လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) ကို မြန်မာနိုင်ငံက ပါဝင် လက်မှတ် ရေးထိုး ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ တွင် သတင်း ထုတ်ပြန်သည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သော ၂၀၁၉ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး CRC-OPAC သို့ အတည်ပြုပါဝင်ရေး စာချွန်လွှာကို စာချုပ်ထိန်းသိမ်းသူ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ကုလသမဂ္ဂ ဥပဒေရေးရာဌာန အကြီးအကဲမှ တဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နောက်ဆက်တွဲ အခြေပြစာချုပ်အရ တပ်မတော် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးသည် အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် အသုံးမပြုရ၊ အတင်းအကျပ် စေခိုင်းခြင်းမျိုး ဖြစ်စေ၊ မိမိသဘောဆန္ဒအရ ဝင်ခြင်းမျိုးဖြစ်စေ တားဆီးရမည် ဟူသည့် အချက်သည် အဓိကဖြစ်ကြောင်း ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းပြသည်။
ဦးအောင်မျိုးမင်း က “ဒီစာချုပ်ရဲ့ ထူးခြားချက်က အစိုးရတင် ကလေးတွေကို စစ်သားအဖြစ် အသုံးပြုတာမျိုး မဟုတ်ဘဲ တိုင်းပြည်မှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့မှန်သမျှ အားလုံးမှာ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်သားအဖြစ် အသုံးပြုတာ မရှိဖို့ အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ” ဟု ပြောသည်။
မြန်မာနိုင်ငံသည် အဆိုပါ နောက်ဆက်တွဲ အခြေပြစာချုပ်အား အတည်ပြုသည့် ၁၆၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ် လာပြီး ယခုကဲ့သို့ အတည်ပြု ပါဝင်နိုင်ခဲ့ခြင်းသည် ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်ရေးအတွက် သိသာ ထင်ရှားသည့် နောက်ထပ်ခြေလှမ်းတရပ် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီး ဦးကျော်တင် က “ဒီနောက်ဆက်တွဲ အခြေပြစာချုပ်ကို ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်၊ တပ်မတော်ရဲ့ ပုံရိပ်ကိုလည်း တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ကလေးသူငယ်များ အခွင့်အရေး ကာကွယ်မြှင့်တင်ရေး အတွက်လည်း မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုမှာ အပြုသဘော တိုးတက်မှုတရပ် ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်” ယင်းစာချုပ် ချုပ်ဆိုရေးနှင့် ပတ်သက်၍ စက်တင်ဘာ လဆန်းပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် CRC-OPAC စာချုပ်အား ပြည်တွင်း အခြေအနေများနှင့် လျော်ညီစွာ အကောင် အထည်ဖော် ဆောင်ရွက်ရန် စာချုပ်၏ အပိုဒ်(၃.၂)အား ကြေညာချက်နှင့် အပိုဒ် (၄) အား အဓိပ္ပာယ် ရှင်းလင်းကြေညာ ချက်တို့ကို ထုတ်ပြန်လျက် အတည်ပြု ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အချက်နှင့် ပတ်သက်၍ ဦးအောင်မျိုးမင်း က “အဲဒီအချက်က အစိုးရဘက်ကတော့ တာဝန်ယူတယ်။ ဒါပေမယ့် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ လက်ရှိရှိနေတဲ့ တိုင်းရင်းသား အဖွဲ့တွေကြားမှာ လုပ်တဲ့ကိစ္စကိုတော့ သူ့အနေနဲ့ လက်ရှိအခြေအနေရ တာဝန်ယူနိုင်တဲ့ အခြေအနေ မရှိသေးဘူးဆိုတဲ့ သဘောမျိုး မှတ်ချက်ပေးပြီး လက်မှတ် ထိုးထားတာကို တွေ့ရတယ်” ဟု မှတ်ချက်ပြုသည်။
