စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်၊ ဒီပဲယင်း၊ ကနီမြို့နယ်များရှိ ဆီးပင်စိုက်ခင်းများ အနီးနှင့် စိုက်ခင်းများ အတွင်း ပျားမွေးမြုရေး လုပ်ငန်းများ၏ ပျားပုံးများ လာရောက် ချထားခြင်းကြောင့် အထွက်နှုန်း လျော့ကျလာသည်ဟု ဆိုကာ ဆီး(ဇီး)စိုက် တောင်သူများက အောက်တိုဘာ ၄ ရက်တွင် မုံရွာမြို့ပေါ်သို့ တက်၍ ဆန္ဒပြမည်ဟု သိရသည်။
ဘုတလင်မြို့နယ်မှ တော်ဦးဘ၊ ဝက်ရဲ၊ ဘုရားကြီး၊ လက်ခုပ်ကုန်း၊ ဒီပဲယင်းမြို့နယ်မှ မင်းဂံ၊ အောင်သာယာ၊ ကနီမြို့ နယ် နတ်ရဲတောင်ကျေးရွာများမှ ဆီးပင်စိုက်တောင်သူများက မုံရွာမြို့ရှိ မြို့တော်ခန်းမမှ ဈေးသစ်၊ နာရီစင်၊ ဗိုလ်ချုပ် ကြေးရုပ်မှ မြို့တော်ခန်းမအထိ အင်အား ၅၀၀ ကျော်ဖြင့် လမ်းလျှောက် ချီတက် ဆန္ဒပြမည်ဟုလည်း ဆိုသည်။
ဘုတလင်မြို့နယ် တော်ဦးဘကျေးရွာမှ ဦးအောင်လန်းက“မွေးမြူရေး ပျားပုံးတွေ ၂၀၁၁ ခုနှစ်လောက်က ရွာကို ရောက် လာတာ၊ အဲဒီတုန်းကတော့ လုပ်ငန်းရှင်က တဦးတည်းပါ။ နောက်ပိုင်းမှာ ပျားပုံးတွေနဲ့ လုပ်ငန်းရှင်တွေလည်း ပိုပိုများ လာ တယ်။ အဲဒီလို ပျားပုံးတွေများလာတာကြောင့် ကျနော်တို့ သီးနှံအထွက်နှုန်းတွေ လျော့ကျလာတယ်။ ဒါကြောင့် ပျားပုံးတွေ ကို စည်းကမ်းနဲ့ ညီညွတ်မှု မရှိဘဲ လာရောက် ချထားတာများလို့ ဆန္ဒထုတ်ဖော်သွားမှာပါ”ဟု ပြောသည်။
ဘုတလင်မြို့နယ် ပျားလုပ်ငန်း ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦသိန်းဉာဏ်မြင့်က“မွေးမြူခွင့်လုပ်ငန်းလိုင်စင်ချထားပေး ထားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက လုပ်ကြတာပါ။ ဌာနအနေနဲ့ ပျားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဦးဆောင် ပြီး တော့ ပျားစားကျက်တွေကို ရှာဖွေပေးရတာပါ။ အဓိက တနှစ်ထက်တနှစ် ပျားလုပ်ငန်းရှင်တွေ များလာပြီး ရင်းနှီး မြုပ်နှံမှုတွေ လုပ်လာနိုင်အောင် လုပ်ကြရတာပေါ့”ဟု ဆိုသည်။
၎င်းက ဆက်လက်၍“လက်ရှိ လုပ်ကိုင်နေတဲ့ ပျားလုပ်ငန်းရှင်တွေကလည်း ကျနော်တို့ဌာနက ချမှတ်တဲ့မူဘောင်၊ စည်း မျဉ်းစည်းကမ်းတွေ အတိုင်း လုပ်ဆောင်နေကြရတာပါ။ ဒါကို ဆန္ဒထုတ်ဖော်ကြတာတော့ သူတို့ အခွင့်အရေး ဖြစ်တဲ့ အတွက် ဘာမှပြောစရာမရှိပါဘူး”ဟုလည်း ပြောဆိုသည်။
