သတင်း

ကရင့် အာဇာနည်နေ့ ကျင်းပမှုဖြင့် နော်အုန်းလှတို့ကို ထောင် ၁၅ ရက် ချမှတ်

Want create site? Find Free WordPress Themes and plugins.

ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပမှုဖြင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲခံရသော နော်အုန်းလှနှင့် ကရင် လူငယ်များဖြစ်ကြသည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ ဦးလုံးကို ကျောက်တံတားမြို့နယ် တရားသူကြီး ဒေါ်ပန်းစိန်မှ ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်သည်။

သို့သော်လည်း ချုပ်ရက် ခံစားခွင့်များ ထုတ်နုတ်ခံစားခွင့် ပြုကာ၊ စတင် ဖမ်းဆီးစဉ်ကတည်းက အာမခံမယူဘဲ ထောင် အချုပ် ဖြင့် ရင်ဆိုင်ခဲ့သည့် အတွက် ၎င်းတို့ ဦး လုံးသည် ယနေ့တွင် ပြန်လည် လွတ်မြောက်လာသည်။

ပြန်လည် လွတ်မြောက်လာသော်လည်း မိမိတို့ကို ကရင့်အာဇာနည်နေ့ ဆိုသည့် အသုံးအနှုန်းကြောင့် တရားစွဲကာ ထောင် ဒဏ် အပြစ်ပေးလိုက်ခြင်းသည် ကရင်အမျိုးသားတို့၏  အာဇာနည်ကို စော်ကားခံလိုက်ရသည်ဟု ခံစားမိကြောင်း၊ ရန်ကုန် တိုင်း ဝန်ကြီးချုပ်ကိုယ်တိုင်က ယင်းအသုံးအနှုန်းဖြင့် ပြုလုပ်ခြင်းကို လုံးဝ ခွင့်မပြုဆိုသည့် စကားကို ရန်ကုန်တိုင်းအတွင်း ရှိ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးမှ တဆင့် သိထားရသည့် အတွက် လက်ခံဖွယ်ရာ မရှိကြောင်း နော်အုန်းလှက တရား ရုံး အမိန့်ချ အပြီးတွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

နော်အုန်းလှကကျမတို့က ဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် ဒေသန္တရ အမိန့်နဲ့ ဘာအကြောင်းနဲ့မှ ငြိစွန်းစရာ မရှိပါဘူး။ ဒါဟာ ဥပဒေက ပေးကိုပေးရမယ့် အရာတွေပါ။ အခုလို ကျမတို့ကို ထောင်ချလိုက်တဲ့အတွက် စိတ်မကောင်း ပါဘူးဟု ဆိုသည်။

၎င်းက ဆက်လက်၍ကရင့်အာဇာနည်နေ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်က လာသတ်မှတ်စရာ အကြောင်း မရှိပါဘူး။ တိုင်းအစိုးရ အဖွဲ့က ဖိအားပေးတာကို ဌာနဆိုင်ရာတွေကလည်း လိုက်လုပ်ရတဲ့အတွက် ကျမတို့အနေနဲ့ ဒီဟာကို တိုင်စာ တက်ပါ့မယ်။ ဒီလုပ်ရပ်ဟာ အစိုးရမှာ တာဝန်ရှိပါတယ်။ ပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို မသိရင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဝေးနေပါ့မယ်။ အဲဒီအတွက် ကျမ ဒီအမှုကို အယူခံတက်မယ်။ အမှု ပြင်ဆင်ချက် တက်မယ်။ ကျမဆို ထောင်ထဲမှာ ၂၂ ရက် နေခဲ့ရတယ်။ အမိန့်ထက် ရက် ပိုနေခဲ့ရတယ်။ ကရင်လူငယ် ဦးဆို ရက်ပို နေခဲ့ရတယ်။ အစိုးရက လုပ်ချင်တာ လုပ်နေတာကို လက်မခံပါဘူးဟု ပြောဆိုသည်။ 