ဆက်လက်၍ ၎င်းက လက်နက်ကိုင် တပ်ဖွဲ့များအကြား ကလေးများအား စစ်မှုထမ်းစေခြင်း ရပ်တန့်နိုင်ရန် အစိုးရ အနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ကလေး စစ်မှု ထမ်းစေခြင်းနှင့် ပတ်သက်၍ စတင် ဆွေးနွေးမှုများ၊ ထိုကလေးများအား တပ်ဖွဲ့များအတွင်းမှ ဖယ်ရှားနိုင်ရေး လက်တွေ့ကျသော ပြင်ဆင်မှုများကို ယခုမှစတင်၍ ဆွေးနွေးသင့်ကြောင်း အကြံပြု တိုက်တွန်းသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက ထုတ်ပြန်သည့် ကလေးသူငယ်များကို စစ်မှုထမ်းစေခြင်း ဆိုင်ရာ အစီရင်ခံစာထဲ၌ ဆိုးဆိုးဝါးဝါး လုပ်ဆောင်နေသော နိုင်ငံတနိုင်ငံအဖြစ် ၂၀၀၃ ကတည်းကပင် ပါဝင်ခဲ့ပြီး တပ် မတော် အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၇) ဖွဲ့တွင် အသက်မပြည့်သေးသော ကလေးသူငယ်များအား စစ်သားအဖြစ် စုဆောင်းခြင်း၊ စေခိုင်းခြင်းများ ကျူးလွန်နေကြောင်း ရေးသားဖော်ပြထားသည်။
မြန်မာ အစိုးရသည် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်းသည့် ကလေး သူငယ်များအရေး ဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို ၂၀၁၅ တွင် ပဏာမ လက်မှတ်ရေးထိုးခဲ့ပြီး တပ်မတော် အတွင်းရှိ ကလေးစစ်သား အချို့ကို ပြန်လွှတ်ပေးခဲ့သည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြီးခဲ့သည့် မေလက ထုတ်ပြန်ချက်အရ ၂၀၁၄ မှ ၂၀၁၉ မတ်လအထိ အရွယ်မရောက်သေးသည့် ကလေးသူငယ်ပေါင်း ၁၅၇၉ ဦးကို တပ်မတော်မှ နုတ်ထွက် ခွင့်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CRC) ကို ၁၉၉၁ တွင် လက် မှတ် ရေးထိုးခဲ့ပြီးနောက် ၁၉၉၃ တွင် ကလေးသူငယ် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
ထိုဥပဒေတွင် ကလေးစစ်သားနှင့် ပတ်သက်၍ ပါဝင်ခြင်း မရှိခဲ့သော်လည်း ခေတ်ကာလနှင့် လျော်ညီစေရန် ပြင်ဆင် အစားထိုးထားသည့် ၂၀၁၉ ဇွန်တွင် အတည်ပြုပြဋ္ဌာန်းလိုက်သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ၏ အခန်း (၁၇) တွင် ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲပြဋ္ဌာန်းထားသည်ကို တွေ့ ရသည်။
အဆိုပါ ဥပဒေ ပုဒ်မ ၆၃ နှင့် ၆၄ တွင် နိုင်ငံတော်၏ တပ်မတော်က သော်လည်းကောင်း၊ တပ်မတော် မဟုတ်သည့် အခြားအုပ်စုများက သော်လည်းကောင်း အသက် ၁၈ နှစ် မပြည့်သေးသူများကို လူသစ်စုဆောင်းခြင်း၊ တိုက်ခိုက်မှုများ တွင် အသုံးပြုခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။
You may also like these stories:
ကလေးစစ်သားတဦး ကျပ် ၁၀ သိန်း အထိ တိုးမြှင့်ထောက်ပံ့ရန် စီစဉ်
ကလေးစစ်သားအဖြစ် စုဆောင်းခံရသူတဦး တပ်မှထွက်ခွင့်ရရန် လိုလားနေ
ကလေးစစ်သားအရေး တိုင်းရင်းသားလက်နက်ကိုင်များ မလိုက်နာဟု တပ်မတော်ပြော
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိသေးဟု ကလေးစစ်သားဟောင်း အောင်ကိုထွေး ပြော