ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ကို တရက်တည်း၊ တနေရာတည်းမှာ တပြိုင်တည်း ထိုးသွားလိုကြောင်း မြောက်ပိုင်းလေးဖွဲ့မှ ဆုံးဖြတ်ထားသည်ဟု အဖွဲ့ဝင် TNLA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ယနေ့ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပလောင်(တအန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင်စစ်တပ်(AA)တို့ ပါဝင်သည့် မြောက်ပိုင်း လေးဖွဲ့နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တို့ Bilateral ထိုးနိုင်ရေး ညှိနှိုင်းလျက်ရှိနေသည်။
ထို့ကြောင့် မြောက်ပိုင်းလေးဖွဲ့ဘက်က Bilateral စာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့ပါက တရက်တည်း၊ တနေရာတည်းမှာ တပြိုင်တည်း တဖွဲ့ချင်း သော်လည်းကောင်း၊ လေးဖွဲ့ ပေါင်း၍ သော်လည်းကောင်း
ရေးထိုးသွားရန် ဆုံးဖြတ်ထားကြောင်း မြောက်ပိုင်းလေးဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။
“ ကျနော်တို့က တဖွဲ့ချင်း တရွက်ချင်းစီပဲ ဖြစ်ဖြစ်၊ လေးဖွဲ့ပေါင်းပဲ ဖြစ်ဖြစ် ထိုးလို့ရှိရင် လေးဖွဲ့ပေါ့နော်။ လေးဖွဲ့ကို တရက်တည်း၊ တပြိုင်တည်း၊ တနေရာတည်းမှာပဲ ထိုးချင်တာပေါ့နော်။ စာရွက် တရွက်တည်းမှာပဲ ဖြစ်ဖြစ်၊ တဖွဲ့ ချင်းစီပဲ ဖြစ်ဖြစ် ထိုးဖြစ်လို့ရှိရင် လေးဖွဲ့လုံး တပြိုင်တည်း၊ တရက်တည်း၊ တနေရာတည်းမှာ။ ထိုးဖြစ်လို့ရှိရင်ဆိုတဲ့ နေရာမှာ လေးဖွဲ့လုံးပါရမယ်။ အဲဒီမှာ တရွက်ချင်းစီလည်း ဖြစ်ရင် ဖြစ်မယ်၊ အားလုံးလည်း ဖြစ်ရင်လည်း ဖြစ်မယ်။ ဟိုဘက်က တပ်ဘက်က လက်ခံလား မခံဘူးလား မသိရသေးဘူး။ ဒါကို ဆက်ပြီးတော့ ညှိနှိုင်းရအုံးမှာ ဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။
မြောက်ပိုင်းလေးဖွဲ့နှင့် NRPC ကြား ပဏာမ အပစ်အခတ် ရပ်စဲရေး
စာချုပ်(Bilateral) ထိုးနိုင်ရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် ကြားဝင် စေ့စပ်ညှိနှိုင်းပေးနေသည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG)မှ ဦးလမိုင် ဂွန်ဂျာကတော့ Bilateral ထိုးဖြစ်ပါက တဖွဲ့ချင်း တပြိုင်တည်း ထိုးကြမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ သူတို့က Bilateral ထိုးဖို့ ကိစ္စ ပြောတာတော့ ရှိတယ်၊ ကျနော်တို့ သိရသလောက် ဆိုရင်တော့
တရက်တည်း၊ တချိန်တည်း၊ တပွဲတည်းမှာပဲ တဖွဲ့ချင်းအလိုက်ပေါ့လေ။ အဲဒီမှာ သူတို့ထိုးမယ်။ လေးဖွဲ့စလုံး ထိုးဖို့အတွက်ဆိုတာက သူတို့ရဲ့ ပထဝီ အနေအထားအရ၊ ဒေသန္တရအရ မတူညီတဲ့အခါကျတော့လေ သူတို့တထိုင်တည်း တော့ ထိုးမယ်။ ဒါပေမယ့် စာချုပ်က တခု-တခုချင်းစီပဲ ဖြစ်လိမ့်မယ်လို့ သိရတယ်”ဟု ၎င်းက ရှင်းပြသည်။
အစိုးရနှင့်နီးစပ်သူ တဦးကလည်း မြောက်ပိုင်းလေးဖွဲ့က လက်မှတ်ထိုးပြီးမှ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး နှစ်ဖက် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ(Code of Conduct- CoC)ကို ညှိလိုပြီး အစိုးရဘက်က CoC အား အရင်ညှိပြီး သဘောတူညီမှုရပါမှ တဖွဲ့ချင်းဖြင့် Bilateral စာချုပ်ကို တချိန်တည်းမှာ လက်မှတ်ထိုး လိုကြောင်း အသီးသီး ရပ်တည်ထားမှုကြောင့် ကွဲလွဲနေသည်ဟု ဆိုသည်။
“ အစိုးရဘက်က တပ်ပိုင်းဆိုင်ရာ မညှိရသေးဘဲ လက်မှတ်ထိုးတာမျိုးကို မလုပ်ချင်ဘူး၊ မြောက်ပိုင်းအဖွဲ့တွေရဲ့ စကားက ကြိုတင်ကန့်သတ်ချက်တွေ မပါဘဲ လက်မှတ်ထိုးဖို့ ဖြစ်တယ်။ အဲဒါ ကွာဟနေတာ။ စည်းကမ်းတွေ သဘောတူပြီးမှ တဖွဲ့ချင်းစီနဲ့ တချိန်တည်းမှာ လက်မှတ်ထိုးမယ်ဆိုရင် အစိုးရဘက်က လက်ခံဖို့ရှိတယ်လို့ သိရတယ်။ မြောက်ပိုင်းအဖွဲ့တွေက လက်မှတ်ထိုးပြီးမှ စည်းကမ်းတွေကို ညှိချင်နေတာ”ဟု ၎င်းက ပြောသည်။
တပ်ပိုင်းဆိုင်ရာ ကိစ္စများ ညှိနှိုင်းနိုင်ရေးနှင့် နှစ်ဖက် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း(Code of Conduct)ကို ညှိနှိုင်းနိုင်အောင်အတွက် အစိုးရဘက်က နှစ်ဖက် ပူးပေါင်း၍ စာရွက်တရွက် တည်းမှာ အပစ်အခတ်ရပ်စဲရေး ယာယီ လုပ်ထားလိုပါကလည်း လက်ခံသွားရန် ဆန္ဒရှိကြောင်း သိရသည် ဟု သူက ဆိုသည်။
TNLA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ မည်သည့် ပုံစံမျိုးကို ညှိနှိုင်းသည်ဖြစ်စေ အဆင် ပြေရန်လိုအပ်ကြောင်း ရှင်းပြသည်။
“ ဒီဟာက ဘယ်လိုမျိုး ပုံစံ ညှိညှိ အဆင်ပြေဖို့ကတော့ လိုတယ်ပေါ့။ အခုဟာက ကျနော်တို့ဘက်က ဒီတပ်နေရာ နယ်မြေ ပိုင်းခြားရေးကိစ္စကို အဆိုတင်သွင်းတယ်၊ တပ်ဘက်က ပြောတာက နယ်မြေပိုင်းခြားမှုဆိုတာက မရှိဘူး။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတယ်။ နယ်မြေ ပိုင်းခြားမှု မရှိရင် ရေရှည်သွားလာလှုပ်ရှားမှုတွေ ပြဿနာတွေ ဖြစ်လာနိုင်တယ်၊ ပြီးခဲ့တဲ့ ကျိုင်းတုံ ဆွေးနွေးပွဲမှာ အဲဒီလိုမျိုးတွေ တွေ့ရတာပေါ့နော်။ ဒီဟာကတော့ ဆက်ပြီးမှ ညှိနှိုင်းရမယ့် သဘောရှိတယ်”ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။
အဆိုပါ Bilateral စာချုပ် လက်မှတ်ထိုးနိုင်ရေးအတွက် မြောက်ပိုင်းလေးဖွဲ့နှင့် NRPC တို့ အောက်တိုဘာလထဲတွင်ပင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ အချိန်၊ နေရာနှင့် နေ့ရက်ကို
မဆွေးနွေးရသေးကြောင်း PCG မှ ဦးလမိုင်ဂွန်ဂျာက ဆိုသည်။
စက်တင်ဘာလ ၁၇ ရက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ဆွေးနွေးပွဲမှာတော့ မြောက်ပိုင်းလေးဖွဲ့နှင့် NRPC မှ ကိုယ်စားလှယ်များ အချက် ၇ ချက်ကို အောက်တိုဘာလထဲတွင် ဆွေးနွေးသွားရန် သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။
ထို ၇ ချက်မှာ Bilateral ထိုးနိုင်ရေးနှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ လုံးဝချုပ်ငြိမ်းသွားရေး ဆက်လက် ဆွေးနွေးရန်၊ တပ်နေရာချထားရေး-တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များကို တပ်မတော်နှင့် ဆက်လက် ဆွေးနွေးရန်၊ တိုက်ပွဲများ မဖြစ်ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေး ရုံးများ ထားရှိရန်၊ NCA ထိုးနိုင်ရေး နှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည် နေရာချထားရေး- ပြန်လည်ထူထောင်ရေးကိစ္စ ဆက်လက် ဆွေးနွေးရန် စသည့် အချက် များ ပါဝင်သည်။
ဆက်စပ်ဖတ်ရှုရန် – Bilateral ထိုးနိုင်ရေး အောက်တိုဘာ ဆွေးနွေးပွဲ အလုပ်ဖြစ်မှာလား
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ NCA ထိုးရန် ရည်ရွယ်ချက် ရှိပုံမရဟု တပ်မတော် ပြော