ဘုန်းကြီးကျောင်းများအား ခုတုံးလုပ်ကာ စီးပွားရေးလုပ်နေသူများ၊ ကျောင်းတိုက်များအတွင်း အမြဲနေထိုင်သူ များအား ဖယ်ရှားရှင်းလင်းရန် မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ညွှန်ကြားထားကြောင်း ချမ်းအေး သာစံမြို့နယ်၊ သာသနာထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရ က မိန့်ကြားသည်။
ညွှန်ကြားချက်အရ ချမ်းအေးသာစံမြို့နယ်အတွင်း အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ရပ်ကွက်၊ ကျောင်း တိုက်အလိုက် တကျောင်းချင်းစစ်ဆေးမှုများ ပြုလုပ်နေပြီး လူနေထိုင်မှုများ၊ စီးပွားရေးလုပ်နေမှုများအား ကျောင်းအချို့တွင် တွေ့ခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးဝိဓူရ က “ကျောင်းမှာ အဖီစွဲပြီး အိမ်လိုနေနေတာတွေ၊ သစ်စက်တွေ၊ ကျောက်စိမ်းစက်တွေ ရှိ နေတယ်၊ တွေ့တဲ့ကျောင်းက ဘုန်းကြီးကိုရော လူတွေကိုရော ခံဝန်ထိုးခိုင်းထားတယ်၊ လာမယ့် သီတင်းကျွတ် လပြည့်နေ့ကို နောက်ဆုံးထားပြီး ထွက်ခွာကြဖို့၊ ထပ်ပြီးလက်မခံကြဖို့ပေါ့”ဟု ပြောသည်။
ချမ်းအေးသားစံမြို့နယ် သာသနာထိန်းသိမ်းရေး အဖွဲ့အနေဖြင့် ကျောင်းများအတွင်း စစ်ဆေးမှုကို ၆ ရက်ဆက် တိုက် ပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့သုံးရက်မြောက်နေ့ စစ်ဆေးပြီးသည်အထိ သင်္ဂဇာကျောင်းတိုက်အတွင်း လူ နေအိမ်များ၊ ပျဉ်ထိုးစက်(သစ်ခွဲစက်)၊ ကျောက်စိမ်းသွေးစက်၊ ကျောက်ခွဲစက်နှင့် ကျောက်စိမ်းခွဲတုံးများစွာ တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဆရာတော် ဦးဝိဓူရ က “ဒီနေ့လည်း ချဲဒိုင်တဒိုင်တွေ့တယ်။ လူတော့မမိလိုက်ဘူး။ ပစ္စည်းတွေပဲ ကျန်ခဲ့တာ” ဟု ဆက်၍မိန့်သည်။
ဘုန်းကြီးကျောင်းမြေ (သာသနာမြေ) နှင့် ဘုန်းကြီးကျောင်း အနီးရှိ မီးတားမြေအဖြစ် သတ်မှတ်ထားသည့် မြေ များပေါ်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအား မြေနေရာငှားရမ်း၍ ခွင့်ပြုထားရှိမှုများအား အမြန်ရှင်းလင်းဖယ်ရှား ရေးနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ကျင်းပသည့် လုံခြုံရေး အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ချမ်းအေးသာစံမြို့နယ်၊ ဆင်တဲကျောင်းတိုက်အတွင်းရှိ တိုက်အုတ် ကျောင်းနှင့် ဓမ္မဂုဏ်ရည်ကျောင်းတို့တွင် နှစ်လုံးထီ၊ သုံးလုံးထီနှင့် ဘောလုံးလောင်းကစားဒိုင် ဖွင့်ထားမှုအား ဖမ်းမိခဲ့ပြီး ကျောင်းထိုင်များအား လူဝတ်လဲကာ လောင်းကစားပြုလုပ်သူများအား အမှုဖွင့်အရေးယူခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၂၆ ရက်နေ့တွင်လည်း ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ဆင်များရှင် ပရိယတ္တိ စာ သင်တိုက်အတွင်း တရားမဝင် ပိတောက်နှင့်တမလန်း ဓားရွေးတုံးများ ၁၇ တန်ကျော်ကို ဖမ်းမိခဲ့သေးသည်။
ဆရာတော် ဦးဝိဓူရ က “ဒါတွေကမဖြစ်သင့်တဲ့ ကိစ္စတွေပါ၊ သာသနာနဲ့မသင့်တော်တဲ့ကိစ္စတွေ၊ ရဟန်းသမဏေ တွေအပေါ် အကြည်ညိုပျက်စေတဲ့ကိစ္စတွေ ဖြစ်နေလို့ပါ၊ လွန်ကျူးလာရင် လူဝတ်လဲတဲ့အထိ ဖြစ်လာမှာပါ၊ လူတွေကိုလည်း ရဲလက်အပ်ပြီး အရေးယူဖို့ စီစဉ်ထားပါတယ်” ဟု မိန့်သည်။
လက်ရှိတွင် ခံဝန်ထိုးထားရသည့် ကျောင်းများအနေဖြင့် သတ်မှတ်ရက်အတွင်း ဖယ်ရှားပြောင်းရွေ့ခြင်း မရှိ သည်ကို ထပ်မံတွေ့ရှိပါက ကျောင်းတာဝန်ရှိသည့် ဘုန်းကြီးများအား သံဃစည်းမျဉ်းအရ အရေးယူမည့်အပြင် လူပုဂ္ဂိုလ်များကိုလည်း ဥပဒေအရ အရေးယူရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာထိန်းသိမ်းရေးအဖွ့ဲ က ပြောထားသည်။
ကျောင်းတိုက်များအတွင်း အခြေချအမြဲ နေထိုင်သူများအား စာရင်းကောက်ယူရန်နှင့် ဘုန်းကြီးကျောင်းများအား ခုတုံးလုပ်ကာ စီးပွားရေးလုပ်ကိုင်နေသူများ၊ လောင်းကစားပြုလုပ်နေသူများရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း ပြောထားသည်။