မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၆ ဦးအား စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ဖမ်းဆီး ရမိခဲ့ကြောင်း မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) မှ သိရသည်။
မင်းလှမြို့ အနောက်ဘက် ပုသိမ်–မုံရွာ ကားလမ်းမ မိုင်တိုင် ၂၃၆/၄ အနီး၊ ဘန့်ပြင်ကျေးရွာအနီးတွင် မသင်္ကာဖွယ် တွေ့ရှိကြောင်း ရွာသားများက သတင်းပေးလာသဖြင့် မင်းလှမြို့နယ်၊ ရေနံမ နယ်မြေ စခန်းမှူး ရဲအုပ် အောင်မင်းဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မင်းလှမြို့နယ် လက်ထောက် လဝက မှူး ဦးဟန်ဇော်ဌေးက ဧရာဝတီကို ပြောသည်။
ဦးဟန်ဇော်ဌေး က “သူတို့ရဲ့ ထွက်ဆိုချက်အရ ပွဲစားက သူတို့ကို မလေးရှား ပို့မယ်ပေါ့။ ပိုက်ဆံ ၄၈ သိန်းပေးရမယ်။ ပွဲစားက သူတို့ လူမျိုးပဲ။ ရန်ကုန်ကို ရောက်ရင် ဘယ်လောက်ပေး၊ ၂၈ သိန်းဆို ၂၈ သိန်းပေါ့။ လောလောဆယ် တောလမ်း အတိုင်း လာတယ်ဆိုတော့ စရံငွေ ဘယ်လောက်ပေးရင် ကားလမ်းထိ လိုက်ပို့ပေးမယ်ပေါ့” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက အဆိုပါ ဘင်္ဂါလီ အမျိုးသား ၆ ဦးသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နိတင်ကျေးရွာမှ လာရောက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အား စုံစမ်းမေးမြန်းရာတွင် မည်သည့် အထောက်အထားမျှ မတွေ့ရသည့် အတွက် အောက်တိုဘာ ၁ ရက်တွင် မင်းလှမြို့နယ် တရားရုံးသို့ တရားစွဲ တင်ခဲ့ပြီးနောက် တရားရုံးက တခါတည်း အမိန့်ချခဲ့ကြောင်း ရှင်းပြသည်။
ဖမ်းဆီးရမိသူများမှာ ဂျီဘူရာမန် (ခ) မဲလုံး၊ မာမောက်အီဆပ်၊ အဒူရော်ကိန်း၊ မူဟာမက် ဆော်မီရော်ဒင်၊ နူရူလာ မိန် နှင့် မူဟာမက်ယာတို့ဖြစ်ပြီး ၎င်းတို့ ၆ ဦးအနက် ၂ ဦးသည် အသက် ၁၅၊ ၁၆ နှစ်အရွယ် ဖြစ်သဖြင့် လူငယ်သင် တန်းကျောင်းသို့ ပို့ရမည်ဖြစ်ပြီး ကျန် ၄ ဦးသည် ထောင်ဒဏ် ၂ နှစ် ကျခံရကာ သရက်ထောင်သို့ ပို့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့ကို အကုန်စစ်တယ်။ မိမိ မူရင်းနေထိုင်ရာ ဒေသမှ ထွက်ခွာလာသည့် သက်ဆိုင်ရာ ရဲစခန်း လဝက ရပ်ကွက် ကျေးရွာ အုပ်ချုပ်မှူးများထံမှ ထောက်ခံချက် မရှိပါ။ မည်သည့် ခရီးသွားလာခွင့် စာရွက်စာတမ်း လက်မှတ် အထောက်အထား များလည်း မပါရှိပါ။ သူတို့မှာ အထောက်အထား တခုမှ မပါလို့ ကျနော်တို့က ဖမ်းဆီး တရားစွဲရ တာပါ” ဟု ဦးဟန်ဇော်ဌေးက ပြောသည်။
အဆိုပါ ၆ ဦးကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင် နည်းဥပဒေ အပိုဒ် ၂၆၊ ၂၉ ဖောက်ဖျက် ကျူးလွန်ကြောင်းနှင့် ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သည့် မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆၂၊ ၆၃ ဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်းလည်း ဆက်၍ ရှင်းပြသည်။
ထိုကဲ့သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီများကို မကြာခဏ ဖမ်းဆီးရမိပြီး ယခုနှစ်အတွင်း၌ပင် ၁၅ ကြိမ်ခန့် ဖမ်းဆီးရမိပြီး ဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်နှင့် ငဖဲမြို့နယ်တို့သည် အနောက်ရိုးမနှင့် တဆက်တည်းဖြစ်နေပြီး လုံခြုံရေး အားနည်းမှုကြောင့် ဘင်္ဂါလီများ ဝင်၍ ပိုလွယ်နေခြင်း ဖြစ်ကြောင်း၊ ဝင်ရောက်လာသူများသည် ပုံစံအမျိုးမျိုးဖြင့် လာကြခြင်း ဖြစ်သော်လည်း လူခံရှိ မှသာ သွားရန် အဆင်ပြေသည့် လမ်းကြောင်းများ ဖြစ်ကြောင်း မင်းလှဒေသခံ ကိုနေအောင်က မှတ်ချက်ပြုသည်။
ငဖဲမြို့နယ် ဒေသခံ ကိုကျော်ကိုရှိန်ကလည်း “ဝင်နေတာက အမြဲဝင်နေတာပါ။ ဖမ်းတာနဲ့ မဖမ်းတာပဲ ကွာတာ။ ဖမ်းရင် မိတာပဲ။ ဂိတ်တွေကို ဖြတ်ရတာလေ။ ငဖဲနဲ့ အမ်းကြားမှာ ကြက်ရေစမ်း စစ်ဆေးရေးဂိတ်ဆိုတာ ရှိတယ်။ ရဲ၊ လဝက ပေါင်းထားတဲ့ဂိတ် အကြီးကြီးပဲ။ တရားမဝင် ဝင်ရောက်သူတွေဟာ အဲဒီကနေ ဝင်ရတာပဲ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ပွဲစားမပါဘဲ လာတာ မရှိသလောက်ပဲ။ ဒီဂိတ်ကနေပဲ ဖြတ်ရတာ သေချာတယ်။ မင်းလှနဲ့ငဖဲက ကပ်နေတာ။ အမ်းဘက်ကနေ ငဖဲကို မဖြတ်ဘဲ မင်းလှကို မရောက်ဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ အတွင်းကလည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဆက်သွယ်ထားသည့် ဂွ–ငါးသိုင်းချောင်း ကားလမ်းတွင် ပွဲစားများက ဆိုင်ကယ်များဖြင့် တင်၍ ခေါ်ဆောင်လာသည့် ဘင်္ဂါလီ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ သည်။
ထို့ပြင် စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ အဝင်ဂိတ်တွင် ဘင်္ဂါလီ ၃၀ တင်ဆောင်လာသည့် ကားတစီးကို နယ်မြေအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်။
You may also like these stories:
ရန်ကုန်သို့ ခိုးဝင်ဘင်္ဂါလီ ၁ ဦး လမ်းတွင်သေဆုံး
အကြမ်းဖက် သံသယဖြင့် မလေးရှားက ဖမ်းဆီးသူ ၄ ဦးတွင် “ရိုဟင်ဂျာ” ၂ ဦးပါ
ဦးအောင်ကို၏ သဘောထားမှတ်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရ ကန့်ကွက်