ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ရရှိထားသည့် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အသုံးချ၍ အဂတိ လိုက်စားမှုများ မပြုလုပ်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက ပြောကြားသည်။
ရဲချုပ် အောင်ဝင်းဦးက“မိမိရရှိထားတဲ့ ရာထူးလုပ်ပိုင်ခွင့်ကို အသုံးချပြီး အဂတိ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ကာ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်ကောင်းတွေ ဖြစ်အောင် ကိုယ်တိုင် ခံယူချက်၊ ယုံကြည်ချက် ထားရှိရ မည် ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် ၅၅ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်ခြင်း ဖြစ်ပြီး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရဲတပ်ဖွဲ့ဝင်များကို ရာထူးအလိုက် ရရှိသည့် လစာဝင်ငွေ ကွာခြားပြီး လစာအပြင် ရဲချုပ် အဆင့် မှ ရဲတပ်သား အဆင့်ထိအား ရိက္ခာအနေဖြင့် တရက်ကို ၁၈၀၀ နှုန်းဖြင့် တလကို ၅၄၀၀၀ ကျပ် ရရှိကြောင်း၊ လိုအပ် ပါကလည်း အသုံးဆောင် ပစ္စည်းများဖြစ်သည့် ဖိနပ်၊ ခြင်ထောင်၊ စောင်၊ ယူနီဖောင်း အစရှိသည်တို့ကို ထောက်ပံ့မှု များ ရှိနေကြောင်းလည်း ရဲအသိုင်းအဝိုင်းက သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများ အပေါ် ရဲတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်ပုံများနှင့် ပတ်သက်၍ ပြည်သူ အများစုက ယုံကြည်မှု ပို၍ အားနည်းလာသည်ဟု ပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။
နေပြည်တော်မှ အမည်မဖော်လိုသူ ရဲအရာရှိ တဦးက“တချို့က အဆိုးမြင်တာလည်း ရှိသလို၊ တချို့က အကောင်း ဘက် က မြင်တာလည်း ရှိပါတယ်။ ဒါကတော့ အမြင်ကတော့ ကွဲပြားတာတွေ ရှိပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေက ဥပဒေ ဘောင်ထဲက လုပ်ကိုင် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
အဂတိ လိုက်စားမှု ဆိုသည့် ပြဿနာသည် မြန်မာနိုင်ငံ တခုတည်း မဟုတ်ဘဲ နိုင်ငံပေါင်းစုံတွင် ကြီးမားသည့် ပြဿနာ တရပ် ဖြစ်ကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို မြန်မာတနိုင်ငံတည်းက လုပ်နေခြင်း မဟုတ်ဘဲ အမေရိကန်၊ အင်္ဂလန်၊ အစရှိသည့် ဘေးပတ်ဝန်းကျင် နိုင်ငံများမှာပါ ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်ကြောင်း ရဲမှူးချုပ် ဝင်းခေါင် (အငြိမ်းစား) က သတင်းထောက်များကို ပြောသည်။
၎င်းက“စင်းလုံးချောနေတဲ့ အဖွဲ့အစည်း ဘယ်အဖွဲ့အစည်းမှ မရှိဘူး။ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ တပ်မတော် ထဲမှာရော ကျနော်တို့ ရဲတပ်ဖွဲ့မှာရော အဂတိတရား မကင်းရှင်းသော ပုဂ္ဂိုလ်တွေ အဖွ့ဲအစည်းတွေ ရှိတယ်”ဟုလည်း ပြောဆို သည်။
မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များ၏ အဓိက ရင်ဆိုင်နေရသည့် အခက်ခဲမှာ ရရှိသည့် အခြေခံ လစာ နည်းပါးခြင်း၊ ရဲတပ်ဖွဲ့ဝင် ဦးရေ မလုံလောက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်းများ မြင်တွေ့နေရကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေ များ အသင်းမှ အတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်မှသာလျှင် ရဲအစစ်များနှင့် ရဲပညာ တတ်မြောက်သည့်သူများ ပေါ်လာမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြီးမှသာလျှင် ပြည်ထဲရေး ဝန်ကြီးဌာနကို အစိုးရလက်အောက်သို့ ပို့နိုင်မှသာ အဆင်ပြေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဦးသိန်းသိန်းဦးက“အဂတိတရားက ကင်းရှင်းဖို့ ဆိုတာ မြန်မာပြည်မှာ ဖုံးလွှမ်းခံထားရသည့် ပြဿနာ ဖြစ်နေကြောင်း၊ အဂတိတရား လိုက်စား နေတာက ရဲတပ်ဖွဲ့ဝင် တခုတည်း မဟုတ်ဘဲ မြန်မာ တနိုင်ငံလုံး လွှမ်းခြုံခံထားရတာပါ”ဟုလည်း ပြော သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရာ၌ ယခင် ရဲချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ ခေါင်း ဆောင်ကောင်း ရဲချုပ် အငြိမ်းစားများ ထံမှလည်း အကြံဉာဏ်များရယူပြီး ယင်းအကြံဉာဏ်များနှင့် အညီလည်း အကောင် အထည် ဖော်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်ရှိ တာဝန်ထမ်းဆောင် နေသူများ အငြိမ်းစားများကို တသွေးတည်း၊ တသားတည်း ဖြစ်စေရေးအတွက် ရဲမှုထမ်းဟောင်းများကိုလည်း ဖွဲ့စည်း ဆောင်ရွက်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရဲချုပ် အောင်ဝင်းဦးက ပြောကြားသွားသည်။
You may also like these stories:
ပြည်သူ့စစ်များ အရေး လွှတ်တော်တွင် ဆွေးနွေး
ရွှေတြိဂံဒေသတွင် မူးယစ်ဆေးနှင့် ဓာတုဆေးရေများ ဖမ်းမိ
တရုတ်ဖိအားကြောင့် ပေါ်လာသည့် ကျိုင်းတုံ ဆွေးနွေးပွဲ “ဟန်ပြ”ဟု မြောက်ပိုင်း ၃ ဖွဲ့ ပြော
သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား