သတင်း

တရုတ်အထူးကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးယွက်စစ်ကို ဘာကြောင့်တွေ့တာလဲ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရပ်ဝန်းနှင့်လမ်းအစီအစဉ်(BRI) ၏ တစိတ်တပိုင်းအဖြစ် တရုတ်-မြန်မာစီးပွားရေးစြင်္ကန်(CMEC) အကောင်အထည်ဖေါ်ရန် ရှိနေပြီး ပထမဆုံး စီမံကိန်းအနေဖြင့် ရှမ်းပြည်နယ် မူဆယ်မှ မန္တလေးအထိ ရထားလမ်းတည်ဆောက်ရန် စီစဉ်ထားသည်။

အဆိုပြုထားသော လမ်းကြောင်းမှာ ယူနန်ပြည်နယ်မှ အရှေ့ရွှေလီရထားလမ်းမှ စတင်ပြီး မူဆယ်မှ မန္တလေးအထိဖြစ်သည်။ ထိုရထားလမ်းသည် လမ်းတလျှောက် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားပြီး တိုက်ပွဲများဖြစ်ပွားနေသော ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲတို့ကို ဖြတ်သန်းမည် ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် တိုက်ပွဲများ ရပ်စဲရေး တရုတ်-မြန်မာ နယ်စပ်အခြေစိုက် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအား ထိတွေ့ဖိအားပေးသည့် သတင်းများ ထွက်လာသည့်အခါ မထူးဆန်းပေ။

ထူးဆန်းသည်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်သည် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လာရောက် တွေ့ဆုံသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုကို ချင်းမိုင်မြို့ရှိ RCSS/SSA ၏ ရုံးမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံ မှုတွင် RCSS/SSA ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒုဗိုလ်မှူးကြီး ယွက်မိန်းနှင့် အဖွဲ့ဝင် ၈ ဦး တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှ တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် ဦးဆောင်သည့် အဖွဲ့ဝင် ၄ ဦး တက်ရောက်ခဲ့ကြောင်း RCSS/SSA ၏ တရားဝင် သတင်းဌာန Tai Freedom က ထိုနေ့မှာပင် ဖော်ပြထားသည်။

RCSS/SSA အကြံပေး ဦးခွန်ဆိုင်းက “ အဓိကတော့ သူတို့တွေ့တာကတော့ ဇန်နဝါရီလ ၂၅ ရက်နေ့ အဲဒီ အချိန်တုန်းက တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း မီးရထားလမ်း ဖောက်ဖို့အတွက် စိုင်းပြင်းနေတဲ့ကာလ၊ အဲတော့ သူတို့က တိုက်ပွဲ တွေ မဖြစ်ဖို့ သူတို့အဖွဲ့တိုင်းလိုနဲ့ သူတို့တွေ့တယ်။ UNFC တောင် လာတွေ့သေးတယ်၊ အဲတော့ RCSS နဲ့ တွေ့တာက လည်း အဓိကတော့ တိုက်ပွဲတွေ မဖြစ်ဖို့ပြောတာ၊ နောက် ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေ ဘယ်လိုရှိသလဲဆိုတာကို သူတို့ ပြောကြတယ်”ဟု ဧရာဝတီသို့ ရှင်းပြသည်။

UNFC သည် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ စုပေါင်းထားသည့် မဟာမိတ်အဖွဲ့ ဖြစ်ပြီး မကြာသေးမီက ဖျက်သိမ်းသွားခဲ့ပြီး ဖြစ်သည်။

အဆိုပါ မီးရထားလမ်း တည်ဆောက်မည့် လမ်းကြောင်းတွင် RCSS တပ်ဖွဲ့များ အခြေစိုက် လှုပ်ရှားလျက်ရှိပြီး နမ္မတူ၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်များအတွင်းမှာ ပလောင် (တအန်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်( SSPP/SSA) တို့ဖြင့် နယ်မြေ အငြင်းပွားကာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသူ ထောင်ချီရှိခဲ့သည်။

လက်ရှိ SSPP နှင့် RCSS ကြား တိုက်ပွဲများ ဖြစ်ပွားမှု မရှိတော့သော်လည်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲအတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြ သေးသလို စစ်ရေးအရ တဖက်နှင့်တဖက် သတိထားစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် တရုတ်အစိုးရသည် ၎င်းတို့ အကောင်အထည်ဖော်မည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းကို တည်ငြိမ်အေးချမ်းပြီး လုံခြုံသော လမ်းကြောင်းတခုအဖြစ် ပုံဖော်ရန် မျှော်လင့်ထားခြင်းကြောင့် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို လာရောက် တွေ့ဆုံပြီး ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား အရေး လေ့လာသူ ဦးမောင်မောင်စိုးကတော့ တရုတ်နယ်စပ် တလျောက်တွင် RCSS ထိုးဖောက် လာသည့် အခြေအနေနှင့်ပတ်သက်ပြီး တီးမိခေါက်မိရှိအောင် တွေ့ဆုံခြင်းသာ ဖြစ်နိုင်သည်ဟု မြင်ကြောင်း၊ ပိုးလမ်းမစီမံကိန်း ဖြစ်လာပါက RCSS အနေဖြင့် ရလာမည့် အကျိုးအမြတ်ထဲမှ ဝေစုတနေရာတော့ ရနိုင်ကြောင်း ဆိုသည်။

