ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီး၀ ကျေးရွာအတွင်း လက်နက်ကြီး ကျမှန် ပေါက်ကွဲခဲ့သဖြင့် ကျောင်းထိုင် ဆရာတော် ဘဒ္တန္တ ဥူးအိန္ဒက အပါအဝင် လူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာလ ၁ ရက် မနက် ၁ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးဝရွာကျေးရွာသားများကတော့ ကစ္ဆပနဒီ မြစ်ကြောင်း အတိုင်း ပလက်ဝမြို့နယ်သို့ ဆန်တက်လာသော တပ်မတော် ရေမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ကျောက်တော်ဆေးရုံသို့ လူနာ လိုက်ပို့လာသည့် မီးဝကျေးရွာသား ကိုအေးထွန်းသိန်း က “ကျနော့် အိမ်နဲ့ဆိပ်ကမ်းနဲ့က နီးနီးလေးပါ။ သူတို့က ပထမဆုံး ဆဲပါတယ်။ ပြီးရင် ရွာဘက်ကို လှမ်းပစ် ပါတယ်။ ကျနော်တို့ အိမ်အောက်မှာ ဝပ်နေကြပါတယ်။ သူတို့ အဲလို အော်ပြီးတော့ သေနတ် ပစ်တာကိုလည်း ကျနော်တို့ ကြားလည်း ကြားရတယ်။ မြင်လည်း မြင်ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ မီးဝ ကျေးရွာ ကျောင်းထိုင်ရာတော် ဘဒ္တန္တ ဥူးအိန္ဒက၊ အသက် ၁၃ နှစ်အရွယ် ကိုရင်ငယ် ၁ ပါး၊ အသက် ၁၉ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဆန်းဆန်းနွယ်၊ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား၊ အသက် ၁၄ အရွယ် ၈ တန်းကျောင်းသား ကိုဆန်းဝင်းလှိုင် တို့ ဖြစ်သည်။
ကျောက်တော်ဆေးရုံတွင် ခါးတွင် လက်နက်ကြီး အစမှန်သော ဒဏ်ရာ၊ ညာဘက်လက် မောင်းဒဏ်ရာတို့ဖြင့် ဆေးကုသမှုခံယူနေသူ ကိုဆန်းဝင်းလှိုင် က “သားတို့က ကြောက်ပြီး ဘုန်းဘုန်းအနားမှာ စုပြီးထိုင်နေကြတယ်။ အဲဒီမှာ ဟိုနားမှာ ဘယ်သူတွေ ကျန်သေးလဲ သွားကြည့်ဆိုပြီး ဘုန်းဘုန်းကပြောတော့ သားက ပြေးပြီး သွားကြည့်တာ အဲဒီမှာ ဂျိမ်းခနဲလာကျတာ။ သားကို ဘယ်လို ထိမှန်းတော့ မသိလိုက်ဘူး။ နာတာပဲ သိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ယမန်နေ့ ညက အဆိုပါ မီးဝ ကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ခိုက်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “မီးဝဖြစ်စဉ်ကဗျာ ကျနော်တို့က အဲဒီမှာ ရေလမ်းကြောင်း လုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတယ်။ ကျနော်တို့ တပ်တွေ သွားတာ လာတာတွေ အန္တရာယ်ကင်းကင်း သွားလာနိုင်အောင် နောက် ပလက်ဝမှာ ကုလားတန်မြစ်စီမံကိန်း ပစ္စည်းပို့တဲ့အဖွဲ့တွေ အရင် တခါလို မဖြစ်အောင် လုံခြုံရေးတပ်ဖွဲ့လုပ်နေတာ ရှိတယ်။ တချို့လည်း ကမ်းထိုးယာဉ်နဲ့ လုပ်တာရှိတယ်” ဟု ပြောသည်။
၎င်းကဆက်၍ “အဲဒီလို လုပ်တဲ့အပေါ်မှာ မနေ့ညက ၂ နာရီထိုးလောက်မှာ မီးဝနားမှာ လုံခြုံရေး လုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ရှိတဲ့နေရာကို AA တွေက မီး၀ ဝန်းကျင် တဝိုက်က အပြန်လှန် ပစ်ခတ်တာ နာရီဝက် ဝန်းကျင်ကြာတယ်။ အပြန်အလှန်ပစ်ခတ်မှုတော့ ရှိတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာ ရရှိတယ်။ ဘာညာဆိုတာကတော့ ကျနော်လည်း သေချာ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲသည့် မီးဝ ကျေးရွာမှာ ကစ္ဆပနဒီ မြစ်ကမ်းဘေးတွင် တည်ရှိသော အိမ်ခြေ ၃၈၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ် အကြား တည်ရှိသည့် ကျေးရွာတရွာလည်း ဖြစ်သည်။
လက်ရှိအချိန်တွင် အဆိုပါ ဒဏ်ရာ ရရှိသူ ၅ ဦးထဲတွင် ဒဏ်ရာပြင်းထန်သည့် ဆရာတော်နှင့် ကိုရင်ငယ်အား စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန် ၃ ကို ကျောက်တော်ဆေးရုံတွင် တက်သနေကြသည်။
ကျောက်တော်ဆေးရုံနှင့် စစ်တွေဆေးရုံသို့ ရောက်ရှိလာသော ဒဏ်ရာရသူများအနက် ကျောက်တော် ဆေးရုံတွင် ကုသမှုခံယူနေသော လူနာ ၃ ဦးမှာ စကားပြောဆိုနိုင်သော်လည်း ရင်ဝတွင် လက်နက်ကြီး အစထိမှန်ပြီး စစ်တွေဆေးရုံ၌ ဒဏ်ရာဖြင့် ကုသမှုခံယူနေသော ဆရာတော်နှင့် ဦးခေါင်းနှင့် ခြေထောက်တွင် လက်နက်ကြီးစထိမှန်ထားသာ ကိုရင်လေးတို့မှာ ဒဏ်ရာ ပြင်းထန်သည့်အတွက် စကား မပြောနိုင်သည်ကို တွေ့ခဲ့ရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်၍ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုတို့နှင့် ပတ်သက်ပြီး စုံစမ်း စစ်ရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းရန် မကြာသေးမီ ရက်ပိုင်းက မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က လွှတ်တော်အဆို တရပ်တင်သွင်းခဲ့သည်။
ထိုသို့ အဆိုတင်သွင်းရာတွင် ရခိုင်စစ်တွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ထိမှန် သေဆုံးသူ ၈၀ ဦးနှင့် ထိခိုင်ဒဏ်ရာ ရရှိခဲ့သူ ၁၂၀ ဦး ထိ တိုးလာနေကြောင်းလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။