သတင်း

“ဝ” တပ်ဖွဲ့နှင့် မူးယစ်ဂိုဏ်း ထပ်မံ ပစ်ခတ်မှုဖြစ်၊ သေဆုံး ၆ ဦးနှင့် ဆေးပြား ၃ သန်း ဖမ်းမိ

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တောင်ပိုင်း ၁၇၁ စစ်ဒေသ တပ်ဖွဲ့ဝင် များနှင့် မူးယစ်ဆေးဝါး ဂိုဏ်းတို့ အောက်တိုဘာ ၂ ရက်က ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က မူးယစ်ဂိုဏ်းအဖွဲ့နှင့် “ဝ”တပ်ဖွဲ့တို့ မိုင်းဆတ်ခရိုင်၊ ပုံပါကျင် မြို့နယ်၊ ဟွေအော် ဒေသ တွင် ပစ် ခတ်မှု ဖြစ်ပွားခဲ့ပြီး မူးယစ်ဂိုဏ်း အဖွဲ့ဝင် သေဆုံးသူ ၂ ဦးနှင့် အရှင် ၈ ဦးတို့အား မူးယစ်ဆေးပြား ၁ ဒဿမ ၈ သန်းနှင့်အတူ ဖမ်းမိခဲ့ပြီး ကျန်သူများက ထွက်ပြေး လွတ်မြောက်သွားပြီးနောက် ယခုကဲ့သို့ ထပ်မံပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

ယင်း ဒုတိယအကြိမ် ပစ်ခတ်မှုအတွင်း မူးယစ်ဂိုဏ်းဘက်မှ သေဆုံးသူ ၆ ဦး၊ အရှင် ဖမ်းမိသူ ၁ ဦး၊ မူးယစ်ဆေးပြား သုံး သန်းနှင့် M-16 သေနတ်တလက်နှင့် ကျည် ၄၀ တောင့်၊ ဗုံးသီး ၂ လုံး၊ တူမီးသေနတ် ၃ လက်၊ M-20 ပစ္စတို တလက် တို့ကိုလည်း ဖမ်းမိ ခဲ့ကြောင်း သိရသည်။

ဦးညီရမ်းက “ဒီလူတွေ ဘယ်အဖွဲ့အစည်းတွေလဲ ဆိုတာ စစ်ဆေးနေဆဲ ဖြစ်လို့ အသေးစိတ်ပြော လို့ မရသေးပါဘူး။ မိထား တာကတော့ မြန်မာ တိုင်းရင်းသား လူမျိုးတွေပါပဲ။ ပစ်ခတ်မှု ဖြစ်ပြီး ထွက်ပြေး လွတ်သွားသူတွေလည်း ရှိသေးတယ်။ ထပ်ပြီးလည်း ရှာနေပါတယ်” ဟု ပြောသည်။

“ဝ” တပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီးရမိသော မူးယစ်ဆေးနှင့် လက်နက်များ (ဓာတ်ပုံ-Nyi Rang/Facebook)

“ဝ”တပ်ဖွဲ့ အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေအတွင်းမှ မူးယစ်ဆေး သယ်မည့် သတင်းအား စက်တင်ဘာလ ၁၀ ရက် ကတည်းက ရရှိခဲ့ပြီးနောက် ဖမ်းဆီးနိုင်ရန် ကြိုတင် စောင့်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုထား သည်။

လက်ရှိတွင် ဖမ်းမိထားသူများအား “ဝ” တပ်ဖွဲ့ထိန်းချုပ် နေရာတွင်ပင် ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး မူးယစ်ဆေးဝါး တိုက် ဖျက်ရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးညီရမ်းက ပြောသည်။

ပုံပါကျင်မြို့နယ် ဟွေအော်ဒေသသည် UWSA ၏ တောင်ပိုင်းနယ်မြေ အဖြစ် သတ်မှတ်အုပ်ချုပ် နေသည့် ၁၇၁ စစ်ဒေသ ဖြစ်ပြီး ကီလိုမီတာ ၄၀၀ ခန့် ထိုင်းနိုင်ငံနှင့် နယ်မြေ ဆက်စပ်လျက် ရှိနေ သည့်အတွက် မူးယစ်ဆေးဝါး ဖြတ်ကျော် သယ် ဆောင်သူများအား အပြည့်အဝ ထိန်းချုပ် နိုင်ရန် ခက်ခဲကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ၂၅ ရက်ကလည်း မူးယစ်ဆေးများ သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသား ၁၃ ဦးပါ အဖွဲ့နှင့် “ဝ” တပ် ဖွဲ့တို့ ၁၇၁ စစ်ဒေသအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးနှင့် လက်နက်များ ဖမ်းမိခဲ့ကာ စက်တင်ဘာ ၃ ရက်တွင် ဖမ်းမိထားသည့် ထိုင်းနိုင်ငံသား ၁၃ ဦးအား မြန်မာအစိုးရထံ လွှဲပြောင်းခဲ့သည်။

“ဝ” တပ်ဖွဲ့မှ ထပ်မံ ဖမ်းဆီးရမိသော မူးယစ်ဆေးနှင့် လက်နက်များ (ဓာတ်ပုံ-Nyi Rang/Facebook)

ထို့ပြင် မိုင်းတုံ၊ မိုင်းဆတ်ခရိုင်နှင့် နယ်မြေထိစပ်နေသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲအိုင်မြို့နယ် အတွင်း သြ ဂုတ်လ ၂၆ ရက်က ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့နှင့် မူးယစ်မှောင်ခို အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အသေတဦးနှင့် မူးယစ်ဆေးပြား ၁၁.၅ သန်း ဖမ်းမိခဲ့ကြောင်း သိရသည်။

“ဝ”တောင်ပိုင်း ၁၇၁ စစ်ဒေသနှင့် နယ်မြေထိစပ်သည့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖမ်းမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ် သက်ပြီး ဝ တပ်ဖွဲ့၏ မူးယစ်ဆေးများ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာလေ့ ရှိသော်လည်း “ဝ” ဘက်က ငြင်းဆိုထားသည်။

ဆက်စပ်ဖတ်ရှု့ရန်

မူးယစ်ဆေးပြား ၁၈ သိန်း သယ်လာသူများကို “ဝ” တပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီး

Loading