ဘုတလင်မြို့နယ်ရှိ ရွာသစ် ၆ ရွာ အုပ်စုနှင့် တော်ဦးဘ၊ ဝက်ရဲ၊ မွန်တော၊ ဆပ်သွားဖူးပင်ရိုး၊ ဘုရားကြီး၊ လက်ခုပ်ကုန်း ကျေးရွာများ၊ ဒီပဲယင်မြို့နယ်ရှိ အင်ကြင်းသားပိုး၊ ဆည်လယ်၊ အောင်သာယာ၊ မင်းဂံကျေးရွာများ၊ ကနီမြို့နယ်ရှိ နတ်ရဲ တောင်၊ ချောင်းနား၊ ရွှေဖောင်ထနောင်းပကား ကျေးရွာများရှိ စိုက်ပျိုးမြေများသည် ကုန်းမြေ အများဆုံး ဖြစ်သော ကြောင့် ဆီးပင် စိုက်ပျိုးမှုကို အများဆုံး လုပ်ဆောင်ကြကြောင်း သိရသည်။
ဝက်ရဲကျေးရွာမှ ဆီးစိုက်တောင်သူ ဦးသောင်းလွင်က“ဆီးကို ကနီနဲ့ ဒီပဲယင်းနယ်တွေ ဘက်မှာလည်း စိုက်တယ်။ ဒါပေမယ့် ကျနော်တို့နယ်က ဘုတလင်၊ ဒီပဲယင်း၊ ကနီ ၃ မြို့ နယ် အစပ်မှာ ရှိတယ်။ မြေကလည်း ကုန်းမြေတွေ ဖြစ်တော့ ဘာ မှ စိုက်ပျိုးလို့မရလို့ ဆီးကိုပဲ အများဆုံး စိုက်တယ်။ အခုတော့ ပျားပုံးတွေ လာပြီးနောက်ပိုင်း ၃ နှစ် လောက်ကစပြီး အထွက်နှုန်းတွေ သိသိသာသာ လျော့ကျလာတယ်။ အခုဆိုရင် ဆီးဈေးကကျ၊ အထွက်နှုန်းက လျော့ ဆိုတော့ ကျနော်တို့မှာ တော်တော်လေးကို နစ်နာနေရတယ်”ဟု ပြောသည်။
တေယ်ဘဦး ကျေးရွာမှ ဦးအောင်လန်းကလည်း“ပျားဦးစီးကတော့ ပျားကြောင့် ဝတ်မှုန်ကူးတာနဲ့ ဝတ်ရည်ကူးတာတွေ ရှိတာကြောင့် သီးနှံအထွက်နှုန်း လျော့ကျစရာမရှိဘူးလို့တော့ ပြောပေမယ့် ပျားတွေလာချတဲ့ အချိန်ကစပြီး အသီးတွေ က ပေါ့သွားတယ်၊ ဆီးဆိုတာက လည်း ဝတ်မှုံနဲ့ အောင်တဲ့ အမျိုးမဟုတ်ဘူး။ ဝတ်ရည်နဲ့အောင်တဲ့ အမျိုး ဖြစ်တာ ကြောင့် ပျားကနေ ဆီးသီးသီးကာနီး အပွင့်ချိန်မှာ ဝတ်ရည်စုပ်သွားခြင်းအားဖြင့် အသီးတွေက အရသာပေါ့သွားတယ်။ အလေးချိန် မစီးတော့ဘူး၊ ဆီးတမျိုးနဲ့ ဖြစ်နေတာ မဟုတ်ဘူး။ ပြောင်းတို့၊ နှမ်းတို့လည်း အထွက်နှုန်းတွေ လျော့ကျ သွား တယ်”ဟု ဆက်လက် ပြောဆိုသည်။
ဆီးစိုက်ခင်းများ အတွင်းသို့ ပျားလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး ပျားပုံးထောင်ခြင်း များ ကို ဆီးသီး အချိန်အခါ ဖြစ်သည့် သြဂုတ်လမှ အောက်တိုဘာလ အထိ အများဆုံး ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရ သည်။
ဆီးစိုက်တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေခြင်းကို မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများ၊ မြို့နယ် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနများ၊ ပျားလုပ်ငန်း ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့များသို့ ၂၀၁၅ ခုနှစ်မှစတင်၍ အဆင့်ဆင့် တင်ပြခဲ့သော်လည်း ထိရောက်စွာ ဖြေရှင်းပေးမှု မရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ဘုတလင်မြို့နယ်၊ တော်ဦးဘကျေးရွာမှ ဒေါ်အေးသီတာဆွေကလည်း“ပျားဦးစီးက ပျားချတာကြောင့် အထွက်တောင် တိုးတယ် လို့ ပြောတယ်။ ကျမတို့ တောင်သူတွေက အမှန်တကယ် အထွက်တိုးခဲ့တယ် ဆိုရင် အခုလို ဆန္ဒထုတ်ဖော် ဖို့ တွေ လုပ်နေ မှာ မဟုတ်ပါဘူး။ အစတုန်းကတော့ ပျားကြောင့် အထွက်တိုးတယ် ဆိုတာကို နားမလည်လို့ ယုံတယ်၊ အခုတော့ ပျားတွေ ရောက်လာပြီးမှ အထွက်နှုန်း လျော့လာတာ တနှစ်ထက်တနှစ် သိသာလာပါတယ်”ဟု ပြောသည်။
တောင်သူများ အနေဖြင့် စိုက်ပျိုးရေးနှင့်အတူ မွေးမြုရေးလုပ်ငန်းကိုပါ ပူးတွဲလုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိ က လုပ်ငန်းရှင်များနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သလို ပျားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ ရေး အတွက် မည်သည့်ဒေသကမဆို ကြိုက်နှစ်သက်ရာဒေသတွင် ပျားမွေးမြုရေး လုပ်ငန်းများ လုပ်ကိုင်နိုင်သည်ဟု သတ်မှတ် ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပျားရည်ထွက်ရှိမှုနှင့် ပျားမွေးမြူရေး လုပ်ငန်းကို စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အများဆုံး မွေးမြူကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်မှ ပျားရည်ထွက်ရှိမှု အများဆုံးဖြစ်ကာ နိုင်ငံ တဝန်း ထွက်ရှိသော ပျားရည်၏ ၅၀ ရာခိုင်နှုန်းသည် ယင်းမာပင်ခရိုင်မှ ထွက်ရှိသည့် ပျားရည်များဟု သိရသည်။
နိုင်ငံအတွင်းရှိ ပျားမွေးမြူသူများအနက် ပျားကို မွေးမြူရေး စနစ်များအတိုင်း ကျွမ်းကျွမ်းကျင်ကျင် မွေးမြူနိုင်သူမှာ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပျားရည်ထွက်ရှိမှုမှာ မက်ထရစ် တန်ချိန် ၃၉၀၇ ဒသမ ၈၁ ထွက် ရှိခဲ့သည်ဟု ဆိုသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့ပျားရည် တန်ချိန် ၂၄၀၉ တန် တင်ပို့နိုင်ခဲ့ကြောင်း၊ ပုံမှန်လမ်းကြောင်းမှ တန်ချိန် ၁၉၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်မှ တင်ပို့မှုမှာ တန်ချိန် ၅၀ဝ ခန့်ရှိကြောင်း ပျားမွေးမြူရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
ယခုအခါ မြန်မာ့ပျားရည်များကို ဥရောပ သမဂ္ဂ (EU) ဈေးကွက်သို့ တိုက်ရိုက် တင်ပို့နိုင်ရန် ဆောင်ရွက်နေပြီး EU သို့ တင်ပို့ လာနိုင်မည်ဆိုပါက မြန်မာ့ပျားရည်အား ကမ္ဘာ့ဈေးကွက်ဝင် အဖြစ် အသိအမှတ်ပြုလာမည့် အခြေအနေ ရှိနေ သည်ဟု ပျား မွေးမြူရေး စီးဌာနက ပြောဆိုသည်။