“ပိုးလမ်းမထဲဝင်မှတော့ ကျန်တဲ့ KIA ၊ TNLA တို့ အပြင် ဒီ RCSS လည်း ပါဝင်နေတာကို ကျောက်မဲတဝိုက်မှာ။ ဒါနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ တွေ့သင့်တွေ့ ထိုက်တဲ့ လူတွေ လိုက်တွေ့တာ ဖြစ်နိုင်ပါတယ်။ စိုးရိမ် ပူပန်မှုဆိုတာထက် သူကတော့ တွေ့သင့်တဲ့လူ လိုက်တွေ့ပြီးတော့ သူလုပ်စရာရှိတာ လုပ်နေပုံရပါတယ်။ RCSS ကတော့ ဒီပိုးလမ်းမလည်း ဖြစ်လာမယ်၊ သူတို့တပ်တွေလည်း ရှိနေမယ်ဆိုရင်တော့ သူ့အတွက် ဝေစုတနေရာကတော့ ရနိုင်တဲ့ အလားအလာရှိတာ ကိုး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် RCSS/SSA သည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး ၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ နောင်ချို စသည့် မြို့နယ်များတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ ထိုဒေသများအတွင်းမှာ TNLA၊ SSPP၊ တပ်မတော်တို့လည်း လှုပ်ရှားလျက်ရှိပြီး ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်အတွင်းမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)တို့လည်း လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

ထိုသို့ လှုပ်ရှားလျက်ရှိသော လက်နက်ကိုင် အဖွဲ့များအနက် RCSS နှင့် TNLA သည် နယ်မြေ အငြင်းပွားလျက်ရှိနေပြီး ယနေ့ထိတိုင် မဖြေရှင်းနိုင်သေးဘဲ ဖြစ်ကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသလို SSPP နှင့် RCSS ကြားမှာ လည်း လှုပ်ရှားနယ်မြေ အခြေအနေကို ဖြေရှင်းရန် လိုအပ်နေသေးကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံရာတွင် တရုတ်အရာရှိဘက်က ဗိုလ်ချုပ်ကြီး ယွက်စစ်ကို စီမံကိန်းမှာ ပါဝင်ရန် ဖိတ်ခေါ်ခဲ့ ကြောင်း၊ တိုက်ပွဲများ မဖြစ်အောင် ထိန်းသိမ်းပေးစေလိုကြောင်း တိုက်တွန်း ဆွေးနွေးခဲ့သည်ဟု RCSS အကြံပေး ဦးခွန်ဆိုင်းက ပြောပြသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က တရုတ်အစိုးရ၏ ဖိတ်ခေါ်မှုကို လက်ခံကြောင်း၊ သို့သော်လည်း စီမံကိန်း အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် မူကြမ်းဆွဲထားမှုကို သိလိုကြောင်း၊ တရုတ်နယ်စပ် တလျောက် အခြေစိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးမှာ ပါဝင်လာနိုင်ရေး ကူညီပေးစေလိုကြောင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိုလည်း ကူညီပေးစေလိုကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

RCSS/SSA အကြံပေး ဦးခွန်ဆိုင်းက “ အကျိုးခံစားခွင့်ကိုတော့ တိတိကျကျ ပြောတယ်လို့ ကျနော်မကြားရဘူး၊ ကျနော် ကြားရတာကတော့ ကျနော်တို့ (တရုတ်က) လုပ်တဲ့ စီမံကိန်းတွေမှာလည်း ခင်ဗျားတို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ လည်း ပါနိုင်ရင် ကောင်းတယ်ပေါ့၊ ဒီတော့ ဥက္ကဋ္ဌကြီး ယွက်စစ်က စိတ်ဝင်စားပါတယ်။ သို့သော်လည်းပဲ ဖြစ်နိုင်လို့ရှိရင် တော့ ခင်ဗျားတို့ ဘယ်လို စဉ်းစားထားသလဲ၊ ဘယ်လို စီမံထားသလဲ၊ ဘယ်လို မူကြမ်းဆွဲထားသလဲဆိုတာ ကျနော်တို့ သိချင်ပါတယ်လို့ ပြောတယ်လို့ ကျနော်ကြား ပါတယ်။ အခုထိတော့ သူတို့ ဘယ်လို မူကြမ်းတွေ ဆွဲထားတယ်၊ ဘယ်လို စီမံချက်တွေ ရှိတယ်ဆိုတာ ကျနော်တို့ မသိရသေးပါဘူး”ဟု ပြောသည်။

ဆက်စပ်ဖတ်ရှု့ရန်

တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု က တရုတ် BRI စီမံကိန်းများအပေါ် အရိပ်မိုးနေ

ပိုက်လိုင်းများ မြန်မာလူထု ထောက်ခံမှုရရန် တရုတ် ဆွဲဆောင်နေ

လာမည့်နှစ်တွင် တရုတ်-မြန်မာ နယ်နိမိတ် ပူးပေါင်းစစ်ဆေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading