နေစရာမရှိသူများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေနေရာ အခက်အခဲ ရှိသူများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့က လာမည့် တပတ်အတွင်း မြေများရောင်းချပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှု ကော်မတီ က ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ကြေညာထားသည်။
မြေလျှောက်ထားလိုသူများ အနေနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးတွင် လျှောက်လွှာ တင်သွင်းမည့်သူ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတင်ပြပြီး ယခုလ ၇ ရက်မှ စတင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း လျှောက်လွှာများကို နိုဝင်ဘာလ ၈ ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ထုတ်ပြန် ချက် ၌ ဖော်ပြထားသည်။
အဆိုပါမြေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် အစီအမံနှင့် ရောင်းချခြင်းဖြစ်ပြီး လျှောက်ထားလာသည့် မြေများကို လည်း သတ်မှတ်ထားသော စည်ပင်သာယာ၏ နှုန်းထားများနှင့် အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“ကျနော်တို့ဆီမှာ လာရောက် ရင်းနှီးမြှုပ်နှံသူတွေ ပိုမို အဆင်ပြေ ချောမွေ့စေနိုင်ဖို့ အတွက် ကျနော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ မြေတွေကို ထုတ်ပြီးရောင်းဖို့ ရှိပါတယ်။ အစိုးရ ပိုင် ဧကထောင်ချီတဲ့ မြေတွေကို ထုတ်ရောင်းပေးဖို့ပါ”ဟု ပြီးခဲ့သည့် ဇူလိူင်လ ၂၄ ရက်က ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှု အစည်းအဝေးတွင် ပြောကြားထားသည်။
တိုင်းအစိုးရ၏ မြေရောင်းချရေး မူဝါဒအရ နေရေး အခက်အခဲရှိသူများနှင့် စီးပွားရေး လုပ်ကိုင်ရန် မြေအခက်အခဲ ရှိသူ များ ကို စဉ်စား ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြေရောင်းချမည့် အစီအစဉ်တွင် ကန့်သတ်ချက်များ၊ စည်းမျည်းစည်းကမ်း များ လည်း ပါဝင်မည် ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။
ယခု ရောင်းချပေးမည့် မြေနေရာများမှာ ဒဂုံမြို့နယ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာရှိ အစိုးရပိုင် မြေကွက်များ ကို ရောင်းချပေးမည် ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၄ ရက်က မီဒီယာများသို့ ပြောကြား ထား သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက “ဒါက ဝန်ကြီးချုပ်ကြီးရဲ့ အစီအစဉ်ပေါ့။ ကျနော်တို့က ဒီအပေါ်မှာ မြေကို သူဘယ်လို အသုံးချခွင့်ပေးမှာလဲပေါ့။ အခု က စက်မှုဇုန် ဥပဒေလည်း ထွက်ပြီ။ မြေယာကို သတ်မှတ်ချိန်အတွင်း မလုပ်ဘူးဆိုရင် ပြန်သိမ်းမယ့်ရက်လည်း ထွက်ပြီ ဆိုတော့ ကြည့် ရမှာပေ့ါ။ ဒါက လျှောက်တိုင်းလည်း မရပါဘူး။ အစကတည်းက သူအကန့်အသတ်နဲ့ ပေးမယ်လို့ ပြောထားတယ်”ဟု ဧရာ ဝတီသို့ ပြောသည်။