ယခုလို အပြစ်ပေးခြင်းသည် ဗျူရိုကရေစီ စနစ်ကျကျ အုပ်ချုပ်နေသည့် စနစ်တွင် အပြစ်မရှိ အပြစ်ရှာနေသည်ဟု မြင်တွေ့ ရကြောင်း၊ တိုင်းရင်းသား လူမျိုးစုအားလုံးသည် အဖိနှိပ် အချုပ်ချယ်ခံနေရဆဲ ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့၏ တာဝန်သည် မတရား ခေါင်းငုံ့ခံရန် မဟုတ်ကြောင်း၊ အကြမ်းမဖက်သည့် နည်းလမ်းဖြင့် တော်လှန်သွားရမည် ဖြစ်ကြောင်း ထောင်ဒဏ်အပြစ်ပေး ခံလိုက်ရသည့် စောအဲလ်ဘတ်ချိုကလည်း ပြောသည်။ 

စောအဲလ်ဘတ်ချို ကအခုဆိုရင် ပြည်သူတွေမှာ အင်အားဖြစ်စရာ အကြောင်းအရာတွေ အများကြီး ရှိနေပြီ။ သတင်းတွေ ထဲမှာလည်း ကြားကြမှာပေါ့။ အောက်ခြေက ပြည်သူတွေရော၊ ဝန်ထမ်းတွေရောကို မတရား ဖိနှိပ်ချုပ်ခြယ်နေတဲ့၊ တပ်မ တော် ခေါင်းဆောင်တွေကို မကြာခင်မှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို ပို့တော့မယ်ဆိုတာ။ ဒါက ကျနော်တို့တွေ အတွက် အများကြီး ခွန်အားရစရာ ဖြစ်ပါတယ်ဟု ဆိုသည်။ 

၎င်းတို့ ဦးသည် တရားရုံးတွင် အစစ်မခံခဲ့သလို တစုံတရာ တင်ပြပြောဆိုခြင်းလည်း မပြုခဲ့ကြပေ။ 

တရားလို ဖြစ်သူ ကျောက်တံတားမြို့နယ် ရဲမှူးနှင့် တရားလိုပြ သက်သေ ဦးကို စစ်ဆေး အပြီး ယခုလို အမိန့်ချခဲ့ခြင်း ဖြစ်သည်။ 

နော်အုံးလှတို့ကို ဝန်းရံသူများ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

ယနေ့ အမိန့်ချသည့် ရုံးချိန်းတွင် ကရင်တိုင်းရင်းသား အဖွဲ့အစည်းများ အပြင် ကရင်နီလူငယ်များ၊ အရပ်ဘက် အဖွဲ့ အစည်းများနှင့် ရွှေဝါရောင် သံဃာတော် အင်အားစု တချို့အပါအဝင် ရာနှင့်ချီသော လူထုကြီးက မဟာဗန္ဓုလ ပန်းခြံရေးမှ တဆင့် တရားရုံးအထိ ကရင့်အလံများ၊ တိုင်းရင်းသား အခွင့်အရေး တန်းတူညီတူ ရရှိရေးစသည့် ကြွေးကြော် တောင်းဆို သည့် ဆိုင်းဘုတ်များဖြင့် ချီတက် ဝန်းရံခဲ့ကြသည်။ 

နော်အုန်းလှတို့ကို ယခုလို ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးမှုဟုဆိုကာ ယနေ့ ညနေ တွင်လည်း တိုင်းရင်းသား အခွင့်အရေး တန်းတူညီတူ ရရှိစေရန် မဟာဗန္ဓုလ ပန်းခြံရှေ့တွင်ပင် ဆန္ဒထုတ်ဖော်ပွဲကို ထပ်မံ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

