နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)၏ မြို့နယ်မှူး အဆင့်ရှိသူတဦး ခန္တီးမြို့နယ်အတွင်းရှိ ချင်းတွင်း တံတား၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်ထံသို့ လက်နက်ဖြင့် ဥပဒေဘောင် အတွင်းသို့ ဝင်ရောက် လာကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်အတွင်းရှိ ချင်းတွင်းတံတား၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များထံသို့ စက် တင်ဘာ၂၉ ရက် ညနေ ၃ နာရီခန့်က NSCN-K အဖွဲ့မှ လဟယ်မြို့နယ် ဝမ်တုံကျေးရွာနေ မြို့နယ်မှူးအဆင့်ရှိ ဦးဝမ်ဝမ် (ဘ) ဦးကမ်ဝမ်သည် ၎င်းကိုင်ဆောင်သည့် ၉ မမ မစ္စတိုတလက်၊ ကျည်အိမ်တခု၊ ကျည်နှစ်တောင့်နှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု တပ်မတော် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက“၎င်းအနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်း တို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲ ယမ်းများနှင့် အတူ ယခုကဲ့သို့ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်”ဟုလည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။
ထိုသို့ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူအား တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင် ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန်းနိုင်က အဆိုပါ ကိစ္စနှင့် ပတ်သက်၍“အဲဒါ ကျနော်တို့ Confirm လုပ်နေတုန်းပါဗျာ။ ပြီးမှ ကျနော်တို့ ပြန်ပြောပေးပါမယ်။ တခြား အလုပ်လေးတွေ ရှုပ်နေလို့ပါဗျ”ဟု ပြောဆို သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခန္တီး ရဲစခန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေကြားမှု မရှိကြပေ။
NSCN-K နှင့် နီးစပ်သူ တဦးကတော့ ဝမ်ဝမ်ဆိုသည့် အမည်သည် များစွာရှိပြီး မည်သူ ဆိုသည်ကို စုံစမ်းကြည့်ရဦးမည် ဖြစ် ကြောင်း၊ သို့သော် NSCN-K ၏ ခန္တီးမြို့နယ်မှူး ဝမ်ဝမ် ဟူ၍ ရှိကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
လဟယ်မဲဆန္ဒနယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလောရုံက “ကျနော် မကြားလိုက်ဘူး၊ ကျနော် လည်း မုံရွာရောက်နေတယ်။ လက်နက်နဲ့ အလင်းဝင်တာ ဟုတ်ရင်လည်း ဟုတ်မှာပါ။ သတင်းထဲမှာ တရားဝင် တက်လာ တယ်ဆိုတော့လည်း အသေးစိတ်တော့ ကျနော် မသိရသေးဘူး။ ဟိုရောက်မှ သိရမှာ”ဟု ဧရာဝတီသို့ ပြောသည်။
NSCN-K မှ အဆင့်မြင့် အဖွဲ့ဝင်တချို့သည် ခန္တီးမြို့ပေါ်နှင့် ရွှေမှော်များတွင် သွားလာ နေထိုင်လျက်ရှိကြောင်း၊ အရပ်စကား အရ ကြားဖူးကြောင်း ၎င်းက ဆိုသည်။
NSCN-K သည် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရနှင့်၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်က တိုင်းဒေသကြီး အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသော နာဂ လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
အစိုးရဘက်ကလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးရန်လည်း ၂၀၁၅ ခုနှစ်က ကမ်းလှမ်းထားသည်။
သို့သော် NSCN-K ဘက်မှ NCA ထိုးရေးမထိုးရေးကို ယတိပြတ် ဆုံးဖြတ်ထားခြင်း မရှိသေးသည့်တိုင်၂၀၁၉ ခုနှစ် ဇန်န ဝါရီ လ၂၉ ရက်တွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာမှ အိန္ဒိယသူပုန်များနှင့် ဆက် သွယ် သည်ဟု ဆိုကာ တပ်ရင်း ၆ ရင်းဖြင့် နန်းယွန်းမြို့နယ် အတွင်းရှိ တကားကျေးရွာမှ NSCN-K ၏ ဌာနချုပ်ကို ထိန်းချုပ် လိုက်သည်။
ထို့နောက် မတ်လတွင် NSCN-K မှ ခေါင်းဆောင်များ ဖြစ်သည့် သာသနာရေး ဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တောရေးရာ ဝန်ကြီး ဦးအန်ကန့်၊ ပြည်ထဲရေးဝန်ကြီး ဦးအောင်မိုင်း၊ ဒုဗိုလ်မှူးကြီး အောင်စိုင်း၊ ဦးစောထိန် တို့ကို မတရားအသင်း ဆက် သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီး အရေးယူထားသည့်အတွက် တရားရင်ဆိုင်နေရလျက် ရှိသည်။
ထို့ပြင် NSCN-K မှ ဗိုလ်မှူး ကျားရမ်၊ ဒု ဗိုလ် စိုင်းအောင်၊ အရာခံဗိုလ် ဝမ်လက်၊ တပ်ကြပ်ကြီး ထွန်းမြင့်၊ တပ်ကြပ်ကြီး ဆိုင် ဝမ် တို့ကိုလည်း ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်က ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး အရေးယူထားခြင်းကြောင့် တရားရင်ဆိုင်နေရ သည်။