လေယာဉ် အရေးပေါ်တံခါး ဖွင့်ခဲ့သည့် တရုတ်အမျိုးသမီး အဖမ်းခံရ
တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်တွင် လေယာဉ်မတက်မီ လေယာဉ် အရေးပေါ် ထွက်ပေါက် တခါးအား ဖွင့်ခဲ့သည့် တရုတ်အမျိုးသမီး တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
လေကောင်းလေသန့်ရရှိရန်အတွက် ဟု အကြောင်းပြသည့် ထိုအမျိုးသမီး၏လုပ်ရပ်ကြောင့် လေယာဉ်ခရီးစဉ် တနာရီခန့်ဆိုင်းငံ့ခဲ့ရကြောင်း တရုတ်ပြည်မကြီး သတင်းဌာနများကို ကိုးကား၍ ဘန်ကောက်ပိုစ့် သတင်းဌာနက ဖော်ပြသည်။
ထိုဖြစ်ရပ်သည် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၃.၄၅ တွင် ထွက်ခွာရန် စီစဉ်ထားသည့် ဝူဟန်မှ လန်ကျိုဝူသို့ ပျံသန်းမည့် ရှာမင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် MF8215 တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အသက် ၅၀ ကျော်အရွယ်အတွင်းရှိပုံရသော ထိုအမျိုးသမီးကို လေယာဉ်ဝန်ထမ်းများက အရေးပေါ်ထွက်ပေါက်အနီးတွင် ထိုင်လျှင်လိုက်နာရမည့် စည်းကမ်းများကိုရှင်းပြပြီး အရေးပေါ် တံခါးကို ဖွင့်သည့် ခလုပ်ကိုလည်း မနှိပ်ရန် ကြိုတင်ရှင်းပြထားပြီး ဖြစ်သည်ဟုဆိုသည်။
သို့သော် လေယာဉ်မယ်က အခြားခရီးသည်များလိုအပ်သည်ကို ဖြည့်ဆည်းရန် သွားရောက်စဉ် ထိုအမျိုးသမီးက လေကောင်းလေသန့်ရရန်လိုသည်ဟုဆိုကာ ထိုထွက်ပေါက် ခလုပ်ကို နှိပ်ခဲ့သည်ဟုဆိုသည်။
ထိုအမျိုးသမီးကို ခေါ်ယူစစ်ဆေးပြီး ခရီးစဉ် တနာရီမျှ နှောင့်နှေးသွားခဲ့ရခြင်းဖြစ်သည်။
လေယာဉ်အရေးပေါ်တံခါးကို ဖွင့်ခြင်းသည် လေယာဉ်အတွင်းရှိ အများပြည်သူတည်ငြိမ်မှုကို နှောက်ယှက်ရာ ရောက်ပြီး ရဲတပ်ဖွဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းနှင့် ဒဏ်ငွေတို့ပေးဆောင်ရနိုင်သည်။
လွန်ခဲ့သောနှစ် ဇူလိုင်လကလည်း ပထမဆုံးအကြိမ် လေယာဉ်စီးသော တရုတ်အမျိုးသမီး တဦးသည် သူမ၏လေယာဉ် နန်ကျင်းမှ မတက်မီ အရေးပေါ်တံခါးကိုအိမ်သာတံခါးနှင့် မှားယွင်းဖွင့်ခဲ့သည်။
ထိုလုပ်ရပ်ကြောင့် အရေးပေါ် လျှောတံတားလည်း ပွင့်ကျသွားခဲ့ပြီး ခရီးစဉ် ၂ နာရီ နှောင့်နှေးခဲ့သည်။ ထိုအမျိုးသမီးကို ၁၀ ရက်ကြာဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အရေးပေါ်လျှောတံတား ပွင့်သွားသောကြောင့် အချို့ခရီးသည်များသည် တန်ဖိုးကြီးစွာ ပေးဆပ်ရတတ်သည်။ ထိုလျှောတံတားကို ပြုပြင်ရန်နှင့် ပြန်လည်တပ်ဆင်ရန် ရက်အတန်ကြာပြီး ငွေကုန်ကြေးကျများသည်။
၂၀၁၅ ခုနှစ်ဇန်နဝါရီလက ချုံကင်းလေဆိပ်တွင် လေယာဉ်ဆင်းသက်ပြီးနောက် အရေးပေါ် တံခါးပေါက် ဖွင့်ခဲ့သူတဦးသည် လေကြောင်းလိုင်းသို့ ယွမ်ငွေ ၃ သောင်း ၅ ထောင် ပေးဆောင်ခဲ့ရသည်။
ဇွန်လကလည်း Thai Lion Air လေကြောင်းလိုင်းဖြင့် ဘန်ကောက်မှ တရုတ်သို့ပြန်မည့် ဟူဘေးပြည်နယ်မှ အမျိုးသား တဦးသည် လေယာဉ်မတက်မီ အရေးပေါ်တံခါးကို ဖွင့်ခဲ့သည်။
မျက်မြင်သက်သေများ၏ အဆိုအရ ထိုသူက အကြိမ်ကြိမ်တောင်းပန်ပြီးနောက် ထိုင်းအာဏာပိုင်များက သူ့ကို တရက်ကြာဖမ်းဆီးကာ ဒဏ်ငွေ ဘတ် ၅၀၀ ချမှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရသည်။