စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်အတွင်း ကြေးစင်တောင် ကြေးနီစီမံကိန်း တိုးချဲ့လုပ်ကွက်အဖြစ် ကြေးနီနှင့် ဆက်စပ်သတ္ထုများ စမ်းသပ်တိုင်းတာရေးလုပ်ငန်း ခွင့်ပြုမှုအား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ဝန်းကျင်ရှိ မြေ ၂၈၁၃၆ ဧကတွင် ကြေနီးစမ်းသပ် ရှာဖွေရန် တိုင်းအစိုးရ၏ ခွင့်ပြုမှုအပေါ် ယနေ့မနက်ပိုင်းက မုံရွာ
မြို့တွင် ကန့်ကွက်ကြောင်း ဆန္ဒခဲ့ကြပြီး နောက် ခွင့်ပြုချက်အား ပြန်လည်ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က “ပြည်သူလူထုရဲ့ ဆန္ဒကို ရှေးရှုပြီးတော့ ကြေးနီရှာဖို့ ကန့်ကွက်ရန်မရှိဆိုတာကို ပြန်ပယ် ဖျက်လိုက်တာ၊ ဒီဆုံးဖြတ်ချက်ကို ပြည်ထောင်စုကို ပြန်ပို့မှာပါ” ဟု ဧရာဝတီသို့ပြောသည်။
စမ်းသပ်ရှာဖွေမည့်နေရာသည် ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသတွင် ပါဝင်ပြီး စီမံကိန်းကြောင့် စိုက်ပျိုး မြေနှင့် ရေအရင်းအမြစ်များ ပျက်စီးယိုယွင်းလာမည်ကို ဒေသခံများက စိုးရိမ်ကြနေပြီး ဒေသခံများ၏ သဘောထား မပါဝင်ဘဲ ဆုံးဖြတ်ခဲ့သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဝါးစိမ်းတောင်ဒေသ လေ့လာစောင့်ကြည့်ရေး ကော်မတီဝင် ကိုလှမင်းနိုင် က “လက်ပံတောင်းတောင်မှာ ဒေသခံ တွေအတွက် ဆိုးကျိုးတွေ၊ ပြသနာတွေ၊ မပြေလည်တာတွေကိုတောင် မရှင်းနိုင်သေးဘဲနဲ့ နောက်ထပ်စီမံကိန်း တခုကို ထပ်ခွင့်ပြုတယ်ဆိုတာက ဒေသခံတွေအတွက် စိန်ခေါ်မှုတရပ်ဖြစ်နေတယ်၊ အဲ့ဒီအတွက်ကြောင့် လုံးဝ လက်မခံနိုင်တာပါ” ဟု ပြောသည်။
စမ်းသပ်ရှာဖွေခွင့်ကို သယံဇာတ ဝန်ကြီးဌာနနှင့် တရုတ်ကုမ္ပဏီ မြန်မာယန်စီ (Myanmar Yang Tse Copper Ltd) တို့ အ ကျိုးတူပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ပါကလည်း ပြည်ထောင်စုအဆင့် စာချုပ် ချုပ်ပြီးမှသာ တူးဖော်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာယန်စီမှ ပြောခွင့်ရှိသူ ဦးအုန်းလွင်မြင့် က “သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်ရှိတာကို သူတို့လုပ်ကြတာပဲ လေ၊ ကျနော်တို့က နားထောင်ရုံပါပဲ၊ ကျနော်တို့အနေနဲ့က စမ်းသပ်ရှာဖွေဖို့အတွက် တရားဝင် ခွင့်ပြုချက်ရဖို့ က လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်၊ ပြည်ထောင်စုအဆင့်က အစကတည်းက ခွင့်ပြုပြီးသားဆိုတော့ ခွင့်ပြုမိန့်ပဲကျန်တာပေါ့” ဟု ဆန္ဒပြမှုများအပေါ် ပြောသည်။
စီမံကိန်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်တွင် အမတ်များ၏ မေးခွန်းထုတ်မှုနှင့် ဒေသခံများ၏ သဘောထား ကောက်ယူမှုများတွင် ကန့်ကွက်မှုများရှိခဲ့သော်လည်း ထုတ်နှုတ်ဧရိယာအချို့အား အသိပေးမှုမရှိဘဲ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး က “ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီးလုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲ အကျိုးရလဒ်ကို စောင့်ကြည့်ရမှာပဲ၊ အရင်ကလည်း ဝမ်ပေါင်ရှိတယ်၊ အခုလုပ်မယ် ယန်စီရှိတယ်၊ သူတို့နဲ့ဒေသခံတောင်သူတွေနဲ့ ပြသနာတွေ အခုထိ မပြီးသေးဘူး၊ အခုလိုမျိုး ထပ်ပြီးတော့လုပ်မယ်ဆိုရင် အကျိုးဆက်က မကောင်းတဲ့ရလဒ်ဖြစ်မယ်ဆိုတာ ကျနော်သိနေတယ်” ဟု ပြောသည်။
ကြေးနီနှင့်ဆက်စပ်သတ္ထုများ စမ်းသပ်တိုင်းတာ ရှာဖွေခြင်းအား မြေ ၁၁၂,၉၈၂ ဧကတွင် ဆောင်ရွက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မြေစာရင်းပုံစံကူးယူခွင့်နှင့် သဘောထားမှတ်ချက် တောင်းခံခဲ့ခြင်းဖြစ်သည်။
ယင်းသို့ မှတ်ချက်တောင်းခံလာမှုအပေါ် စက်တင်ဘာ ၄ ရက်နေ့ အစည်းအဝေးတွင် စိုက်ပျိုးမြေ၊ လမ်းမြေ၊ ဆည်မြောင်း တာတမံမြေ၊ မြစ်ချောင်းနှင့် ရေအောက်မြေ၊ ရွာမြေ၊ မြို့မြေ၊ သာသနာ/သုသာန်မြေ၊ စက်ရုံမြေ စုစုပေါင်း ၈၄၈၄၆ ဧကအား ထုတ်နှုတ်ကာ ကျန်ရှိသည့် မြေဧကပေါ်တွင် စမ်းသပ်ရှာဖွေမှုကို ကန့်ကွက်ရန်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာယန်စီ ကုမ္ပဏီအနေဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် အကျိုးတူပူးပေါင်းကာ လက်ပံတောင်းဒေသ စပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် ကြေးနီသတ္ထုတူးဖော်မှုကို ဆောင်ရွက်နေသကဲ့သို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီလည်း ကြေးနီစီမံကိန်း ဆောင်ရွက်လျှက်ရှိသည်။
You may also like these stories:
စစ်ကိုင်းတိုင်းတွင် ကြေးနီတူးဖော်ရန် ဒေသခံများ၏ သဘောထားကို တောင်းခံ