ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အမည်ကို သုံးပြီး ငွေကြေးကောက်ခံနေ သဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မုံးစီးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထား သည်ဟု TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီကို ပြောသည်။
မုံးစီး နယ်မြေရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက ကွတ်ခိုင်မြို့ နယ်၊ နမ့်မောကျေးရွာ အုပ်စု၊ နမ့်ဆာကျေးရွာ အနီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် က “ကျနော်တို့ ရဲတပ်ဖွဲ့ဝင် ဟုတ်မှန်း မဟုတ်မှန်း မသိသေးဘူး။ မုံးစီး၊ မန်ဆာလမ်းမှာ အရပ် ဝတ် ၄ ဦးက ကျနော်တို့ နာမည်ပြောပြီး ငွေကောက်ခံနေတယ်လို့ သတင်းရတယ်။ အဲဒါကြောင့် ကျနော်တို့ သွားဖမ်း တယ်။ လူ ၄ ဦးကို သူတို့ရဲ့ လက်ပစ်ဗုံးရယ် သူတို့ ငွေကောက်ခံထားတဲ့ စာရင်းဇယားတွေ တွေ့ရတယ်။ ကျနော်တို့ အဖွ့ဲက ဖမ်းပြီး ထိန်းသိမ်းထားတယ်” ဟု ပြောသည်။
အဆိုပါ ၄ ဦးကို ဖမ်းဆီးစဉ် အရပ်ဝတ်များ ဝတ်ဆင်ထားသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့ဝင်များ ဟုတ်မဟုတ် မသိဘဲ TNLA အမည်သုံးကာ နွားတင်လာသည့် ကားများကို ငွေကောက်ခံနေသည် ဟူသည့် သတင်းကြောင့်သာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးထားသည်ကိုသာ သိရှိပြီး ဖမ်းဆီးခံထားရသူ ၄ ဦး၏ အခြေအနေကို အသေးစိတ် မပြောနိုင်သေး ဟုလည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့မှာကလည်း တရားရေးဌာန ရှိပါတယ်။ သူတို့ စိစစ်ပြီး အပြစ်ရှိရင် ရှိသလို ၃ ရက်၊ ၄ ရက် အချုပ်ထဲမှာ ထားပြီး ပြန်လွှတ်တာ ရှိပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၄ ဦးဘက်မှ တစုံတရာ ဆက်သွယ်လာခြင်း မရှိသေးပါဟုလည်း ဗိုလ်မှူး မိုင်းအိုက် ကျော်က ဆိုသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဇော်ခင်အောင်က မုံးစီးနယ်မြေ ရဲစခန်းမှ စခန်းမှူး၊ ဒုရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင်၂ ဦး၊ စုစု ပေါင်း ၄ ဦး ဖမ်းဆီးခံထားရသည်မှာ မှန်ကန်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ဖမ်းဆီးထားသည့် သက်ဆိုင်ရာ အဖွဲ့အစည်းနှင့်လည်း ညှိနှိုင်းနေသည်ဟု ဧရာဝတီသို့ ပြောသည်။
TNLA ဘက်မှ ၎င်းတို့တပ်ဖွဲ့ အမည်သုံးကာ ငွေကြေးကောက်ခံရသဖြင့် ဖမ်းရခြင်း ဖြစ်သည်ဟူသည့် စွပ်စွဲချက်နှင့် ပတ်သက်၍ ရဲမှူးချုပ် ဇော်ခင်အောင်က တစုံတရာ မှတ်ချက်ပေးရန် မရှိကြောင်း၊ လက်ရှိတွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ TNLA လက်ထဲတွင် ရှိနေသဖြင့် မှတ်ချက်မပေးလိုပါဟုလည်း ဆိုသည်။
ရဲမှူးချုပ် ဇော်ခင်အောင် က “ကျနော်တို့ တပ်ဖွဲ့ဝင်တွေက လက်နက်လည်း မပါဘူး။ အရပ်ဝတ်တွေနဲ့ သွားတာ။ အမှု ကိစ္စ အရသော်လည်း သတင်းစုံစမ်းထောက်လှမ်းချက်အရ သော်လည်းကောင်း တခုခု ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျနော်တို့လည်း လက်ရှိ အနေအထားမှာ ဘာမှ မသိနိုင်သေးတဲ့အတွက် အသေးစိတ် ပြောနိုင်ခြင်း မရှိသေးပါဘူး ခင်ဗျ” ဟုလည်း ပြောသည်။
TNLA သည် ၂၀၁၈ ခုနှစ်အတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ပေါ်တွင် ဆက်ကြေး ဝင်ကောက်သည့် ၎င်းတို့ တပ်ဖွဲ့ဝင်၂ ဦးကို တပ်မတော်ထံ သတင်းပေးသည်ဟု ဆိုကာ ဆက်ကြေး ပေးဆောင်နေရသည့် အိမ်ဆောက် ပစ္စည်းဆိုင်ပိုင်ရှင် ဒေါ်နန်းမိုဟွမ်ကို အိမ်တွင်း ဝင်ရောက် ဖမ်းဆီးခြင်း ပြုလုပ်ဖူးသည်။
၂၀၁၇ ခုနှစ်က TNLA ၏ တပ်ဖွဲ့ဝင်၂ ဦးသည် ဒေါ်နန်းမိုဟွမ်ထံတွင် ဆက်ကြေးငွေ ကောက်ခံပြီး အပြန်လမ်းတွင် တပ် မတော် စစ်ကြောင်း၏ ပစ်ခတ်ဖမ်းဆီးမှုကို ခံခဲ့ရပြီး တဦးသေဆုံးပြီး တဦးမှာတရားစွဲဆိုခံရကာထောင်ဒဏ်ကျခံ နေရ သည်။
ဒေါ်နန်းမိုဟွမ်ကို အိမ်တွင်း ဝင်ရောက် ဖမ်းဆီးပြီးTNLA က ပြည်သူ့ ဝန်ထမ်းအမှုကို ထမ်းဆောင်နေသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ၎င်းတို့တပ်တွင်း ခုံရုံးတင် စစ်ဆေးကာ ထောင်ဒဏ်ချမှတ်မည်ဟု ပြောဆို ခဲ့ပြီး နောက်ပိုင်းတွင် ရှမ်းလူထုများက ဆန္ဒပြပြီး လူထုဘက်မှ ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ အကျယ်တဝင့် ရှိ လာပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
TNLA သည် ၎င်းတို့ လှုပ်ရှားသည့် နယ်မြေတွင် ၎င်းတို့ သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက် ပါက အရေးယူမှုများ ပြုလုပ်သည်ဟု ပြောဆိုနေသော်လည်း စည်းမျဉ်းစည်းကမ်းများ၊ ပြစ်ဒဏ်များကို အများပြည်သူ သိအောင် ထုတ်ပြန်ထားခြင်း မရှိပါ။
TNLA သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားပြီး ပလောင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ဥပဒေနှင့်အညီ ရရှိရေးတို့ကို ကြွေးကြော်၍ အစိုးရနှင့် တပ်မတော်ကို တော်လှန် တိုက်ခိုက် နေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။
လက်ရှိတွင် တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) တခု ချုပ်ဆိုနိုင်ရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC)နှင့် ဆွေးနွေးလျက် ရှိသည်။