ရန်ကုန်မြို့တွင်းရှိ လမ်းမများပေါ် လက်ကမ်းကြော်ငြာ ဝေငှမှုများကြောင့် မြို့တော်၏ အင်္ဂါရပ်ကို ထိခိုက်စေသဖြင့် စည်းကမ်းမဲ့ ပြုလုပ်သူများကို အရေးယူ ဆောင်ရွက်သင့်ကြောင်း လွှတ်တော်၌ ဆွေးနွေးသည်။
ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် လက်ကမ်းကြော်ငြာများ ဝေရာ အများစုမှာ လမ်းများပေါ်သို့ ပစ်ချသွားသဖြင့် မြို့တော် အင်္ဂါရပ်နှင့် မညီကြောင်း၊ အခွန်အခလည်း မရရှိကြောင်း အလုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ယမန်နေ့က ကျင်းပသည် တိုင်းလွှတ်တော်၌ ဆွေးနွေးခြင်း ဖြစ်သည်။
ထို့သို့ ဝေငှနေမှုများ အပေါ်တွင် စည်းကမ်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိကို သိရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၎င်းက မေးမြန်း ဆွေးနွေးသည်။
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်းကမ်းမဲ့ ကြော်ငြာခြင်း၊ လက်ကမ်း စာစောင်များဝေငှခြင်း၊ နံရံများ၊ ဓာတ်တိုင် များတွင် စည်းကမ်းမဲ့ ကပ်ခြင်းများအား ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်များအလိုက် လိုက်လံဖြုတ်သိမ်း ရှင်းလင်းဆောင်ရွက်လျက် ရှိသော်လည်း တချို့မြို့နယ်များတွင် ဖြုတ်ပြီး မကြာမီ ပြန်လည် တပ်ဆင် ခြင်းများ ပြုလုပ်သဖြင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ (YCDC) က ပြောသည်။
လက်ကမ်းကြော်ငြာ ဝေခြင်းနှင့် ဓာတ်တိုင်များတွင် ကြော်ငြာများ ကပ်ခြင်းတို့သည် စည်းကမ်းမဲ့ ကြော်ငြာခြင်းများဖြစ် သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အရေးယူလျက် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက ပြောဆိုသည်။
၎င်းက“ရန်ကုန်မြို့တော်ရဲ့ ပြယုဂ်ကို ထိခိုက်စေတဲ့ လက်ကမ်းကြော်ငြာ စာစောင်ဝေငှခြင်း၊ နံရံကပ်ခြင်း အထူးသဖြင့် ဓာတ်တိုင်တွေမှာကပ်တဲ့ ကိစ္စမျိုးတွေက အရေးယူ ဆောင်ရွက်နေပေမယ့် တနေ့တခြား ပိုများလာပါတယ်။ တနည်း အားဖြင့် ဒီကြော်ငြာတွေက စည်းကမ်းမဲ့ ကြော်ငြာတွေ ဖြစ်ပါတယ်”ဟု ဆိုသည်။
ဆက်လက်ပြီး ဦးမောင်မောင်စိုးက“နောက်ဆုံး ညွှန်ကြားချက်အရတော့ YCDC အနေနဲ့ အဲဒါကို နည်းပါးသွားအောင် စည်းကမ်းမဲ့ ကြော်ငြာတွေကို မှတ်တမ်းမှတ်ရာ မှတ်ပြီးတော့ အဲဒီလိပ်စာနဲ့ တယ်လီဖုန်းနံပါတ်တွေကို ဆက်သွယ် ခေါ်ယူ ပြီးတော့ တည်ဆဲဥပဒေနဲ့အညီ လုပ်ငန်းလိုင်စင်တွေ မဆောင်ရင်လည်း ဆောင်ခိုင်းတယ်။ အခွန်တွေ ဆောင်ခိုင်းတယ်၊ အဲဒါကြောင့် တော်တော်ကို နည်းသွားပါပြီ”ဟုလည်း ပြောဆိုသည်။
ဒေါ်နွယ်နွယ်ဝင်းက“စည်ပင်သာယာရေး ဆိုင်ရာ အသိပညာပေး နှိုးဆော်ချက်များကို အများပြည်သူ သိရှိစေရန် အသိ ပညာ ပေးခြင်းများကို ယခုထက် ပိုမိုဆောင်ရွက် သင့်ကြောင်းနှင့် စည်းကမ်းမဲ့ ဆောင်ရွက်နေသူများအား ဥပဒေအရ အရေး ယူမှု ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်”ဟု လွှတ်တော်၌ ဆွေးနွေးတင်ပြသည်။
ရန်ကုန်မြို့နေပြည်သူများသို့ အရေးယူဆောင်ရွက်မည်ဆိုသည့် အသိပေး ပန်ကြားချက်ကိုလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်း နိုင်ငံပိုင် သတင်းစာနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ထုတ်ဝေသည့် မြို့တော် သတင်းစာ၌ ကြေညာချက် ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ကြောင်း YCDC မှ သိရသည်။
အသစ်ပြဋ္ဌာန်းထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ အခန်း ၂၉ တားမြစ်ချက်များမှ ပုဒ်မ ၃၂၃ (ည) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူသိရှိစေရန် အမှတ်အသား တပ်ဆင်ခြင်း၊ ရေးဆွဲခြင်း၊ ကြော်ငြာခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။
ထိုသို့ ပြုလုပ်ပါက ငွေဒဏ်ကျပ် ၅ သောင်းမှ ကျပ် ၃သိန်း အထိ ချမှတ်ရမည်ဟုလည်း ဥပဒေတွင် ပါရှိသည်။
You may also like these stories:
စည်ပင်ဥပဒေသစ်ကို ရန်ကုန်စည်ပင် အသက်သွင်းရမည်
စည်ပင်ဝန်ထမ်းများ အဂတိကင်းရန် အရေးကြီး ဟုဆို
YBS ကတ်စနစ် အတွက် ရည်ရွယ်၍ ဆိုင်ခန်းဆောက်ခြင်းဟု မြို့တော်ဝန်ပြော