လယ်မြေများကို မြို့မြေအဖြစ် သတ်မှတ်ပြီး အစိုးရက ရောင်းချပေးမည်ဟု သိရပြီး ယင်းမြေများသည် အစိုးရ သိမ်းဆည်း ထားသည့် မြေများဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးကျော်ဇေယျက ဆက်လက်၍“ဒီမြေတွေကို အစိုးရက တဧက ကျပ်သိန်း ၁၀၀ နှုန်းနဲ့ မူလပိုင်ရှင်တွေကို ပေးလျော် ထားတယ်။ ဒါတွေက ကျနော်တို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ကော်မတီကို တင်ပြတာ မရှိဘူး။ ဥပမာ လိုအပ်ချက်အရ မြေသိမ်းတယ်။ အခုက လယ်ယာမြေ ဥပဒေလည်း ထွက်ပြီးပြီ၊ မြေသိမ်းဥပဒေလည်း ၂၀၁၉ မှာ ထွက်ပြီးပြီ။ အခု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က မြေသိမ်းရင်၂၀ ၊ ၈၀ ရာခိုင်နှုန်း၊ တဧက ကျပ်သိန်း ၁၀၀ နှုန်းပေးပြီး မြို့မြေ သတ်မှတ် တယ်။ ဒါ ကျနော်တို့ သဘောမတူဘူး”ဟု ပြောသည်။
ထိုကြောင့် လက်ရှိတွင် မူလမြေပိုင်ရှင်များက အစိုးရပေးသည့် ရာခိုင်နှုန်းအပေါ် သဘောတူညီမှု ရှိမရှိကို စောင့်ကြည့် လျက်ရှိပြီး ယင်းအချက်အလက်များ ရလျှင် လွှတ်တော်မှတဆင့် အစိုးရထံသို့ အကြံပေးသင့်လျှင် ပေးသွားမည် ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
ဦးကျော်ဇေယျက“မူလ ပိုင်ရှင်တွေက သဘောတူရင်တော့ ဘာမှမဖြစ်ဘူး။ တချို့မြို့နယ်တွေမှာ သဘောမတူတဲ့သူ တွေ ရှိတယ်။ ဒါကို အချက်အလက်တွေ ကောက်နေတယ်။ အခု ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်နေတာ ထုတ်ပြန် ထားတဲ့ လယ်ယာမြေ ဥပဒေ ၂၀၁၂ နဲ့ မညီဘူးလို့တော့ ကျနော် ပြောနိုင်ခြေရှိတယ်။ အခု ၂၀၁၉ မြေသိမ်း ဥပဒေ နဲ့လည်း သူမလုပ်ဘူး”ဟု ပြောသည်။
လက်ရှိတွင် အိမ်ခြံမြေဈေးကွက်မှာ အေးနေပြီး အရောင်းအဝယ်ပါးနေကာ ယခုလို တိုင်းအစိုးရ မြေထုတ်ရောင်းမည့် သတင်းကြောင့် အိမ်ခြံမြေဈေး ထပ်မံကျဆင်းနိုင်ကြောင်း ပြည်သူများကြား ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။
မြောက်ဒဂုံမြို့နယ် အိမ်ခြံမြေ အကျိုးဆောင် ဦးသက်မိုးက“အိမ်ခြံမြေဈေးက အခု ဈေးထက်တော့ မကျနိုင်တော့ဘူး လို့တော့ ထင်တယ်။ အခုလည်း ကျတဲ့ ဈေးလေးနဲ့တော့ အရောင်းအဝယ်က ဖြစ်နေကြတာပဲ။၂၀၁၅ လောက်ကနေ ဈေးစကျတာ ၂၀၁၇ လောက်မှာ ဈေးကတန်းနေတယ်။ ကျနော်တို့ သတ်မှတ်တဲ့ အောက်ဆုံးအဆင့် ရောက်သွား တယ်။ ဈေးကတော့ အဲဒီဈေးအတိုင်းပဲ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ မြောက်ဒဂုံ ၃၄ ရပ်ကွက်တွင် အနိမ့်ဆုံး ပေ ၄၀၊ ပေ ၆၀ မြေတကွက်လျှင် ကျပ်သိန်း ၁၄၀၀ ဝန်းကျင် အထိ ရှိနေပြီး အတွင်းဘက်ကျသော နေရာများတွင် တကွက်လျှင် ကျပ်သိန်း ၄၅၀ မှ ကျပ်သိန်း ၆၀၀ ဝန်းကျင် ရှိကြောင်း လည်း ၎င်းက ပြောပြသည်။