နော်အုန်းလှကို ကရင့်အာဇာနည်နေ့ ကျင်းပသည့် ကိစ္စဖြင့် ယခုလို ဖမ်းဆီးလိုက်ခြင်းကို ရှုတ်ချကြောင်း၊ ကရင် တမျိုး သားလုံး အပေါ် ထိပါး စိန်ခေါ်ခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စကို ဆန့်ကျင်ကန့်ကွက်ရန် တပ်လှန့် နှိုးဆော်ကြောင်း၊ ကရင် လူမျိုးများ၏ အမှန်တရား မြတ်နိုးမှု၊ တရားမျှတမှု၊ သတ္တိရှိမှု၊ စည်းလုံးညီညွတ်မှုကို ပြသရန် လိုအပ်ကြောင်း KNU Concerned Group အဖွဲ့မှ သဘောထား ထုတ်ပြန်ခဲ့သည်။

နော်အုန်းလှသည် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေး စတင် လှုပ်ရှားခဲ့သူဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင် ဖွဲ့စည်းသည့်အခါ မှော်ဘီမြို့နယ်တွင် ရပ်ကျေး အဆင့် စည်းရုံးရေးမှူး ဖြစ်ခဲ့သည်။

ထို့နောက် ၁၉၉ဝ ရွေးကောက်ပွဲတွင် မှော်ဘီမြို့နယ်ရှိ ကရင်ကျေးရွာများကို NLD ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေး တွင် ထိရောက်အောင် စည်းရုံးနိုင်ခဲ့သည်။

ထို့ပြင် တနိုင်ငံလုံး အတိုင်းအတာဖြင့် NLD ပါတီက ဖွဲ့စည်းခဲ့သည့် ဗဟိုအမျိုးသမီးရေးရာ အဖွဲ့တွင် ပါဝင်ခဲ့သည်။

နော်အုံးလှတို့ကို ဝန်းရံသူများ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

၂ဝဝ၆ ခုနှစ်တွင် NLD ပါတီ တည်ထောင်ခြင်း ၁၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအပြီး ဒေါ်နော်အုန်းလှနှင့်အတူ ပါတီဝင်တချို့က ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးသို့ သွားရောက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် နော်အုန်းလှကို ပါတီမှ ထုတ်ပယ်ခဲ့သလို ကျန်သည့် ပါတီဝင်၂၁ ဦးကိုလည်း ပါတီမှ ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်း၊ အလုပ်ရပ်စဲခြင်း ပြုလုပ် ခဲ့သည်။ 

သူသည် နိုင်ငံရေး လှုပ်ရှားမှု တလျှောက်လုံး အကြိမ်ကြိမ် ထောင်ကျခြင်း၊ အချုပ်ခံရခြင်းများ ခံခဲ့ရသူဖြစ်ပြီး NLD ပါတီမှ ထုတ်ပယ်ခံလိုက်ရသော်လည်း တောင်သူလယ်သမားများ အရေး၊ မြေယာအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ကို အစဉ်တစိုက် ဆောင်ရွက်နေခဲ့သူတဦးလည်း ဖြစ်သည်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးသည် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ထို့ကော့ကိုးဒေသ၌ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် အတွင်း ကျဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့အား ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

ကရင့်အာဇာနည် အသုံးအနှုန်း မသုံးရန် အစိုးရ တားမြစ်

ငြိမ်းစုစီဖြင့် တရားစွဲခံထားရသော ဒေါ်နော်အုန်းလှတို့အမှု အပြီးသတ် အမိန့်ချတော့မည်

ကရင့်အာဇာနည်နေ့ပွဲကြောင့် အမှုဖွင့်ခံရသူ ၂ ဦး တရားရုံးလာရောက် အဖမ်းခံ

ငြိမ်းစုစီ ပုဒ်မဖြင့် တရားစွဲခံရသူ ဒေါ်နော်အုန်းလှ အင်းစိန်ထောင်သို့ ပို့

Did you find apk for android? You can find new Free Android Games and apps.
Loading