ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်ရန် ဆရာ၊ ဆရာမ ၃၀၀ ဝန်း ကျင် လိုအပ်နေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးထက် က ဧရာဝတီကို ပြောသည်။
ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၃၈၈ စုရှိပြီး မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်း ကျောင်း စုစုပေါင်း ၃၈၄ ကျောင်းရှိကြောင်း သိရသည်။
ထိုကျောင်းများ အနက် ၁၁၈ ကျောင်းတွင် ဆရာ၊ ဆရာမ ၁ ဦးမှ မရှိကြောင်း၊ ၉၄ ကျောင်းတွင်သာ ဆရာ၊ ဆရာမ ၁ ဦးစီ ရှိသည့်အတွက် ၃၀၀ နီးပါး လိုအပ်နေခြင်းဖြစ်သည်ဟု ချင်းပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။
ပညာရေး ဝန်ကြီးဌာနက ချင်းပြည်နယ်၌ လိုအပ်နေသော ဆရာ၊ ဆရာမ ၆၀၀ နီးပါးတွင် ၃၆၀ ကို တနေ့လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ၂၀၁၉ ခုနှစ် ဇွန်လက ခန့်အပ်ပေးခဲ့ကြောင်း၊ သို့သော် ၃၀၀ ဝန်းကျင် လိုအပ်နေဆဲဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီး ဦးစိုးထက်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ဆရာ၊ ဆရာမ လိုအပ်ချက်က ၅၀၀ ကျော်၊ ၆၀၀ နီးနီး လောက်ရှိတယ်။ အခု ခန့်တာ ၃၆၀ ဆိုတော့ အခု အထက်တန်း ကျောင်းတွေရော၊ အလယ်တန်း ကျောင်းတွေရော၊ မူလတန်း ကျောင်းတွေရော၊ ဆရာ၊ ဆရာမ လိုအပ် ချက် ကတော့ ၃၀၀ ဝန်းကျင်လောက် ရှိသေးတယ်။ ၃၆၀ ဆိုတာတောင်မှ တော်တော်ကို ကျနော်တို့ရဲ့ ဒေသ ကို ဖြည့်ဆည်း ပေးလိုက်သလိုပဲ။ ဘယ်မြို့နယ်မှ အဲဒီလို မခန့်ပေးဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
လက်ရှိ ခန့်အပ်ထားသော ဆရာ၊ ဆရာမ ၃၆၀ သည် ဒေသခံများ ဖြစ်ကြောင်း၊ ဘွဲ့ရများနှင့် ၉ တန်း၊ ၁၀ တန်း အောင် ကျောင်းသူ ကျောင်းသားများကို ခန့်အပ်ထားခြင်း ဖြစ်ကြောင်း၊ ထိုဒေသခံများသည်ပင် တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ တိုက်ပွဲဖြစ်သည့်အခါ စာသင်ကြားမှုများ မလုပ်ပေးနိုင်ဘဲ ဖြစ်နေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ဆို သည်။
ချင်း လူ့အခွင့်အရေး အဖွဲ့မှ သတင်းအချက်အလက် ရှာဖွေရေး တာဝန်ခံ ဆလိုင်း တေရကမူ ပလက်ဝ မြို့နယ် အတွင်း လိုအပ်နေသော ဆရာ၊ ဆရာမများနေရာတွင် ယာယီ ဆရာ၊ ဆရာမများကို ခန့်အပ်၍ စာသင်ကြား ပေးနေမှု များ ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ချင်းပြည်နယ်အစိုးရက အစားထိုးပေါ့နော်၊ သူတို့ ယာယီ ကျောင်း ဆရာ၊ ဆရာမတွေ ခန့်ထားတယ်။ သူတို့လည်း ခဏလေးပေါ့ ဝင်တယ်၊ နောက်ပြီးတော့ လုံခြုံရေးအရ မသင်ဖြစ်တော့လို့ သူတို့လည်း အကုန် ပြန်ကုန် တယ်လို့ကြား တယ်”ဟု ၎င်းက ပြောဆိုသည်။
