ယင်းပါတီများမှ အပြန်အလှန်ဆွေးနွေးမှုများ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြော ဆိုထားသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၌ တည်ဆဲနိုင်ငံရေးပါတီ ၉၅ ပါတီ ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်စာရင်းများ အရ သိရသည်။
တတိယအကြိမ် ၂၀၂၀ ခုနှစ် အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာလ အတွင်း ကျင်းပနိုင်ရန်အတွင် ရွေးကောက်ပွဲကော်မရှင် မှ တာဝန်ရှိသူများက ပြောကြားထားသည်။
You may also like these stories:
ပြည်သူ့အနာဂတ် အာမခံနိုင်သည့် ပါတီဖြစ်အောင် လုပ်မည်ဟု NLD ဆို
၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ အနိုင်ရမည် ဟုဆို
၂၀၂၀ ရွေးကောက်ပွဲ ဟန်ပြမလုပ် စံပြလုပ်မည်ဟု ကော်မရှင် ဥက္ကဌ ကတိပေး