ဘဏ်မတူသည့် MPU (Debit) ကတ်များသို့ ငွေလွှဲနိုင်မည့် အစီအစဉ်ကို အောက်တိုဘာလ အတွင်းမှ စ၍ ပြည်တွင်း ဘဏ် နှစ်ခုတွင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း Myanmar Payment Union (MPU) ကုမ္ပဏီက ပြောသည်။
လက်ရှိ အချိန်တွင် ပြည်တွင်းဘဏ် အားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ရိုးမဘဏ် နှင့် Shwe Bank ၂ ခုတွင်သာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း MPU ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဧရာဝတီကို ပြောပြ သည်။
၎င်းက“MPU ဘက်က ဒီဝန်ဆောင်မှုအတွက် အဆင်သင့်ဖြစ်နေပါပြီ။ သက်ဆိုင်ရာ ဘဏ်တွေမှာ ပြင်ဆင်စရာတွေ ရှိ နေသေးတာပါ။ အခု ပထမအဆင့် အနေနဲ့ ATM စက်တွေကနေပဲ ငွေလွှဲ (စာရင်းလွှဲ)လို့ ရဦးမယ်။ နောက်ကျရင်တော့ Mobile Banking တွေကပါ လုပ်လာနိုင်မယ်”ဟုလည်း ဆိုသည်။
အဆိုပါ ဝန်ဆောင်မှုအရ ရိုးမဘဏ်၏ MPU ကတ် ကိုင်ဆောင်ထားသူသည် Shwe Bank ၏ MPU ကတ် ကိုင်ဆောင် ထားသူထံသို့ ငွေလွှဲလိုပါက ရိုးမဘဏ်နှင့် Shwe Bank များ၏ ATM စက်များတွင် အလွယ်တကူ လွှဲပြောင်းနိုင်မည် ဖြစ်ပြီး Shwe Bank ၏MPU ကတ် ကိုင်ဆောင်ထားသူသည်း ယင်းအတိုင်း လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရ သည်။
ဝန်ဆောင်ခ အနေဖြင့် အနည်းဆုံး ကျပ် ၂၀၀ မှ စတင်မည်ဖြစ်ကာ ကျပ် ၁ သိန်း လွှဲပြောင်းပါက ကျပ် ၂၅၀ ကျသင့် မည် ဖြစ်သည်။
ယခင်က ဘဏ်မတူသည့် ATM စက်များတွင် ကျပ် ၁ သိန်း ထုတ်ပါက ဝန်ဆောင်ခ အနေဖြင့် ၅၀၀ ကျပ် ကျသင့် သောကြောင့် ယင်းကုန်ကျစရိတ်ကို ထက်ဝက်ခန့် လျှော့ချနိုင်ကြောင်း ဦးဇော်လင်းထွဋ်က ပြောသည်။
ယခု အောက်တိုဘာလနှင့် နိုဝင်ဘာလများ အတွင်း အဆိုပါ ဝန်ဆောင်မှုကို ပြည်တွင်းဘဏ် ၃ ခု ထပ်မံ တိုးချဲ့ လုပ်ဆောင်နိုင်ဟု ဆိုသော်လည်း ဘဏ်အမည်များကို ထုတ်ဖော် ပြောဆို၍ မရသေးကြောင်း MPU ကုမ္ပဏီက ဆို သည်။
ယခု ဝန်ဆောင်မှုသည် သုံးစွဲသူများအတွက် ATM စက်များမှ အခြားဘဏ် မတူညီသည့် ကတ်များသို့ လွှဲပြောင်းနိုင် မည် ဖြစ်ခြင်းကြောင့် ငွေလွှဲဝန်ဆောင်မှုကို၂၄ နာရီ အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေလွှဲခတွင်မူ ဘဏ်ခွဲများသို့ သွားရောက် လွှဲသည့် ငွေလွှဲဝန်ဆောင်ခနှင့် မကွာခြားနိုင်ကြောင်း ဧရာဝတီဘဏ် (AYA) ၏ လက်ထောက် အထွေထွေမန်နေဂျာ ဦးသူရမောင်က ပြောသည်။
၎င်းက“အခုက ပိုကောင်းလာတယ်ဆိုပေမယ့် ကတ်က လိုနေသေးတယ်။ ATM စက်ကို သွားရမယ်ပေါ့။ နောက်ပိုင်း ကျရင် ဘဏ်တွေကလည်း ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း (Mobile Banking) တွေ ပေါ်ကနေ ငွေလွှဲနိုင်မယ့် ကိစ္စတွေ လည်း ထပ်ဖြစ်လာဦးမယ်”ဟုလည်း ပြောဆိုသည်။
လက်ရှိတွင် ATM စက်များမှ ငွေထုတ်ခြင်း၊ ဘဏ်တူသည့် ကတ်အချင်းအချင်း ငွေလွှဲပြောင်းခြင်းနှင့် ကတ်မဲ့စနစ်ဖြင့် ငွေထုတ်ခြင်း အစရှိသည်တို့သာ အသုံးပြု၍ ရကြောင်း သိရသည်။
ကုမ္ပဏီဝန်ထမ်း တဦးဖြစ်သည့် မစုမြတ်က“ATM ကတ် အသုံးပြုသူတွေအနေနဲ့ သူ့ဘဏ်သူပဲ လွှဲလို့ ရနေတော့ သိပ်ပြီး တွင်တွင်ကျယ်ကျယ်မသုံးနိုင်ဘူး။ လစာငွေထုတ်၊ ငွေရှင်းတာလောက်ပဲ အသုံးပြုကြတာများတယ်။ ဘယ် ဘဏ်မဆို လွှဲလို့ရနိုင်ပြီ ဆိုရင်တော့ ငွေလွှဲဖို့အတွက် တကူးတက ဘဏ်မှာ သွားတန်းစီစောင့်ဆိုင်းရတဲ့ အချိန်တွေ အတွက် သက်သာသွားမယ် ”ဟု ပြောသည်။
ထို့ပြင် မိုဘိုင်းဘဏ် ဝန်ဆောင်မှုစနစ်များမှာလည်း ပုဂ္ဂလိက ဘဏ်အချင်းချင်း သော်လည်းကောင်း၊ ပုဂ္ဂလိကဘဏ် နှင့် အစိုးရဘဏ် သော်လည်းကောင်း ငွေလွှဲနိုင်မည့် စနစ်မျိုးအထိ လုပ်ဆောင်၍ ရလာနိုင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
လတ်တလော မြန်မာနိုင်ငံတဝန်း၌ MPU ကတ်သုံးစွဲသူပေါင်း ၉ ဒသမ ၅ သန်းကျော် အထိ ရှိနေပြီ ဖြစ်ကြောင်း MPU ကုမ္ပဏီက သိရသည်။
MPU သည် မြန်မာနိုင်ငံတွင် ငွေကြေးစနစ် ပိုမိုကောင်းမွန်စေရေး နှင့် ငွေစက္ကူ သုံးစွဲမှုလျှော့ချနိုင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းဘဏ် ၂၃ ခုဖြင့် ဖွဲ့စည်းထားပြီး အများပြည်သူသို့ ငွေပေးချေမှု ဆိုင်ရာ ဝန်ဆာင်မှုများ ဆောင်ရွက်နေသော အဖွဲ့အစည်း တခုဖြစ်သည်။
လက်ရှိအချိန်တွင် MPU အနေဖြင့် MPU Card အမျိုးအစား ၃ မျိုးဖြစ်သော MPU Credit ၊ Debit Card နှင့် Co-Brand Card များကို ဝန်ဆောင်မှုပေးလျက် ရှိသည်။