ပလက်ဝမြို့နယ် အတွင်း တပ်မတော်နှင့် AA ကြား ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ကြောင့် ကုန်ပြင်၊ ပြိုင်စို၊ ကင်းတလင်း ရွာများ အပါအဝင် ကျေးရွာပေါင်း ၇ ရွာခန့် တိုက်ပွဲ ရှောင်ခဲ့ရသလို ကျောင်း ပေါင်း ၁၁၈ ကျောင်း ပိတ်ထားခဲ့ရကြောင်း သိရသည်။
လက်ရှိမှာတော့ ပိတ်ထားရသည့် ကျောင်းပေါင်း ၁၁၈ ကျောင်းကို ဇွန်လက ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်ပြီး လိုအပ် နေသော ပညာရေးဝန်ထမ်း ၆၀၀ နီးပါးအနက် ၃၆၀ ကို ခန့်အပ်၍ သင်ကြားပေးနေပြီး ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီး ဦးစိုးထက်က ဧရာဝတီသို့ ပြောသည်။
ချင်း လူ့အခွင့်အရေး အဖွဲ့မှ ဆလိုင်းတေရက ပိတ်ထားသော ကျောင်းများကို ပြန်လည် ဖွင့်လှစ်ထားပြီဟု မကြားမိ ကြောင်း၊ တိုက်ပွဲများ ကြိုကြား ကြိုကြား ဖြစ်နေသည့် အတွက် ချင်းပြည်နယ် အစိုးရက ခန့်အပ်ပေးထားသော ဝန်ထမ်း များပင် တာဝန်ထမ်းဆောင်မှု အပြည့် မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း ပြောဆိုသည်။
ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နှင့် သဘာဝဘေး ကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ကိုကျော်အောင်က“ကျနော်လည်း ပညာရေးက အသေးစိတ်တော့ မသိရသေးဘူး၊ ဟိုတလောက တိုက်ပွဲတွေကြောင့် ဆရာ၊ ဆရာမတွေ မလာရဲလို့ ပိတ် ရတဲ့ အခြေအနေတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကိန်းဂဏန်း အတိအကျတော့ ကျနော်လည်း မသိဘူး။ အခု ဖြစ်နေတဲ့ ရွာတွေ ကလည်း ပလက်ဝမြို့နဲ့ နည်းနည်းဝေးတော့ တိတိကျကျ မသိဖြစ်နေတာ၊ အရင်တုန်းကတော့ ဟုတ်တယ်၊ ပိတ်ထား ရတာတွေ ရှိတယ်။ အခု ဒီ ၁ လ၊ ၂ လလောက်ကတော့ တိုက်ပွဲတွေ မရှိတော့ အများအားဖြင့် ပြန်ဖွင့်နိုင် တယ်။ အရင်ကတော့ ရှိခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
AA အဖွဲ့သည် ပလက်ဝမြို့မှ တောင်ပြိုသို့ ကုလားတန်မြစ်အတွင်း ပြေးဆွဲနေသော စက်လှေတစီးနှင့် ဆန်အိတ် များ တင်ဆောင်လာသော စက်လှေတစီးကို ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်က လောင်းတင်နှင့် ကျီးလေရွာကြားမှာ တားဆီးပြီး စက်လှေပေါ်ပါ ခရီးသွား ၁၉ ဦးကို ဖမ်းဆီးခေါ်သွားခဲ့သလို ဆန်အိတ် ၁၀၀ နီးပါးကိုလည်း ယူသွားခဲ့ဖူးသည်။
ထိုဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ခရီးသွား ၁၉ ဦးတွင် ပလက်ဝမြို့အတွင်း ပညာသင်ကြားပေးနေသော ကျောင်း ဆရာ၊ ဆရာမ ၅ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဦးစိုးထက်က“လောလောဆယ် ကျနော် နောက်ဆုံး သိရသလောက်ကတော့ သင်တော့ သင်နေကြတယ်၊ တိုက်ပွဲကလည်း ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ မသေချာတော့ တိုက်ပွဲဖြစ်ရင်တော့ ထွက်ပြေးကြ တယ်၊ တိုက်ပွဲမဖြစ်ရင် ပြန်သင်တယ် အဲဒီလိုတော့ ဖြစ်နေတယ်”ဟု ပြောဆိုသည်။